www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 13, 2018

ကတ္တားတစ်ခုနှင့် တစ်ခုအချိန်အတွယ် မတူညီမှုအတွက် ပူးပေါင်းစစ်ဆေးရန်စီစဉ်



ရန်ကုန် ၁၃-၃-၂ဝ၁၈

ပြည်တွင်းကုန်စည် သယ်ယူ ပို့ဆောင်ရေးတွင် ကတ္တားတစ်ခုနှင့်တစ်ခု အချိန်အတွယ် မတူညီသော အခြေအနေများ တွေ့ကြုံနေမှု များအပေါ် မတ် ၁၅ ရက်မှစ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပူးပေါင်းစစ်ဆေး လုပ်ဆောင်ကာ ဖြေရှင်းဆောင်ရွက် ပေးရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးကိုကိုနိုင်ထံမှ သိရသည်။

''ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဓိကကတော့ ကတ္တားတစ်ခုနဲ့တစ်ခု အလေးချိန်ကွာဟ နေတဲ့အခြေအနေ ကိစ္စတွေ၊ ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေး အတွက် ဌာနဆိုင်ရာအနေနဲ့ ကူညီပံ့ပိုးပေးမယ့် အရာတွေ၊ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်။ အဲဒီလိုဆွေးနွေးတဲ့အခါ မတ် ၁၅ ရက်ကစပြီးတော့ ကတ္တားတွေကို စစ်ဆေးမယ်လို့ ပြောကြားခဲ့ပါတယ်'' ဟု ဦးကိုကိုနိုင်က ပြောသည်။

ထို့ပြင် ကုန်တင်ယာဉ်များကို ကတ္တားဖြင့် ချိန်တွယ်သည့်အခါ Load Cells ပေါ်ကျရောက်သည့် အကျိုးသက်ရောက်မှု ဖြစ်သော ယာဉ်၏ ရှေ့၊ လယ်၊ နောက် ရပ်တည်မှု နေရာပေါ်မူတည်၍ အလေးချိန် အနည်းငယ် ကွာဟခြင်းမျိုး ဖြစ်နိုင်သကဲ့သို့ ကတ္တားတစ်ခုနှင့် တစ်ခုကြားလမ်းတွင် ကုန်တင်ယာဉ်များ ဆီ၊ ရေဖြည့်တင်းခြင်း၊ လျော့နည်းခြင်း စသည့်အခြေအနေများ ပေါ်မူတည်၍လည်း ဖြစ်နိုင်ကြောင်း သိရသည်။

ထို့ပြင် ကတ္တား ချိန်တွယ်ရာတွင် ရှေ့ယာဉ်တစ်စီးက ကတ္တားပေါ်၌ တစ်စိတ်တစ်ဒေသ ရှိနေချိန် နောက်ယာဉ်တစ်စီး တက်ရောက်သည့်အခါ အလေးချိန်နှစ်ခုထပ်၍ အချိန်အတွယ်ကွာဟ စေနိုင်သကဲ့သို့ ကတ္တားများကိုပုံမှန်စစ်ဆေးခြင်း၊ သန့်ရှင်းရေး လုပ်ဆောင်ခြင်း များမရှိပါက ဘိလပ်မြေမှုန့်၊ ကျောက်မှုန့်၊ သဲမှုန့်များ ကတ္တားအောက်တွင် ထောက်နေပါ Load Cells များ အလုပ်လုပ်နိုင်ခြင်းမရှိဘဲ အလေးချိန်ကွာဟမှုများ ရှိနိုင်ခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ကတ္တားပေါ် အတက်အဆင်းပြုလုပ်မှု ပေါ်မူတည်၍ လည်းကွာဟနိုင်ကြောင်း၊ ကတ္တားတစ်ခုတွင် Load Cells ရှစ်ခု သို့မဟုတ် ခြောက်ခုရှိသည့်အနက် Load Cells တစ်ခုခု အချိန်ကြာမြင့် သည်နှင့်အမျှ အားနည်းမှုဖြစ်ပေါ်ကာ အလေးချိန်ကွာဟနိုင်ခြင်း၊ Load Cells များ၊ Junction Box များ သက်တမ်းကြာမြင့်ပါက Indicator သို့ Data ပို့ဆောင်မှုအားနည်းကာ အလေးချိန်ကွာဟခြင်း စသည့်အခြေအနေ များလည်းဖြစ်နိုင်သည့်အတွက် လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger