www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 7, 2018

ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ဗြိတိန်လွှတ်တော် အမတ်များ၏ လှုပ်ရှားဆောင်ရွက်မှုနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာကောင်စီ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သော မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

































နေပြည်တော် ၇-၃-၂ဝ၁၈

၁။ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများပါဝင်သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ကောင်စီအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးမှ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်(Conclusion) အနေဖြင့် ဘင်္ဂါလီဒုက္ခသည်များအား ဆက်လက်အကူ အညီပေးရေး၊ မီဒီယာများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ Fact- Finding Mission အား လွတ်လပ်ခွင့်ပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်း သူနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC)၏ အခွင့်အာဏာဖြင့် ဆုံးဖြတ်ဆောင်ရွက်မှုကိုလက်ခံနိုင်ရေး၊ မြန်မာနိုင်ငံနှင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အနိမ့်ဆုံးသို့ လျှော့ချသွားရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တာဝန်ရှိသော မြန်မာ့တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများအားဦးတည်၍ ကန့်သတ်ပိတ်ဆို့မှုများပြုလုပ်ရန်အဆိုပြုလွှာ အမြန်ဆုံးတင်သွင်းရေး ဆုံးဖြတ် ခဲ့ကြောင်းတွေ့ရှိရသည်။

၂။ထိုကဲ့သို့ ဥရောပသမဂ္ဂနိုင်ငံခြားရေးကောင်စီအစည်းအဝေး၌ ၎င်းဆုံးဖြတ်ချက်မျိုး ထွက်လာစေရန်အတွက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့ရက်စွဲဖြင့် ဗြိတိန်အောက် လွှတ်တော်အမတ် Rushanara Ali ဦးဆောင်၍ အောက်လွှတ်တော်အမတ် ၁၀၂ ဦးတို့က မြန်မာ့တပ်မတော်ခေါင်းဆောင်များအား ရခိုင်ပြည်နယ်၊ ဘင်္ဂါလီပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ ထပ်မံဖိအားပေး၊ နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC)သို့လွှဲပြောင်းပေးရန် တိုက်တွန်းကြောင်း စာတစ်စောင်အားဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ထံသို့ပေးပို့ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးကောင်စီ အစည်း အဝေး၌ ထည့်သွင်းဆွေးနွေးရန် တောင်းဆိုခဲ့သည်။

၃။ယင်းစာထဲ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် မြန်မာစစ်ဘက်က ရိုဟင်ဂျာ အရပ်သားများအား ထိုးစစ်ဆင်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၆၈၈,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း၊ ထိုကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာသော ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ရှိသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်းမှ အပတ်စဉ် ရိုဟင်ဂျာထောင်ပေါင်းများစွာ ထွက်ပြေးနေကြဆဲဖြစ်ကြောင်း၊ ရိုဟင်ဂျာတို့၏ပိုင်ဆိုင်မှုများဖျက်ဆီးခံရခြင်း၊ အကြမ်းဖက် ခြိမ်းခြောက်ခံရခြင်း၊ ၎င်းတို့နေအိမ်များတွင် နေထိုင်၍မရအောင်ဖိနှိပ်ခြင်း စသည့်သတင်းများ ထွက်ပေါ်နေကြောင်း စွပ်စွဲဖော်ပြထားသည်။ ထို့အပြင် ၂၀၁၇ ခုနှစ်က တစ်လအတွင်း ကလေးသူငယ် ၇၃၀ အပါအဝင် ရိုဟင်ဂျာ ၇၀၀၀ နီးပါး သတ်ဖြတ်ခံရကြောင်း Medecins Sans Frontieres အဖွဲ့က ဖော်ပြသည့်အပြင် ၎င်းတို့ခန့်မှန်းသည်ထက်ပင် အရေအတွက် ပိုမိုများပြားနိုင်ကြောင်း၊ စစ်ဘက်နှင့်လုံခြုံရေးတပ်ဖွဲ့များ၊ စစ်ဘက်က ထောက်ကူပေးသောလူအုပ်များနှင့် ပြည်သူ့စစ်များက ရိုဟင်ဂျာအမျိုးသမီး ထောင်ပေါင်း များစွာအား အဓမ္မပြုကျင့်ခဲ့ကြောင်းလည်း စွပ်စွဲဖော်ပြထားသည်။

၎။တပ်မတော်ကို ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် မြန်မာအစိုးရသည် ရိုဟင်ဂျာ ဒုက္ခသည်များ ဘေးကင်းစွာပြန်လာရေးအတွက် အာမခံချက်ပေးရန် နည်းလမ်းမရှိနိုင်ကြောင်း၊ အစိုးရသက်တမ်း ၂ နှစ်နီးပါးကြာမြင့်ပြီဖြစ်သော်လည်း ကော်မတီများစွာ ဖွဲ့စည်းနေခြင်း မှတစ်ပါး မြန်မာနိုင်ငံရှိရိုဟင်ဂျာများ၏ အရပ်ဘက်လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုတိုးတက်အောင် လက်တွေ့ဆောင်ရွက် ပေးနိုင်ခြင်းမရှိဟုလည်း စွပ်စွဲ ထားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် နိုင်ငံအတွင်း တိုင်းရင်းသား အုပ်စုများနှင့်ပဋိပက္ခကိုကြီးထွားအောင်သာ စိတ်လိုက်မာန်ပါဆောင်ရွက်နေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ခြိမ်းခြောက်နှောင့်ယှက်နေကြောင်း၊ ယင်းပဋိပက္ခများတွင် အရပ်သားများ သေကျေဒဏ်ရာရ စေအောင် နှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျက်တိုက်လေယာဉ်များ အသုံးပြုမှုကိုတိုးမြှင့် လုပ်ဆောင်နေကြောင်း၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရ၏ ပြုပြင်ပြောင်း လဲရေးအဆိုပြုချက်များကို စစ်ဘက်ကခန့်အပ်သော ဝန်ကြီးဌာနများက ဆိုးရွားစွာနှောင့်ယှက်ဖျက် ဆီးနေ ကြောင်း ဟုလည်း ရေးသားဖော်ပြထားပါသည်။

၅။ထိုစာတွင်ရိုဟင်ဂျာ(Rohingya)ဆိုသော မြန်မာပြည်သူလူထုအားလုံးက လက်မခံသည့်အသုံးအနှုန်းအား တောက်လျှောက်သုံးနှုန်းထားသည်။ ၎င်းကဲ့သို့ စွပ်စွဲချက်များသည် ရခိုင်ပဋိပက္ခစတင်ချိန်ကပင် အစဉ်တစိုက် စွပ်စွဲလာသည့် စွပ်စွဲချက်များဖြစ်ပါသည်။ စွပ်စွဲချက်တစ်ခုချင်းအလိုက် မဟုတ်မမှန်ကြောင်းကိုလည်း နိုင်ငံတော်အစိုးရ၏ရခိုင်ပဋိပက္ခနှင့် သက်ဆိုင်သောသတင်းစာရှင်းလင်းပွဲ၊ ထုတ်ပြန်ချက် တို့၌ ဖော်ပြထားပြီး ဖြစ်သည့်အပြင်ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်များအား တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၁၀ ကြိမ် ထုတ်ပြန်ခဲ့ပါသည်။

၆။စင်စစ် ရခိုင်ပြည်နယ်၊ဘူးသီးတောင်-မောင်တောဒေသ၌ ၂၀၁၀ပြည့်နှစ်၊ မြန်မာ့ဒီမိုကရေစီအသွင်ကူး ပြောင်းပြီးကာလနောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ၂၀၁၂ခုနှစ် ပဋိပက္ခ၊ ၂၀၁၆-၂၀၁၇ ပဋိပက္ခများသည် ဒေသခံတိုင်းရင်းသားများကသော်လည်းကောင်း၊ တပ်မတော်အပါအဝင် လုံခြုံရေးအဖွဲ့အစည်းများက သော်လည်း ကောင်း အစပျိုးခဲ့သော ပဋိပက္ခများမဟုတ်ဘဲ ၎င်းနယ်မြေအတွင်း ခေတ်အဆက်ဆက် တရားမဝင် ဝင်ရောက် နေထိုင်ခဲ့သော ဘင်္ဂါလီတို့က အစပျိုးလုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် ဖြစ်စဉ်သည် ရခိုင်တိုင်းရင်းသူတစ်ဦးကို ဘင်္ဂါလီများက အဓမ္မပြုကျင့်ရာမှအစပျိုး ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်ဖြစ်စဉ်သည် ဘင်္ဂါလီလက်နက်ကိုင်အကြမ်းဖက် အဖွဲ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ရဲကင်း စခန်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အင်အားသုံးဝင်ရောက်တိုက်ခိုက်ခြင်းမှ အစပျိုးခဲ့ခြင်းဖြစ်သည်။ ပဋိပက္ခ ဖြစ်ပွားစဉ်ကာလအတွင်း၌ တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သား ၉ ဦး၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၂၁ ဦး၊ စုစုပေါင်း ၃၀ ဦး၊ ဒေသခံတိုင်းရင်းသား ၂၁ ဦး၊ ဟိန္ဒူဘာသာဝင် ၅၂ ဦး၊ အစ္စလာမ်ဘာသာဝင် ၅၁ ဦး၊ စုစုပေါင်း ၁၂၄ ဦး အသက် ဆုံးရှုံးရမှု၊ ဒေသခံတိုင်းရင်းသားများအပါအဝင် ၎င်းဒေသရှိ ဟိန္ဒူဘာသာဝင်များ နေရပ်စွန့်ခွာထွက်ပြေးသဖြင့် အိုးမဲ့၊ အိမ်မဲ့ဖြစ်မှုများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့မှ သတင်းထုတ်ပြန်ခဲ့ပါသည်။ ဤကဲ့သို့အကြမ်းဖက်လုပ်ရပ်များအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ဖြစ်သော ARSA အဖွဲ့မှ လုပ်ကိုင်ခြင်းဖြစ်ကြောင်း ၎င်းတို့ ကိုယ်တိုင်ဝန်ခံခဲ့ပြီးဖြစ်ပါသည်။ ARSA အဖွဲ့အနေဖြင့် ဘူးသီးတောင်-မောင်တော ဒေသရှိ ၎င်းတို့နှင့်မျိုးနွယ်တူ၊ ဘာသာတူများကို အကြမ်းဖက်သတ်ဖြတ်ခဲ့ကြောင်းကိုလည်း တွေ့ရသည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့်လည်း နိုင်ငံတကာသံတမန်များ၊ ပြည်တွင်းသတင်းထောက်များ၊ နိုင်ငံတကာသတင်းထောက်များအား ဖြစ်စဉ်မှန်များ သိရှိစုံစမ်းနိုင်စေရေး ပဋိပက္ခဖြစ်ပွားရာဒေသများသို့ သတင်းရယူရေးခရီးစဉ်များ စီစဉ်စေလွှတ်ခဲ့ပါသည်။ သို့သော် ဤစာတွင်မူ အကြမ်းဖက်ဘင်္ဂါလီများ၏ အကြမ်းဖက် လုပ်ရပ်များအား မျက်ကွယ်ပြု၍ လုံးဝထည့်သွင်းဖော်ပြခြင်းမရှိဘဲ တရားဥပဒေနှင့် အညီဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကိုသာ တစ်ဖက်သတ် စွပ်စွဲထားသည်ကို တွေ့ရသည်။၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင်စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အင်အား ၄၀၀၀ ခန့်က ကြိုတင်စီစဉ်ပြင်ဆင်၍ အင်အားသုံးအကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်းဖြစ်စဉ်၏ နောက်ကွယ်၌ လွန်စွာရှုပ်ထွေးသည့် အခြေအနေများ၊ သမိုင်းနောက်ခံအကြောင်းအရာ အချက်အလက်များစွာရှိသည်ကို ဦးစွာလေ့လာသိရှိရန်လိုအပ်ပါသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ၏ နောက်ခံသမိုင်းနှင့်ပတ်သက်၍ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲအပြီးတွင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားနယ်မှဘင်္ဂါလီများအား ရခိုင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများစေခိုင်းရန် ဗြိတိသျှကိုလိုနီအစိုးရက ခွင့်ပြုခေါ်ယူ ခဲ့ရာမှအခြေချနေထိုင်ခဲ့ပြီး လူဦးရေတိုးပွားလာခြင်း၊ ၎င်းဘင်္ဂါလီများက ဒေသခံတိုင်းရင်းသား များကို ၎င်းတို့နေရင်းဒေသမှ ထွက်ခွာသွားစေရန် တိုက်ခိုက်မောင်းထုတ်၍ ဘင်္ဂါလီ နယ်မြေဖြစ်အောင် ကြိုးစားလုပ်ဆောင်လာခြင်းကြောင့် ရခိုင်-ဘင်္ဂါလီပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ခြင်း၊ ၁၉၄၂ ခုနှစ်တွင်ဖြစ်ပွား ခဲ့သည့် အလယ်သံကျော်အရေးအခင်းတွင် ရခိုင်တိုင်းရင်းသားကျေးရွာပေါင်း ၁၅၂ ရွာ ပျက်စီးပြီး ရခိုင်တိုင်းရင်းသားတစ်သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးရပြီး ၂၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရခြင်း၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မူဂျာဟစ်လက်နက်ကိုင်သောင်းကျန်းသူများနှင့် ရိုဟင်ဂျာအမျိုးသား လွတ်မြောက်ရေးပါတီတို့ စတင်ပေါ်ပေါက်ခဲ့ပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နယ်မြေများအား အာကစ္စတန်(Arkistan)နိုင်ငံ၊ ရိုဟင်ဂျာပြည်နယ်စသည်ဖြင့် ထူထောင်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်း၊ ကမ္ဘာ့မည်သည့်နိုင်ငံတွင်မဆို နိုင်ငံသားဖြစ်မှုအတွက် ကွဲပြား ခြားနားသောဥပဒေပြဋ္ဌာန်းချက်၊ အရည်အချင်းသတ်မှတ်ချက်များရှိပြီး ၎င်းပြဋ္ဌာန်းချက် များနှင့်အညီ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များကို ပြီးပြတ်အောင်ဆောင်ရွက်ပြီးမှသာ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို နိုင်ငံသားအဖြစ်ပေးအပ်နိုင်မည်ဖြစ်၍ ဘင်္ဂါလီများအား နိုင်ငံသားစိစစ်မှုလက်ခံရန် အကြိမ်ကြိမ်တိုက်တွန်းပြောကြားခဲ့သော်လည်း ယခုအချိန်ထိ စိစစ်မှုလက်မခံခြင်း၊ ဘူးသီးတောင်-မောင်တောဒေသအား၎င်းတို့၏ စည်းရုံးရေးနယ်မြေမှ အခြေခံနယ်မြေ၊ အမာခံနယ်မြေ၊ လွတ်မြောက်ရေးနယ်မြေအဖြစ်တည်ထောင်ရန် အကြမ်းဖက် လုပ်ရပ်များအပါအဝင် နည်းမျိုး စုံဖြင့် ကြိုးပမ်းလုပ်ဆောင်လာခြင်းတို့သည် ထိန်းချုပ် ဖုံးကွယ်၍ မရသော သမိုင်းဖြစ်ရပ်မှန်များဖြစ်သည်။

၇။၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် နယ်ခြားတပ်ဖွဲ့ဌာနချုပ်နှင့် ရဲကင်းစခန်း ၃ ခုအား အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက အင်အားသုံး၍ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ ဝင် ၁၀ ဦးကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ လက်နက် ၆၈ လက်နှင့်ခဲယမ်းများဆုံးရှုံးခဲ့သည်။ ဖြစ်စဉ်ကာလ အတွင်း ဒေသခံပြည်သူ ၇၉ ဦး သတ်ဖြတ် ခဲ့ရပြီး ၃၇ ဦး ပျောက်ဆုံးခဲ့ရပါသည်။
၈။၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ARSA အဖွဲ့မှဦးဆောင်သည့် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် တပ်ဌာနချုပ်တစ်ခုနှင့် ရဲစခန်း ၃၀ အပါအဝင် ကျေးရွာပေါင်း ၃၇ ရွာ တို့၌ နေရာ တစ်ခုလျှင် ဘင်္ဂါလီအင်အား ၅၀၀ ဦးမှ ၇၀၀ ဦးအကြား အနည်းဆုံးပါဝင်၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ ဓား၊ လှံ၊ လက်နက်၊ လက်လုပ်မိုင်းများဖြင့် အင်အားသုံး၍ ဝိုင်းဝန်းတိုက်ခိုက်ခြင်း များအား ကြိုတင်စီစဉ်၍ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လုပ်ဆောင်ခဲ့ပါသည်၊၊ ၎င်းနေ့တစ်ရက်တည်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ် ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှဝန်ထမ်း ၁ ဦး၊ ပေါင်း ၁၂ ဦး ကျဆုံးခဲ့ပြီး အချို့ထိခိုက်ဒဏ်ရာရရှိကာ ရဲကင်းစခန်းများမှ လက်နက်ငယ် ၆ လက် ဘင်္ဂါလီအကြမ်းဖက်များထံ ပါရှိသွားခဲ့ ပါသည်။

၉။၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိ၊ မရှိအား စစ်ဆေးသုံးသပ်အကြံပြုတင်ပြနိုင်ရန်အတွက် ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်အား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးစီးသည့် အဖွဲ့ဝင် ၁၂ ဦးဖြင့်လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းထွန်း ဦးစီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့်လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ဆောင်ရွက်ခဲ့မှုများသည် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း(ROE)နှင့်အညီ ဆောင်ရွက်မှု ရှိ/မရှိ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ညွှန်ကြားချက်များ အတိုင်းလိုက်နာမှုရှိ/ မရှိနှင့် ဥပဒေနှင့်ညီ/ မညီစုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ တပ်မတော်စုံစမ်း စစ်ဆေးရေးအဖွဲ့က ဖော်ထုတ်တွေ့ရှိခဲ့သည့်ဖြစ်စဉ် ၃ ခုနှင့်ပတ်သက်၍လည်း တရား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ဖြစ်စဉ်နှင့် ပတ်သက်၍လည်း တပ်မတော်သားများအနေဖြင့် ပေးအပ်သည့်တာဝန်များကို ဥပဒေနှင့် အညီဆောင်ရွက်ခြင်းရှိ/ မရှိ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ အင်းဒင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍လည်း ကွင်းဆင်း စစ်ဆေးခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

၁၀။တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးရာ၌ ပြင်ပသက်သေများ အဖြစ် ဘူးသီးတောင်-မောင်တောဒေသရှိ တိုင်းရင်းသားကျေးရွာ ၂ ရွာမှ တိုင်းရင်းသား ၁၉၅ ဦး၊ ဟိန္ဒူကျေးရွာ ၂ ရွာမှ ဟိန္ဒူရွာသူ၊ ရွာသား ၂၀၅ ဦးနှင့် ဘင်္ဂါလီကျေးရွာ ၅၄ ရွာမှ ရွာသူ၊ ရွာသား ၂၈၁၇ ဦး စုစုပေါင်း ၃၂၁၇ ဦးအား တွေ့ဆုံမေးမြန်းခဲ့ပြီး အသိသက်သေ စုစုပေါင်း ၈၀၄ ဦးတို့၏ သက်သေထွက်ဆိုချက်များကို ရယူနိုင်ခဲ့ပါသည်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောပဋိပက္ခဖြစ်စဉ်၌ တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ခိုင်မာသည့် သက်သေများအပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်ချက်များအရ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လုံခြုံရေးစခန်းများသို့ အကြမ်းဖက်တိုက်ခိုက်ခဲ့သော အကြမ်းဖက် ဘင်္ဂါလီအင်အားမှာ မူလက ၄၀၀၀ ဦးခန့် ခန့်မှန်းခဲ့သော်လည်း စိစစ်ဖော်ထုတ်ချက်များအရ အနည်းဆုံးအင်အား ၁၀၀၀၀ ကျော်မှ အများဆုံး ၂၀၀၀၀ ကျော်အထိရှိကြောင်း တွေ့ရှိရပါ သည်။ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်ခေါင်းဆောင် အာဘာအူလ္လာသည် ကျေးရွာအုပ်စု၊ ကျေးရွာအလိုက် အကြမ်းဖက်ခေါင်း ဆောင်များကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း၊ ခေါင်းဆောင်အမည်၊ ကျေးရွာ အုပ်စု၊ ကျေးရွာအလိုက် ဖော်ထုတ်ရရှိခဲ့ပါသည်။ ၎င်းခေါင်းဆောင်များမှတစ်ဆင့် ကျေးရွာအလိုက် မော်လဝီဆရာများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုအခြေခံပြီး အကြမ်းဖက်အဖွဲ့များ ကျယ်ပြန့်စွာဖွဲ့စည်းခဲ့ကြောင်း၊ အစိုးရဌာနဆိုင်ရာ များနှင့်နီးစပ်သူများ၊ ၎င်းတို့၏ သြဇာမခံသူများ၊ အကြမ်းဖက်အဖွဲ့သို့ မဝင်ရောက်လိုသူများ၊ အကြမ်းဖက် သင်တန်း မတက်ရောက်လိုသူများကို ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခြင်းများဆောင်ရွက်ခဲ့ သည့်အပြင် ကျေးရွာရှိဘင်္ဂါလီရွာသားများအား ကိုရမ်ကျမ်းကိုင်၍ ကျမ်းကျိန်ကာ အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်စေသဖြင့် ဘင်္ဂါလီကျေးရွာတိုင်းရှိ ရွာသူ၊ရွာသား အများစုမှာ အကြမ်းဖက်သမားများအဖြစ် အဓမ္မသွတ်သွင်းခံရကြောင်း စစ်ဆေး ဖော်ထုတ်တွေ့ရှိရပါသည်။

၁၁။တွေ့ဆုံမေးမြန်းခဲ့သည့် ဘင်္ဂါလီကျေးရွာ ၅၄ ရွာမှ ရွာသူ၊ ရွာသား ၂၈၁၇ ဦးနှင့် သက်သေ ထွက်ဆိုချက်ရယူခဲ့သည့် ဘင်္ဂါလီကျေးရွာ ၁၀၅ ရွာမှ ရွာသူ၊ ရွာသား ၃၆၂ ဦး တို့၏ ထွက်ဆိုချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ရွာသူ၊ ရွာသားများအား ဥပဒေမဲ့ပစ်ခတ်သတ်ဖြတ်ခြင်း၊ အမျိုးသမီး များအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် မုဒိမ်းမှုများကျူးလွန်ခဲ့ခြင်းမရှိကြောင်း၊ ဥပဒေမဲ့ဖမ်းဆီး ထိန်းသိမ်းခြင်း၊ ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းများ၊ မီးရှို့ဖျက်ဆီးခြင်းများမရှိကြောင်း ဖော်ထုတ်စစ်ဆေး တွေ့ရှိရပါသည်။ ပဋိပက္ခဖြစ်ပွားရာဒေသရှိဘင်္ဂါလီရွာသူ၊ ရွာသားများ၏သက်သေထွက်ဆိုချက်အရ အကြမ်းဖက်တိုက်ခိုက်ရာတွင် အကြမ်းဖက်ခေါင်းဆောင်အဆင့်ဆင့်မှ ကြိုတင်စီမံ၍ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းတိုက်ခိုက်ရန်အမိန့်ပေးခဲ့ပြီး ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား အမာခံများနှင့် ရွာသူ၊ ရွာသား၊ ကလေးများအပါအဝင် အများအပြား ပါဝင်တိုက်ခိုက်ခဲ့သော်လည်း တိုက်ခိုက်ပြီးချိန်တွင် အောင်မြင်မှုမရှိသဖြင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက နေအိမ်များကိုမီးရှို့၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးစွာ ထွက်ပြေးကြောင်း၊ ကျန်ရွာသားများကိုလည်း ထိုကဲ့သို့ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးရန် ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ စည်းရုံးခြင်းစသည့် နည်းလမ်းပေါင်းစုံသုံး၍ ပြုလုပ်ခဲ့သဖြင့် အများအပြားထွက်ပြေးခဲ့ရကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိရသည်။

၁၂။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက်တွင် ဟိန္ဒူဘာသာဝင်များ နေထိုင်သော ရဲဘောက်ကျကျေးရွာမှ ရွာသူ၊ ရွာသား ၅၂ ဦး၊ ခမောင်းဆိပ်(တောင်)ရွာမှ ၅၃ ဦးတို့အား အကြမ်းဖက်ဘင်္ဂါလီများက ဖမ်းဆီးခဲ့ပြီး နေအိမ်များရှိပစ္စည်းများလုယက်ခြင်း၊ ဘုရားစင်နှင့်ရုပ်ပွားတော်များကို ရိုက်ချိုးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် များကို မီးရှို့ခြင်း ပြုလုပ်ခဲ့ကြောင်း၊ ရဲဘောက်ကျရွာမှ ဟိန္ဒူဘာသာဝင် အမျိုးသမီးငယ်တစ်ဦးနှင့် ခမောင်းဆိပ် (တောင်)ရွာမှ အမျိုးသမီး ၈ ဦးတို့ကို မသတ်ဘဲ ၎င်းတို့၏ရှေ့တွင်ပင် ကျန်ရွာသူ၊ ရွာသားများဖြစ်သောရဲဘောက်ကျကျေးရွာမှ ၄၅ ဦးကို လူမဆန်စွာ နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက်၍ ကျင်းဘေးတွင် ပက်လက် လှန်ထားပြီး လည်လှီး၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ပါသည်။ ဖမ်းဆီးခံရသူဟိန္ဒူဘာသာဝင် ၁၀၅ ဦး အနက် ၆၀ ဦးမှာ ယနေ့တိုင်ပျောက်ဆုံးဆဲဖြစ်ပြီး ကျန်ရစ်သူဟိန္ဒူဘာသာဝင် အမျိုးသမီးများကို အစ္စလာမ် ဘာသာသို့ အတင်းအကျပ်ကူးပြောင်းခိုင်းပြီး ဘင်္ဂါလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ ထို့အပြင် မောင်တော မြို့နယ်၊ ဘဒကားကျေးရွာအုပ်စု၊ ခုံတိုင်ရွာမှ မြို တိုင်းရင်းသား ၇ ဦးကို သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် သမားများက လူအုပ်ဖြင့် ဝိုင်းဝန်းတိုက်ခိုက်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများသည် ၎င်းတို့အား ကြောက်ရွံ့ပြီး သြဇာတည်ဆောက်ရန် ရည်ရွယ်၍ ရက်စက်စွာ လည်လှီးသတ်ဖြတ်ခဲ့သည့် တိုင်းရင်းသား/ဟိန္ဒူ/ဘင်္ဂါလီ စုစုပေါင်း ၁၃၁ ဦးရှိကြောင်း ဖော်ထုတ်တွေ့ ရှိရပါသည်။ ထိုကဲ့သို့ ဘူးသီးတောင်-မောင်တောဒေသရှိ တိုင်းရင်းသားလူနည်းစုအပေါ် အနိုင်ကျင့်၍ ရက်စက်စွာ သတ်ဖြတ်ပြီး လူမျိုးတုံးသတ်ဖြတ်ခြင်း(Genocide)နှင့် လူမျိုးတုံးသန့်စင်ခြင်း ( Ethnic Cleansing)အား ARSA ဦးဆောင်သော အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား များက ပြုလုပ်ခဲ့သော်လည်း တစ်ဖက်နိုင်ငံဒုက္ခသည်စခန်းတွင်နေထိုင်စဉ် နိုင်ငံတကာမှ သံတမန်များ၊ သတင်းမီဒီယာ သမားများလာ ရောက်ပါက ၎င်းတို့မှ ကြိုတင်ပြင်ဆင် သင်ကြားထားသည့်အတိုင်း မြန်မာ့တပ်မတော်မှ လူမျိုးတုံးသတ် ဖြတ်ခြင်းနှင့် လူမျိုးတုံး သန့်စင်ခြင်းများ ပြုလုပ်နေသယောင် စွပ်စွဲပြောဆိုနိုင်ရန် လုပ်ကြံဖန်တီးခဲ့ခြင်းပြုလုပ် ခဲ့ကြောင်း တွေ့ရှိရပါသည်။

၁၃။တပ်မတော်အနေဖြင့် ရခိုင်ပဋိပက္ခအတွင်း တည်ဆဲစစ်ဘက်/နယ်ဘက် ဥပဒေများနှင့်အညီသာ ဆောင်ရွက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြစ်မှုကျူးလွန်ခဲ့ခြင်းရှိ၊ မရှိ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ လက်တွေ့ကျကျကွင်းဆင်းစစ်ဆေးကာ စစ်ဆေးတွေ့ရှိချက်များအား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာရုံမက ပြစ်မှုကျူးလွန်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တည်ဆဲတရား ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပါသည်။ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် ပတ်သက်၍အဓိက တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ရသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအားလည်း ဖြစ်ပွားခဲ့သည့် အခြေအနေများ နှင့်ပတ်သက်၍ ၎င်း၏ လုပ်ဆောင်ချက်များတွင် အားနည်းချက်များရှိနေသဖြင့် တာဝန်ဆက်လက်ထမ်း ဆောင်ခွင့်ကိုရပ်နားခဲ့ပါသည်။ ပြစ်မှုကျူးလွန်ခဲ့သည့် အရာရှိ၊ စစ်သည် ၇ ဦး၊ ရဲတပ်ဖွဲ့ဝင်၃ ဦးတို့အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူအပြစ်ပေးခဲ့ကာ အမှုတွင်ပါဝင်သော အရပ်သားများအားလည်း သက်ဆိုင် ရာတရားရုံးများ၌ တရားစွဲဆိုအရေးယူအပြစ်ပေးခဲ့ပါသည်။ ဘင်္ဂါလီများကိုလည်း တည်ဆဲတရားဥပဒေများ နှင့်အညီသာ အရေးယူဆောင်ရွက်လျက် ရှိပါသည်။ ၎င်းကဲ့သို့ ဆောင်ရွက်နေသည့်ကြားမှ တပ်မတော်၏ မူဝါဒမဟုတ်သော တစ်ဦးချင်း၏လုပ်ကိုင်ဆောင်ရွက်မှု အမှားများအားပုံကြီးချဲ့ကာ တပ်မတော်တစ်ရပ်လုံး ကျူးလွန်နေသယောင် စွပ်စွဲထားသည်ကိုလည်း တွေ့ရသည်။

၁၄။တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအား ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရထံ တင်ပြ၍သာ စနစ်တကျဆောင်ရွက်လျက်ရှိပါသည်။ ရခိုင်ပဋိပက္ခ တွင်လည်း စစ်ဆင်ရေး၊ လုံခြုံရေး ဆောင်ရွက်မှုအား အစိုးရ၏ညွှန်ကြားချက်နှင့်အညီ စစ်ဆင်ရေးမှသည် လုံခြုံရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေး အခြေအနေသို့ လျှော့ချ ပြောင်းလဲဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောပဋိပက္ခနှင့်ပတ်သက်၍ တစ်ဖက်နိုင်ငံသို့ရှောင်တိမ်းသွားသော ဘင်္ဂါလီများအား ဥပဒေနှင့်အညီ ပြန်လည်လက်ခံရန်နှင့် နိုင်ငံသားစိစစ်ခံရန် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ စင်စစ်ထွက်ပြေးဘင်္ဂါလီများသည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့နောက်ပိုင်း ၎င်းဒေသ၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိတော့သည့်အချိန်မှသာ တစ်ဖက်နိုင်ငံသို့ထွက်ခွာကြခြင်းဖြစ်ပြီး ၎င်းတို့ အများစုသည် အစွန်းရောက်အကြမ်းဖက်ဘင်္ဂါလီအုပ်စု(ARSA)နှင့် ဆက်စပ်မှုရှိနေသူ များဖြစ်၍ တရားဥပဒေနှင့်အညီစုံစမ်းစစ်ဆေးခြင်း၊ အရေးယူခြင်းပြုလုပ်ခံရမည်ကို စိုးရိမ်ခြင်း၊ အကြမ်းဖက်သမားများ၏ တစ်ဖက်နိုင်ငံသို့ထွက်ပြေးရန် ဖိအားပေး လှုံ့ဆော်ချက်များ တတိယနိုင်ငံသို့ သွားရောက်ခွင့်ရရှိမည်ဟူသော မက်လုံးပေးမှုများ ကြောင့် ထွက်ပြေးကြသူများသာဖြစ်ပါသည်။ ၎င်းအပြင် ပြစ်မှုကျူးလွန်သူ ၁ ဦး၏ မိသားစုဝင်များသည် ၂၀၁၆ ခုနှစ်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ တောင်းယူထား သောစာရင်းအရ မိသားစုတစ်စုလျှင် မိသားစုဝင် ၂၀ ဦးမှ ၃၀ ဦးအထိ ပျမ်းမျှရှိကြသဖြင့် အကြမ်းဖက်တိုက်ခိုက်သူ ၁၀၀၀၀ ရှိလျှင်ပင် မိသားစုဝင် ၂၀၀,၀၀၀ ခန့်နှင့် မိသားစု ၁ စုချင်းအလိုက် ဆွေမျိုးအသိုင်းအဝိုင်းများပါ ပတ်သက်ဆက်စပ်လျက် ထွက်ပြေးကြသူများ ဖြစ်နိုင်ပါသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အသက်ကိုပင် စွန့်လွှတ်ရန် သစ္စာအဓိဌာန် ၄ ချက်ကို ဦးထိပ်ရွက်ထားကြရသူများ၊ နိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ နိုင်ငံတကာဥပဒေများ၊ တပ်မတော်အက်ဥပဒေများကို လိုက်နာကြရသည့် ဥပဒေဘက်တော်သားများသာ ဖြစ်ပါသည်။ “ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ-၃၃၈ နှင့် ၃၄၁’’ ပါအတိုင်း“ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။’’ “နိုင်ငံတော်တွင် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက် လာလျှင် တပ်မတော်ကကူညီဆောင်ရွက်ရမည်။” ဆိုသော ပြဋ္ဌာန်းချက် များအတိုင်း ပဋိပက္ခဖြစ်ပွားရာ ဒေသရှိ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးယန္တရားများနှင့် ပြည်သူလူထုအားလုံးကို အကြမ်းဖက်သောင်းကျန်း သူများ၏ ဘေးရန်မှကာကွယ်ခြင်း သာဖြစ်ပါသည်။ တည်ဆဲဥပဒေများအား ကျော်လွန်၍လုပ်ဆောင်ခြင်း၊ ဥပဒေနှင့်ငြိစွန်းသည့် အမိန့်များပေး၍ ဆောင်ရွက်စေခြင်းမရှိဘဲ ဒေသခံလူထုနှင့်တိုင်းရင်းသားများအပေါ် ကာကွယ်ရင်း စိတ်ဆန္ဒစော၍ ဆောင်ရွက်ခဲ့သောလုပ်နည်း၊ လုပ်ဟန်အမှားများရှိပါကလည်း တရားဥပဒေနှင့် အညီ ဖော်ထုတ်အရေးယူလျက်ရှိပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း တပ်မတော်သည် နိုင်ငံတော်၏လိုအပ်ချက်ဖြစ်သော ထာဝရငြိမ်းချမ်းရေးရရှိရန် ဆန္ဒအမှန်ဖြင့် နိုင်ငံတော်အစိုးရအဆက်ဆက် စိတ်ရှည်သည်းခံ စွာဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအထိပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ရှိပြီး ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် တပ်မတော်အနေဖြင့် ယခင်သဘောတူ ထားသော သဘောတူညီချက်များ၊ NCA စာချုပ်ပါ နှစ်ဖက်လိုက်နာရန် အချက်အလက်များနှင့် ကျင့်ဝတ်စည်းကမ်းများ၊ တပ်မတော်၏ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ် အပေါ်တွင်သာမူတည်၍ သစ္စာရှိရှိတိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ လက်တွေ့အနေဖြင့်လည်း NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား ဒေသများ၌ ပဋိပက္ခများချုပ်ငြိမ်း၍ ဒေသဖွံ့ဖြိုးရေးကိုအဓိကထား လက်တွဲဆောင်ရွက်နေနိုင်ပြီဖြစ်ပါ သည်။

၁၅။ထို့အပြင်လက်ရှိအခြေအနေ၌လည်း ထိုင်းနိုင်ငံအခြေစိုက် PBS သတင်းအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ကော့ဘဇားဒေသ ဒုက္ခသည်စခန်းများတွင်ရောက်ရှိနေသည့် ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ဝင် အချို့နှင့် တွေ့ဆုံမေးမြန်းပြီး သတင်းရေးသားရာတွင် ရခိုင်ပြည်နယ်အတွင်း၌ ARSA အဖွဲ့များသည် အစုတစ်စုလျှင် ၅ ဦးပါ အဖွဲ့လေးများ ဖွဲ့စည်းထားကြောင်း၊ အဖွဲ့ငယ်များ၏အဖွဲ့ဝင်များသည် ၎င်းတို့ တစ်ခါမှမမြင်ဖူးသော အကြီးအကဲကညွှန်ကြားသည့်လုပ်ငန်းကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မောင်တောမြို့ ကျေးရွာ ၄၀ ရှိ ရွာတိုင်းတွင် ARSA အဖွဲ့ဝင် ၁၀၀ မှ ၂၀၀ အကြားရှိခဲ့ကြောင်း၊ ယခုအများစုသည် ဘင်္ဂါလားဒေ့ရှ်ရောက် ဒုက္ခသည်များကြား၌ ရှိနေကြကြောင်း၊ ပြည်ပရောက် ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့ ဖွဲ့ရေးအလားအလာကို ဆွေးနွေး နေကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း သတင်းဖော်ပြထား သည်ကို တွေ့ရှိရ ပါသည်။

၁၆။ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်အပါအဝင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သများ၏ အကြမ်းဖက်မှုအခြေအနေများ၊ ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သိန်းနှင့်ချီ၍ ထွက်ပြေးရမှုအခြေခံအကြောင်းအရင်းများ၊ မြန်မာနိုင်ငံအစိုးရမှ ထွက်ပြေးဘင်္ဂါလီများ ပြန်လည်လက်ခံရန်အသင့်ဖြစ်မှုအပေါ် ထွက်ပြေးတိမ်းရှောင်ဘင်္ဂါလီများနှင့် တစ်ဖက်နိုင်ငံမှ တုံ့ပြန်ဆောင် ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် မဝင်ရောက် လိုမှုအခြေအနေအကြောင်းအရင်းများ၊ နိုင်ငံတကာမီဒီယာနှင့် သံတမန်များ အပါအဝင် NGO တို့ကိုဘင်္ဂါလီများနှင့် တစ်ဖက်နိုင်ငံမှ မဟုတ်မမှန် ပုံကြီးချဲ့ ပြောဆိုနေမှု အခြေအနေများအပြင် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေ ရှင်းလင်းမှုတွင် ဥပဒေလုပ်ထုံး၊ လုပ်နည်းနှင့်အညီ ဆောင်ရွက်မှုအခြေအနေများ၊ ပေးအပ်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိ/မရှိ စုံစမ်း စစ်ဆေးမှုအခြေအနေများ၊ လိုက်နာမှုမရှိသည့် တပ်မတော်သားနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့အပေါ် အရေးယူဆောင်ရွက်မှုအခြေအနေများစသည့် အကြောင်းအချက် များစွာတို့အား မြန်မာနိုင်ငံသို့ရောက်ရှိနေသော ဥပရောပသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Stavros Limbrinidis နှင့် အဖွဲ့ဝင်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ ၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံ၍ အပြန်အလှန်အထောက်အထားဓာတ်ပုံများ နှင့်တကွ ပွင့်လင်းမြင် သာစွာ ဆွေးနွေးပေးခဲ့ပြီးလည်းဖြစ်ပါသည်။

၁၇။ထိုကဲ့သို့ ခိုင်လုံမှန်ကန်သောသက်သေများ၏ ထွက်ဆိုချက်များ၊ ဖြစ်စဉ် ဖြစ်ရပ်များအပေါ် မျက်ကွယ်ပြု၍ ယခုကဲ့သို့ ဗြိတိန်အမတ်များ၏ တစ်ဖက်သတ် စွပ်စွဲပြောဆိုချက်များ၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ကောင်စီအစည်းအဝေး၏ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်များသည် မြန်မာ့ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး ခရီးစဉ်နှင့် တပ်မတော်၏တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းတာဝန်များ၌ ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်း(ROE- Rules of Engagement)နှင့်အညီ တိကျစွာလိုက်နာ၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေမှု၊ နိုင်ငံတော်အစိုးရ၏ဘူးသီးတောင်- မောင်တောဒေသပြန်လည်ထူထောင်ရေးနှင့် ဒုက္ခသည်များပြန်လည်လက်ခံရေး အစီ အစဉ်၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် ကူညီဆောင်ရွက်ပေးနေသည့် နိုင်ငံတကာနှင့်ပြည်တွင်းအဖွဲ့အစည်းများ၊ ပြည်သူလူထု တို့မှ အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်လာစေနိုင်သဖြင့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် မှန်ကန်စွာသုံးသပ်၍ ဂုဏ်သိက္ခာရှိပြီး တရားမျှတမှုရှိသော တိုက်တွန်းမှု၊ ဆုံးဖြတ်မှု များကိုသာ ပြုလုပ်သင့်ကြောင်းနှင့် ထိုသို့ပြုလုပ်ခြင်းဖြင့် ရခိုင်အရေးနှင့်ပတ်သက်၍ လက်တွေ့ဆန်သော တိုးတက်ဖြစ်ထွန်းမှုဖြစ်ပေါ်လာ စေမည်ဖြစ် ပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger