www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 1, 2018

နှစ်ပေါင်း ၁၅ဝ ကျော်မှ တစ်ကြိမ်သာ ဖြစ်ပေါ်သည့် Super Blue Blood Moon လကြတ်မှုဖြစ်စဉ်အား မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားတွင် တွေ့ မြင်ရ





နေပြည်တော် ၁-၂-၂ဝ၁၈

ယနေ့ တပို့တွဲလပြည့်နေ့ (၂ဝ၁၈ ခုနှစ်ဇန်နဝါရီ ၃၁ ရက်) ညနေခင်းနှင့် ညဦးပိုင်း အချိန်တို့တွင် လငပုပ်ဖမ်းခြင်း (လကြတ်ခြင်း) နှင့် Super Blue Blood Moon လကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် တွေ့မြင်ရသည်။

ကမ္ဘာ၏ တိုက်ရိုက် အရိပ်ရှိသည့် နေရာကို လကဖြတ်သန်းခြင်းကြောင့် အနီရောင်အဖြစ် မြင်တွေ့ရသည့်လကို ကြည့်ရှုရန်အတွက် နိုင်ငံအသီးသီးတွင် ကိုယ့်စံတော်ချိန်နှင့်ကိုယ် စောင့်ဆိုင်း နေခဲ့ကြကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ညဦးပိုင်း ညနေ ၅ နာရီ ၂၂ မိနစ်ခန့်တွင် လသည် အရိပ်ဖျော့ (Penumbra) စတင်ထွက်ပေါ် လာပြီးနောက်ည ၆ နာရီ မိနစ် ၂ဝ ခန့်တွင် လသည် အရိပ်စစ် (Umbra) ထဲကို စတင်ပြောင်းလဲ ထွက်ပေါ်လာသည်။ ည ၇ နာရီ ၂၃ မိနစ်တွင် ကမ္ဘာ့အရိပ်ထဲ ကျရောက်ခဲ့ခြင်းကြောင့် အရိပ်စစ် (Umbra) က လတစ်ခုလုံး ဖုံးကွယ်သွားပြီး လကြတ်ခြင်း၏ အမြင့်ဆုံးအမှတ်မှာ ည ၈ နာရီတိတိတွင် ကျရောက်ခဲ့သည်။ ည ၈ နာရီ၃၉ မိနစ်တွင် လသည် အရိပ်ဖျော့ရှိသည့် ဘက်ကို ပြန်လည်ထွက်ခွာပြီး ည ၉ နာရီ ၄၂ မိနစ်တွင် အရိပ်ဖျော့ထဲကို ပြန်လည်ရောက်ရှိကာ ည ၉ နာရီ မိနစ် ၅ဝ ခန့်တွင် လကြတ်ခြင်း ပြီးဆုံးခဲ့သည်။

၂ဝ၁၈ ခုနှစ်အတွင်းတွင် လအပြည့်ကြတ်ခြင်း နှစ်ကြိမ်မြင်တွေ့ ရမှာဖြစ်ပြီး နောက်တစ်ကြိမ်မှာ ဇူလိုင် ၂၇ ရက်တွင် ထပ်မံဖြစ်ပွား နိုင်ကြောင်း၊ ဇန်နဝါရီ ၃၁ ရက်တွင်ကျရောက်သည့် တပို့တွဲလပြည့်ည လသည် Blue Moon နှင့် Blood Moon ဟုခေါ်သည့် ကမ္ဘာနှင့်လ အနီးဆုံးနေရာ ရောက်ရှိနေခြင်း ကိုမြင်တွေ့ ခဲ့ရသည်။ လနှင့်ကမ္ဘာကြား ပျှမ်းမျှမိုင်ပေါင်း ၂၃၈၈၅၅ ကွာဝေးပြီး ယနေ့တွင် ပျှမ်းမျှမိုင်ပေါင်း ၂၂၃ဝ၆၈ ကွာဝေးခြင်းကြောင့် အဆိုပါဖြစ်စဉ်ကို တွေ့မြင်ရခြင်း ဖြစ်သည်။ ယခုကဲ့သို့ လကြတ်ခြင်းကို နှစ်ပေါင်း ၁၅ဝ အတွင်း ရှားပါးမြင်ကွင်းအဖြစ် တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။

လ၏ ကမ္ဘာကိုပတ်နေသည့် လမ်းကြောင်းသည် ၅ ဒီဂရီခန့် တိမ်းစောင်းနေပြီး ကမ္ဘာသည်နေကို တစ်သမတ်တည်း ၂၃ ဒသမ ၅ ဒီဂရီတိမ်းစောင်းလှည့်ပတ် နေပြီးနောက် နေကြတ်ခြင်း၊ လကြတ်ခြင်းတို့သည် လစဉ်လတိုင်းမဖြစ်ဘဲ တစ်နှစ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်ခန့်သာ ဖြစ်ပေါ်တတ်ကြောင်း အာကာသပညာ လေ့လာသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါလကြတ်ခြင်း ဖြစ်စဉ်ကို မြောက်အမေရိက၊ ဥရောပ၊ ရုရှား၊ အာရှအလယ်ပိုင်း၊ အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံအသီးသီးတို့၌ တွေ့မြင်နိုင်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ နက္ခတ်ပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်စိန် ပြောကြားရာတွင် ''ကရကဋ်ရာသီမှာ ကြတ်တာဆိုတော့ မြန်မာပြည်ဇာတာအရ ကိုးကတ်မှာ လာကြတ်တာပါ။ ကိုးကတ်မှာ လာကြတ်တာ ဖြစ်တဲ့အတွက် တိုင်းပြည်မှာတော့ ဘယ်လိုပြောရမလဲ ကိုယ်လုပ်ချင်တဲ့ အကြံအစည်တွေ အောင်မြင်မယ့် သဘောရှိပါတယ်။ တိုင်းပြည်မှာ သယံဇာတအနေနဲ့ မထင်မှတ်တဲ့သယံဇာတ တွေထွက်လာမယ်။ ငလျင်ကတော့နည်းနည်း သတိထားရမယ့် သဘောရှိတယ်။ လှုပ်ရှားတဲ့ အိမ်မှာလာပြီးတော့ လကြတ်လိုက်တာ၊ ကရကဋ်ရာသီက လှုပ်ရှားတယ်လေ။ ဒါပေမဲ့ ပြဿနာတော့မရှိပါဘူး။ ကြတ်လိုက်တဲ့အချိန်မှာ လကကိုးနဝင်း ကျေသွားတယ်။ ကောင်းသွားပါတယ်။ ဗုဒ္ဓဟူးဂြိုဟ် အရောင်ပြောင်းသွားတော့ အထောက်အပံ့လေး တော့ဖြစ်သွားပါတယ်။ ကြတ်လိုက်တဲ့အချိန်က မြန်မာပြည်ဇာတာရဲ့ ကိုးဓာတ်ဆိုတဲ့ ဘုန်းကံရှိတဲ့ နေရာမှာလာကြတ်တာ၊ အစောင့်အရှောက်နေရာမှာ ကျန်တဲ့နေရာမှာ ကြတ်မယ်ဆိုရင် မကောင်းဘူး။ ကရကဋ်နက္ခတ် မြန်မာပြည်ဇာတာအရ ကောင်းမွန်တဲ့ဘုန်းကံရှိတဲ့ နေရာမှာသွားဖြစ်ပါတယ်။ သူများတွေက လငပုပ်ဖမ်းရင် မကောင်းဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ ကြည့်လိုက်တဲ့အချိန်မှာ လရဲ့ရာသီမှာပဲ လာပြီးကြတ်တာ လသွားလမ်းပေါ်မှာ ပဲလာကြတ်တာ။ အဲဒီအတွက် ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ လတို့ နေတို့ဆိုတာက ဒီဂရီအတိမ်းအစောင်းပေါ်မူတည်ပြီးတော့ အချိန်ကွာဟမှုရှိပါတယ်။ နေရာကွာဟမှုပေါ် မူတည်ပြီးတော့ ဖြစ်စဉ်တွေကလည်း တစ်နေရာနဲ့တစ်နေရာ မတူညီနိုင်ဘူး''ဟု ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger