www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 13, 2018

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့တွင် မကွေးမြို့၌ လူဦးရေ ၃၅ဝဝ ခန့်ဖြင့် မြန်မာနိုင်ငံမြေပုံကို ပုံဖော်၍ ကမ္ဘာ့ဂင်းနစ် စံချိန်တင်နိုင်ရန် ကြိုးပမ်းမှုပြုလုပ်



မကွေး ၁၃-၂-၂ဝ၁၈

၇၁နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ ဦးရေ ၃၅ဝဝခန့်ဖြင့် မြန်မာနိုင်ငံမြေပုံကို ပုံဖော်၍ ကမ္ဘာ့ဂင်းနစ် စံချိန်တင်နိုင်ရန် ကြိုးပမ်းမှု ပြုလုပ်ခြင်းကို မကွေးမြို့ ခရိုင်အားကစားကွင်း၌ ယနေ့နံနက်ပိုင်းတွင် Telenor Myanmar က ဦးဆောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလျား ၂၃၄ ပေ၊ အနံ ၁ဝ၆ ပေ၊ စတုရန်း ၂၄၈ဝ၄ပေ အတွင်း မြန်မာနိုင်ငံမြေပုံ ပုံသဏ္ဌာန်ကို လူဦးရေ ၃၅ဝဝခန့်ဖြင့် ပုံဖော်ကာ ခြောက်မိနစ်ငြိမ်သက်၍ နိုင်ငံတော်သီချင်းနှင့် အတူပုံဖော်ခြင်းကို နှစ်ကြိမ်ဆောင်ရွက် ခြင်းပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

Telenor Myanmar Ltd Manager ၏ External Communication မရွှေယင်းမာဦးက "မကွေးမြို့မှာ ပြုလုပ်ရတဲ့ အကြောင်းအချက်တွေ အများကြီးရှိတဲ့ အထဲက အဓိကကတော့နိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်မြေနတ်မောက်မြို့တည်ရှိရာ တိုင်းဒေသကြီးရဲ့ မြို့ကြီးဖြစ်တာကြောင့် မကွေးမြို့ကို ရွေးချယ်ရတာဖြစ်ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ လုပ်တာလဲဖြစ်ပါတယ်"ဟု ပြောပြသည်။

မကွေးမြို့တွင်ပြုလုပ်သော ကမ္ဘာ့ဂင်းနစ်စံချိန်တင်ပွဲသို့ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးနှင့် Telenor Myanmar Co.,Ltd မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

"ဒီကနေ့ကျင်းပတဲ့ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ လူဦးရေ အများအပြားနဲ့ မြန်မာနိုင်ငံ မြေပုံသဏ္ဌာန် ပုံဖော်ကာ တယ်လီနောမြန်မာက ဦးဆောင်ပြီး မြန်မာနိုင်ငံအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်သစ် မှတ်တမ်း ဝင်အောင် ဆောင်ရွက်ကြတဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား အားလုံးစုစည်း ခိုင်မာမှုအနေနဲ့ ဖော်ကျူးတဲ့လုပ်ဆောင်ချက်တစ်ခုကို မကွေးတိုင်းဒေသကြီးမှာ လက်ခံဆောင်ရွက် နိုင်တဲ့အတွက် ဝမ်းမြောက်ရပါတယ်။ မကွေးတိုင်းဒေသကြီးကို ကမ္ဘာ့အလယ်မှာ ပိုမိုထင်ရှားလာစေမှာ ဖြစ်ပါတယ်"ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

အာဖရိက တိုက်မြေပုံကို လူဦးရေ ၈၁၁ ဦးဖြင့်ပုံဖော်၍ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့ဂင်းနစ်စံချိန်ကို နောက်ဆုံး တင်ထားခဲ့ခြင်းဖြစ်ပြီး ယင်းစံချိန်ကို ချိုးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မြန်မာနိုင်ငံမြေပုံကို လူဦးရေ ၃၅ဝဝ ခန့်ဖြင့် ပုံဖော်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဦးစီးဆောင်ရွက်နေသော တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တမ်းဝင် အောင်ဆောင်ရွက် ကျင်းပခဲ့သည့် ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခြဲ့ကပြီး မြန်မာနိုင်ငံမြေပုံ သဏ္ဌာန် ပုံဖော်နိုင်ရန်အတွက် မကွေးမြို့ရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ၊ မကွေးမြို့ပေါ်မှ ဒေသခံများအပြင် ကျေးလက်ဒေသများမှ ဒေသခံများ၊ အခြားစိတ်ပါဝင်စား သူများနှင့် Telenor Myanmar မှ ဝန်ထမ်းများပါဝင် ခဲ့ကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger