မန္တလေး ၈-၂-၂ဝ၁၈
ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ ခုနစ်မိုင် အပန်းဖြေစခန်း၌ ဖွင့်လှစ်ထားသော ကောင်းကင်ကြိုးတန်း Zip Line ပြေးဆွဲမှုကို ယာယီရပ်နား ခိုင်းထားကြောင်း မန္တလေးတိုင်း ဒေသကြီးလွှတ်တော် လုံခြုံရေး၊စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။
မန္တလေးမြို့ ဒုဋ္ဌဝတီမြစ်ကမ်းဘေးတွင် အပန်းဖြေစခန်း တစ်ခုအဖြစ် ဖွင့်လှစ်ထားသည့် ခုနစ်မိုင်အပန်းဖြေစခန်းရှိ ကောင်းကင်ကြိုးတန်း Zip Line ပြေးဆွဲမှုကို စိတ်ချရသည့် အနေအထားတွင် မရှိသေးသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်မှုများပြုလုပ် ပြီးနောက်ပိုင်းတွင် ယာယီရပ်နား ခိုင်းထားကြောင်း မန္တလေးတိုင်း ဒေသကြီးလွှတ်တော် လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်မိုးက ပြောပြသည်။
"ဟိုဘက်ဒီဘက် လေပေါ်မှာပြေးတဲ့ Zip Line ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စစ်ဆေးပြီး ရပ်နားခိုင်းထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့သွားစစ်တဲ့ အချိန်မှာတော့ Zip Line ပိတ်ထားတယ်။ နားနေပါတယ်။ Save မဖြစ်သေးတဲ့အတွက် သူတို့သေချာ Save ဖြစ်ဖို့အတွက် သေချာပြန်ပြင်ဆင် နေပါတယ်"ဟု၎င်းက ဆက်လက်ပြောပြသည်။
ခုနစ်မိုင်အပန်းဖြေ စခန်းရှိ ဒုဋ္ဌဝတီမြစ်ကိုဖြတ်၍ ကောင်းကင်ကြိုး တန်းဖြင့် လူများစီးနင်းရသည့် Zip Line ပြေးဆွဲမှုကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလပိုင်းက စတင်ခဲ့ခြင်းဖြစ်ကာ ယခုနှစ် ဇန်နဝါရီ ၁၈ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သည့် နောက်ပိုင်းတွင် ယခုကဲ့သို့ ပြေးဆွဲရပ်ဆိုင်းခိုင်း ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုဋ္ဌဝတီမြစ်ကမ်းဘေး တစ်လျှောက်တွင် ခုနစ်မိုင်အပန်းဖြေ စခန်းအပါအဝင် ဖွင့်လှစ်ထားကြသည့် အပန်းဖြေစခန်းများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိထားခြင်း မရှိသေးဘဲ လျှောက်ထားဆဲ ကာလတွင်သာ ရှိသေးကြောင်း သွားရောက် စစ်ဆေးခဲ့သည့် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
#Yadanarpondaily






No comments:
Post a Comment