www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 1, 2018

မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၌ တပို့တွဲလပြည့်နေ့တွင် ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကား



မန္တလေး ၁-၂-၂ဝ၁၈

ယနေ့သည် ဗုဒ္ဓဘာသာနွယ်ဝင် တိုင်းရင်းသား ပြည်သူများ၏ နေ့မြတ်ဖြစ်သော တပို့တွဲလပြည့်နေ့ ဗုဒ္ဓအဆုံးအမသြဝါဒ ပါတိမောက်အခါတော်နေ့ ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီး ဘုရားပုထိုး စေတီတော်များ၌ ဘုရားဖူးလာ ပြည်သူများသည် အအေးဓာတ်လွန်ကဲသည့် ယမန်နေ့ညမှ ယနေ့နံနက် လင်းချိန်တိုင်အောင် ဘုရားရှင်အား အမွှေးနံ့သာ ထင်းတို့ဖြင့် မီးကုသိုလ်ပြု လှူဒါန်းပူဇော်ခြင်း၊ ဗုဒ္ဓပူဇနိယပွဲတော် ထမနဲဆွမ်းလှူ ဒါန်းပူဇော်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ဆွမ်းတော်ကြီး လောင်းလှူခြင်း စသည်တို့ကို အစဉ်အလာ မပျက်လှူဒါန်း ကုသိုလ်ပြုကြသူများဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

မန္တလေးမြို့၏ အထင်ကရ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သည့် မဟာမုနိ ရုပ်ရှင်တော်အား ယနေ့နံနက် ၄ နာရီတွင် ရေတော်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တ ဥက္ကဋ္ဌအရှင်သူမြတ် အမှူးပြု၍ ဘုရားကြီးမျက်နှာ သစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ရွှေသင်္ကန်းကပ်လှူကာ ဆွမ်း၊ ထမနဲဆွမ်း၊ ရေချမ်း၊ ပန်း၊ သစ်သီးကပ် လှူပူဇော်ကြသည်။

အလားတူ အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် သူတော်စင် ရဟန်းရှင်လူပြည်သူများ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးလာ သူများကလည်း မဟာမုနိ ရုပ်ရှင်တော်အား ရွှေသင်္ကန်းကပ်လှူကာ ဆွမ်း၊ရေချမ်း၊ ထမနဲဆွမ်း၊ ပန်းကပ်လှူခြင်းနှင့် ဘာသာရေး လူမှုရေးဝတ် အသင်းအဖွဲ့များက ဝတ်ရွတ်စင်များ အလှည့်ကျ ရွတ်ဖတ်ပူဇော်ခြင်း တို့အပြင် မဟာမုနိ ရုပ်ရှင်တော် တန်ဆောင်းအနီးတွင် မီးလင်းဖို၌ အမွှေးနံ့သာ ထင်းများထည့်၍ ဘုရားရှင်အား မီးကုသိုလ်ပြု လှူဒါန်းပူဇော်ကာ မီးပုံးပွဲတော် ဆင်ယင်ကျင်းပရာ တိုးမပေါက်အောင် အထူးစည်ကား လျက်ရှိသည်။

မဟာမုနိရုပ်ရှင်တော် ဂေါပက အဖွဲ့မှကြီးမှူး၍ ယနေ့ ၆နာရီတွင် ၅၉ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပရာ ဘုရားအမှူးပြုသော သံဃာတော်အရှင် သူမြတ်အပါး ၁ဝဝဝ တို့အား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက စာရေးတံမဲနှင့်တကွ ဆွမ်းတော်ကြီး လောင်းလှူပူဇော်ခဲ့ကြပြီး ဘုရားဖူးလာပြည်သူများ၊ ဆွမ်းတော်ပွဲ လာရောက်လှူသည့် ကုသိုလ်ရှင်များကို ဘုရားကြီး ဂေါပကအဖွဲ့က ထမနဲခြောက်တင်းထိုးပြီး ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger