www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 11, 2018

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း တရားမဝင် သစ်ဖမ်းဆီးရမိမှု ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၄ဝဝ ကျော် လျော့နည်းသွား



ပြည် ၁၁-၁-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်တွင် ၂ဝ၁၇ ခုနှစ်အတွင်း တရားမဝင်သစ် ဖမ်းဆီးရမိမှုသည် ၂ဝ၁၆ခုနှစ်အတွင်း ဖမ်းဆီးရမိမှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၄ဝဝ ကျော် လျော့နည်းသွားကြောင်း ပြည်ခရိုင် သစ်တောဦးစီးဌာနမှ သိရသည်။

ပြည်ခရိုင်အတွင်း ၂ဝ၁၆ခုနှစ်က တရားမဝင်သစ် ဖမ်းဆီးရမိမှုပေါင်း ၅၇၁မှု၌ သစ်တန်ချိန် ၁၃၁၄ ဒသမ ၇၃၈၇ တန်ထိဖမ်းမိခဲ့ပြီး ၂ဝ၁၇ ခုနှစ်က အမှုပေါင်း၅၃၂မှု၌ သစ်တန်ချိန် ၈၇၅ဒသမ၃၈၁တန် ဖမ်းမိခဲ့ကြောင်းသိရသည်။

"လျော့သွားရတဲ့ အကြောင်းရင်းက တရားမဝင်သစ် ဖမ်းဆီးမှုမှာ ပြည်သူလူထု ပူးပေါင်းပါဝင်ပြီး သတင်းပေး တိုင်တန်းတာတွေ များလာပါတယ်။ ကျွန်တော်တို့ မရောက်နိုင်တဲ့ နေရာတွေမှာ ပြည်သူက စောင့်ကြည့်မှုတွေ ရှိနေတော့ သူတို့လွတ်လွတ်လပ်လပ် လုပ်လို့မရတော့ဘူး။ နောက်ထပ်တစ်ချက်က သူတို့ခိုးထုတ်မယ့် အရင်းအမြစ်သစ်တွေ ရှားပါးလာတာလဲပါတယ်" ဟု ပြည်ခရိုင်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးမိုးဇော်က ပြောပြသည်။

တရားမဝင်သစ် မှောင်ခိုလုပ်ငန်းများကို ဖမ်းဆီးရာတွင် လူမိုက်ဂိုဏ်း ဆန်ဆန်အုပ်စုဖွဲ့လုပ်ကိုင်မှုများနှင့် သစ်တောဧရိယာ ကျယ်ပြန့်မှုများကြောင့် ဝန်ထမ်းအင်အား မလုံလောက်မှု၊ လိုက်လံဖမ်းဆီးရသည့် အကာအကွယ် လက်နက်ပစ္စည်းမရှိမှုတို့အတွက် ဖမ်းဆီးရာတွင် အခက်ခဲများရှိကြောင်း ပြည်ခရိုင် သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါဖမ်းဆီးရမိမှုတွင် ကျွန်းသစ်အမျိုးအစားကို အများဆုံးဖမ်းမိပြီး ပဲခူးရိုးမနှင့် ဆက်စပ်တည်ရှိသော ပေါက်ခေါင်းမြို့နယ်၊ ရခိုင်ရိုးမနှင့် ဆက်စပ်တည်ရှိသည့် ပန်းတောင်းမြို့နယ်အတွင်း အများဆုံးဖမ်းမိကြောင်း သိရသည်။

ပြည်ခရိုင်သည် ဧရိယာ၁၈၉၈၄၅၆ ဧကကျယ်ဝန်းပြီး သစ်တောနယ်မြေ ၆၁၅၂၉၈ ဧက ရှိခြင်းကြောင့် သစ်တောဖုံးလွှမ်းမှုသည် ခရိုင်တစ်ခုလုံး၏ ၃၂ဒသမ၄၁ရာခိုင်နှုန်းရှိကြောင်း ပြည်ခရိုင်သစ်တောဦးစီး ဌာနမှ သိရသည်။

၂ဝ၁၇ ခုနှစ်သြဂုတ်လအတွင်းက ပန်းတောင်းမြို့နယ်တွင် တရားမဝင်သစ်များ ဆက်တိုက်ဖမ်းဆီးရမိမှု များရှိခဲ့ပြီး တောရိုင်းတိရစ္ဆာန် ဦးချိုများ၊ ခေါင်းများပါ ဖမ်းဆီးရမိခဲ့ ကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger