www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 13, 2017

ပဲခူးမြို့၌ မှုခင်းကျဆင်းရေး ရှောင်တခင်ပိတ်ဆို့ ရှာဖွေစစ်ဆေးရာ နိုဝင်ဘာဒုတိယပတ်မှ ဒီဇင်ဘာ ၁၁ ရက်ထိ လက်နက်ပုန်းမှု ၃ဝ ကျော် ဖမ်းဆီးရမိ



ပဲခူး ၁၃-၁၂-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ ကင်းပုန်းဝပ် စောင့်ဆိုင်းခြင်းနှင့် ရှောင်တခင်ပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ လူကိုသေစေနိုင်သော လက်နက် (လက်နက်ပုန်း)များ ဖမ်းဆီးမှုမှာ နိုဝင်ဘာဒုတိယပတ်မှ ဒီဇင်ဘာ ၁၁ရက်ထိ အမှုပေါင်း ၃ဝကျော်ရှိခဲ့ကြောင်း ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"မှုခင်းကျဆင်းရေးအတွက် ကျွန်တော်တို့ ရဲတပ်ဖွဲ့က ညစဉ်ပိတ်ဆို့ စစ်ဆေးရှာဖွေတာတွေ ဆောင်ရွက်နေပါတယ်။ ပထမတော့ ပြည်သူတွေက သူတို့သွားတဲ့ခရီးကို ဟန့်တားရှာဖွေတဲ့အတွက် မကြည်ဖြူမှုတွေရှိခဲ့တယ်။ အခုတော့ နားလည်သွားပြီး ကြည်ဖြူစွာ လက်ခံသွားပါပြီ။ ကျွန်တော်တို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးလဲ ညစဉ်ဆောင်ရွက်မှုတွေကို လိုက်လံစစ်ဆေးနေပါတယ်"ဟု ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်မှူး၊ ရဲမှူးတင်ထွေးက ပြောပြသည်။

ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးအနေဖြင့် ပဲခူးမြို့အတွင်း တရားဥပဒေ စိုးမိုးရေးအတွက် အဓိကကျသော နေရာများနှင့် မြို့အဝင်၊ အထွက်ခုနစ်နေရာ၌ နိုဝင်ဘာလ ဒုတိယပတ်မှ ဒီဇင်ဘာ ၁၁ ရက်ထိရဲလုံခြုံရေး အင်အားဖြင့် ရှာဖွေခဲ့ပြီး မှုခင်းဖြစ်ပွားနှုန်း များပြားသော ရပ်ကွက်များတွင် ရှောင်တခင် စစ်ဆေးရှာဖွေမှုများကို ညစဉ်ဆောင်ရွက်လျက်ရှိရာ လူကိုသေစေနိုင်သော လက်နက် (လက်နက်ပုန်း) ၃၁မှုကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ ကြောင်း သိရသည်။

"လက်နက်ပုန်းတွေက နယ်ဘက်ကလူတွေမှာ အများဆုံးတွေ့တာပါ။ ဒီလိုကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်တဲ့အတွက် လက်နက်ပုန်းတွေ ဖမ်းဆီးရမိပါတယ်။ ဆိုင်ကယ်သူခိုးတွေ ဖမ်းမိပါတယ်။ လူဆိုး၊ သူခိုးတွေ အသွားအလာ နည်းသွားတယ်။ လက်နက်ပုန်းတွေ ဆိုတာကဓား၊ ဓားမြှောင်၊ သံတုတ်တွေ အများဆုံးဖမ်းမိပါတယ်"ဟု ရဲမှူးတင်ထွေးက ပြောပြသည်။

လူ့အသက်အန္တရာယ်ကို အနှောင့်အယှက် ပေးနိုင်သောလက်နက်များကို အများသူငါနှင့် ဆိုင်သည့်နေရာများတွင် ကိုင်ဆွဲသွားလာပါက လက်နက်ဥပဒေပုဒ်မ-၁၉ (င) ဖြင့် အရေးယူခံရမည်ဖြစ်ပြီး အများဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်သုံးနှစ် (သို့မဟုတ်) ငွေဒဏ်နှင့် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger