www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 7, 2017

ရန်ကုန်မြို့ အိမ်အငှားဈေးကွက် ငြိမ်သက်နေ



ရန်ကုန် ၇-၁၂-၂၀၁၇

ရန်ကုန်မြို့ရှိ အိမ်အငှားဈေးကွက် အနေဖြင့် ယခင်လများအတွင်းက ဈေးကွက် ကောင်းမွန်နေသော်လည်း ယခုရက်သတ္တပတ်အတွင်း ပြန်လည်ငြိမ်သက် နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်ထံမှ သိရသည်။

အဆိုပါအငှား ဈေးကွက်သည် ယခင်လများအတွင်းက ဈေးကွက်ကောင်းမွန်သဖြင့် ရင်းနှီးမြှုပ်နှံ လိုသူများပြားခဲ့ပြီး အဓိကအားဖြင့် ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူ၍ အငှားစနစ်ဖြင့် ပြန်လည်လုပ်ကိုင်ကြခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ ပြည်တွင်းသို့ ဝင်ရောက်မှုများရှိလာ သည့်အတွက် ရုံးခန်းအငှားများ၊ ကွန်ဒို အခန်းအငှားများလာပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောနေရာများ၌ အငှားဈေးကွက် ပိုမိုဖြစ်ထွန်းခဲ့သည်။ လက်ရှိတွင် နှစ်ကုန်ပိုင်းအခြေအနေ ဖြစ်သောကြောင့် အငှားဈေးကွက် ငြိမ်သက်နေခြင်းဖြစ်ပြီး လာမည့်နှစ်ဆန်းပိုင်းတွင် အငှားဈေးကွက် ပြန်လည်ဦးမော့ လာနိုင်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

ရန်ကုန်မြို့အတွင်း ယခုနောက်ပိုင်း ကာလတွင် ရန်ကင်းမြို့နယ်သည် အငှားဈေးကွက် အထူးကောင်းမွန် သောမြို့နယ် ဖြစ်ပြီး ယင်းအတွက် ရန်ကင်းမြို့နယ်အတွင်းရှိ တိုက်ခန်းများကို အငှားလုပ်ငန်းလုပ်ကိုင် လိုသော အိမ်ခြံမြေလုပ်ငန်းရှင်များက ဝယ်ယူမှုများပြား လာကြောင်း သိရသည်။

ပြည်တွင်းတိုက်ခန်း ငှားရမ်းမှုအနေဖြင့် မြို့နယ်နှင့်နေရာအလိုက် တစ်လလျှင် အနည်းဆုံး ငွေကျပ်တစ်သိန်းခွဲမှ ငွေကျပ်လေးသိန်းဝန်းကျင် အထိရှိနေပြီး ရုံးခန်းဖွင့်လှစ်သော ကွန်ဒိုတိုက်ခန်းများဖြစ်ပါက တစ်လလျှင် ငွေကျပ် ၁ဝ သိန်းဝန်းကျင်နှင့် အထက်တွင်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger