www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 15, 2017

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ငွေကျပ် ၅၄၈၇ သိန်းတန်ဖိုးရှိ တရားမဝင်နိုင်ငံခြားငွေများ စစ်ဆေးဖမ်းဆီးနိုင်ခဲ့သော တာဝန်ကျလေဆိပ် ဝန်ထမ်းများအား ဖမ်းဆီးရငွေ၏ ၃ဝ ရာခိုင်နှုန်းခံစားခွင့်ပြုမည်



ရန်ကုန် ၁၅-၉-၂၀၁၇

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ စက်တင်ဘာ ၁ဝ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ငွေကျပ် ၅၄၈၇ သိန်းတန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာသော အိန္ဒိယရူပီးငွေနှင့် အမေရိကန်ဒေါ်လာများကို စစ်ဆေးဖမ်းဆီးပေးနိုင်ခဲ့သော တာဝန်ကျလေဆိပ်ဝန်ထမ်းများအား ဖမ်းဆီးရငွေ၏ ၃ဝ ရာခိုင်နှုန်းကိုခံစားခွင့် ပြုမည်ဖြစ်ကြောင်း လေဆိပ်လုံခြုံရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ရဲမှူးချုပ်မြဝင်းက ပြောသည်။

အဆိုပါတရားမဝင် နိုင်ငံခြားငွေများ ပြည်ပသို့ သယ်ဆောင်မှုကို ဖမ်းဆီးနိုင်ခဲ့သော လေဆိပ်တာဝန်ကျ ဝန်ထမ်းခြောက်ဦးအား ဂုဏ်ပြုပွဲကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Yangon Aerodrome ကုမ္ပဏီရုံးခန်းမ၌ ကျင်းပသည်။

ဂုဏ်ပြုပွဲတွင် လေဆိပ်လုံခြုံရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ရဲမှူးချုပ်မြဝင်းက တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သော လေဆိပ်တာဝန်ကျ ရဲအုပ်ဇော်လင်းဦး၊ ဒုတိယရဲအုပ်သက်လွင်ဟိန်း၊ ဒုတိယအကောက်ခွန်မှူးဒေါ်အေးအေးတင်မောင်၊ ရဲတပ်ကြပ်ကြီး မျိုးအောင်၊ ဦးထွန်းထွန်းအောင် (YACL) နှင့် ဦးမြတ်လင်း (YACL) တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၁ဝ ရက်နံနက် ၉ နာရီ မိနစ် ၂ဝ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူလေဆိပ်သို့ ထွက်ခွာမည့် Jetstar လေကြောင်းခရီးစဉ် အမှတ် 3K-584 ဖြင့်လိုက်ပါရန် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် Terminal-2 သို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာသူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၄) ရပ်ကွက် သိင်္ဂီ(၃)လမ်းနေ ဖြိုးသက်အောင်(ဘ)ဦးအောင်ကျော်ဦး ၃၂ နှစ်သည် ပြည်ပထွက်ခွာ Main X-Ray စက်၌အစစ်ဆေးခံရာ မသင်္ကာဖွယ်ရာ ငွေစက္ကူပုံရိပ်များတွေ့ရှိရသဖြင့် တာဝန်ကျ ဝန်ထမ်းအသီးသီးက ကြည့်ရှုစစ်ဆေးရာ ခရီးဆောင်အိတ် နှစ်အိတ်အတွင်းမှ အိန္ဒိယရူပီးငွေ ၂ဝဝဝ တန် ၁၃ဝဝဝ ရွက်၊ ၎င်း၏ Baohua စာတန်းပါ ကျောပိုးအိတ် အနက်ရောင်အတွင်းမှ အမေရိကန်ဒေါ်လာ ၁ဝဝ တန်အရွက် ၂ဝ အား စစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာခွင့်ပြုချက် စာရွက်စာတမ်းများမပါရှိဘဲ ပြည်ပသို့ တရားမဝင်နိုင်ငံခြားငွေများ သယ်ဆောင်သူ ဖြိုးသက်အောင်အား ၂ဝ၁၂ ခုနှစ် နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၂ ဖြင့် မင်္ဂလာဒုံမြို့နယ် ရဲစခန်း၌ အမှုဖွင့်ကာ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger