www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 12, 2017

အိန္ဒိယသို့တင်ပို့ရန် ညှိနှိုင်းမှု အဆင်မပြေသေးသည့် ပြည်တွင်းမှပဲများကို အစိုးရက ဝယ်ယူမည်



နေပြည်တော် ၁၂-၉-၂၀၁၇

မြန်မာနိုင်ငံကထွက်ရှိသည့် ပဲများကို အိန္ဒိယနိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သော်လည်း အဆင်ပြေမှု မရရှိသေးသည့်အတွက် ပြည်တွင်းမှ ထွက်ရှိသည့်ပဲများကို နိုင်ငံတော်အစိုးရက ဝယ်ယူပေးသွားမည့် နည်းလမ်းဖြင့် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ယခုနှစ် သြဂုတ် ၅ ရက်က ပဲစင်းငုံ တန်ချိန် နှစ်သိန်း၊ သြဂုတ် ၂၁ရက်တွင် ပဲတီစိမ်းနှင့်မတ်ပဲတို့ကို တန်ချိန် သုံးသိန်းသာ တင်သွင်းရန် ကန့်သတ်ကုန်စည်အဖြစ် သွင်းကုန်မူဝါဒ ပြောင်းလဲထုတ်ပြန်ခဲ့ရာ မြန်မာ့ပဲကုန်သည်များနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် အခက်အခဲဖြစ် စေခဲ့ပြီး စိုးရိမ်ပူပန်မှုများဖြစ်နေကြ၍ နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံမှပဲကို အိန္ဒိယသို့တင်ပို့နိုင်ရေး လိုအပ်သည် များကူညီဆောင်ရွက် ပေးနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိ သော်လည်း အဆင်ပြေမှုမရရှိသေးသဖြင့် ပြည်တွင်းမှ ပဲစိုက်ပျိုးထုတ်လုပ်သူများ နစ်နာမှုမရှိစေရန် နိုင်ငံတော် အစိုးရက ပြည်တွင်း ထွက်ပဲများကို ဝယ်ယူပေးသွားမည့် နည်းလမ်းဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''လက်ရှိအိန္ဒိယ နိုင်ငံမှာလဲ ပဲတွေပုံနေပါတယ်။ ဈေးတွေက လဲထိုးကျနေလို့ သူတို့ဘက်ကလဲ အခက်အခဲရှိတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ဘက်ကလဲ ထွက်လာတဲ့ပဲတွေကို ဘယ်လိုဝယ်မလဲ၊ ဘယ်လိုရောင်းမလဲ၊ ပြည်တွင်း စားသုံးမှု တိုးတက်အောင်ဘယ်လို လုပ်မလဲဆိုတာတွေကို ဖြေရှင်းရမှာပါ"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က စက်တင်ဘာ ၇ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်တွင်ပြုလုပ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆန်တင်ပို့မှု နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲတွင် ပြောကြားသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်စဉ်ကလည်း ညှိနှိုင်းဆွေးနွေးမှု များပြုလုပ်ခဲ့သော်လည်း အဆင်ပြေမှုမရှိ၍ လက်ရှိတွင် အိန္ဒိယနိုင်ငံ သံရုံးတာဝန်ရှိသူများနှင့် ပြည်ထောင်စု အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ထပ်မံတွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက် နေကြောင်း၊ ထို့ပြင် လိုအပ်ချက်ရှိလာပါက အိန္ဒိယနိုင်ငံအထိ သွားရောက်ကာ ညှိနှိုင်းမှုများလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ပဲစိုက်တောင်သူများထံမှ ထွက်ရှိလာသည့် ပဲမျိုးစုံကို ဝယ်ယူရာတွင်လည်း ဈေးနှုန်း သတ်မှတ်ချက်များကို ဆွေးနွေးညှိနှိုင်းပြီး သုံးစွဲသွားမည့် ရန်ပုံငွေပမာဏကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger