www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 18, 2017

၂ဝ၁၈ ခုနှစ်အတွင်း ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း အဆိုတင်သွင်းနိုင်ရန် လုပ်ဆောင်



ပူတာအို ၁၈-၉-၂၀၁၇

ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ခါကာဘိုရာဇီဒေသကို ၂ဝ၁၈ ခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ်စာရင်း အဆိုတင်သွင်းနိုင်ရန် နိုင်ငံတော်အစိုးရ၏ တောင်းဆိုမှုအရ ထူးဖောင်ဒေးရှင်းမှ ပူးပေါင်းလုပ် ဆောင်နေကြောင်း ထူးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးထံမှ သိရသည်။

ထူးဖောင်ဒေးရှင်းသည် ယင်းဒေသရှိ ကျေးရွာတချို့၌ ရဟတ်ယာဉ်ကွင်းလေးကွင်း ဆောက်လုပ်ထားသည့်အပြင် တောအတွင်းသို့ လာရောက်လည်ပတ်သူများ နားနေနိုင်ရန် နားနေဆောင်ငယ်များ ကိုလည်းတည်ဆောက် ပေးထားသည်။

ခါကာဘိုရာဇီ ဒေသဝန်းကျင်၌ သစ်တောများ ထူထပ်စွာတည်ရှိနေပြီး ယင်းအမွေအနှစ်များ ထိန်းသိမ်းရန် သစ်တောအရာရှိ ၅ဝ ခန့်လိုအပ်ကြောင်း သိရသည်။

ယင်းဒေသသည် လူအရောက်အပေါက် နည်းသောဒေသတစ်ခုဖြစ်ပြီး သစ်တောများ အတွင်းရှိ သစ်ပင်များကို မသမာသူများက တရားမဝင်ခုတ်လှဲခြင်းနှင့် အမဲလိုက်ခြင်းများမှ အကာအကွယ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရနှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ သစ်တောအရာရှိများ ခန့်ထားနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ ခါကာဘိုရာဇီဒေသအတွင်း နယ်မြေဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသော ပညာရေးကဏ္ဍ တိုးတက်စေရန် ဆရာ၊ ဆရာမများ၊ ကျန်းမာရေးမှူးများနှင့် ဒေသကို စီမံခန့်ခွဲနိုင်မည့် ဝန်ထမ်းများလည်း ထားရှိရန် လိုအပ်ကြောင်း၊ လက်ရှိတွင် တရားမဝင်သစ်ခိုးထုတ်မှု များရှိနေသည့်အတွက် ယင်းဒေသ၏ ဂေဟစနစ်များ မပျက်ယွင်းစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်မှု ပေးနိုင်ရန် ဝန်ထမ်းများထားရှိရမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger