www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 4, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Niigata ခရိုင်ဝန်ကြီးနှင့် Komeito ပါတီဥက္ကဋ္ဌတို့အား လက်ခံတွေ့ဆုံ၊ ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌက ညစာဖြင့် တည်ခင်းဧည့်ခံ



နေပြည်တော် ၄-၈-၂၀၁၇

ဂျပန်နိုင်ငံ Nagaoka မြို့တွင် အလုပ်သဘော ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား Niigata ခရိုင်ဝန်ကြီး Mr. Yoneyama Ryu Ichi နှင့် Komeito ပါတီဥက္ကဋ္ဌ Mr. Natsuo YAMAGUCHI တို့က သြဂုတ် ၂ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် Hotel New Otani ရှိအစည်းအဝေးခန်းမ၌ သီးခြားစီလာရောက် တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး Niigata ခရိုင်ဝန်ကြီး Mr. Yoneyama Ryu Ichi နှင့် Komeito ပါတီဥက္ကဋ္ဌ Mr. Natsuo YAMAGUCHI တို့နှင့်အတူ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ Mr. Hideo WATANABE နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲများတွင် မြန်မာနိုင်ငံ၏ လက်ရှိပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှု အခြေအနေများနှင့် နိုင်ငံတော်အစိုးရနှင့်အတူ တပ်မတော်မှ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက်ဂျပန်နိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများ ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေမှု အခြေအနေများနှင့် ပညာတော်သင် သင်တန်းသားများ ပိုမိုစေလွှတ်နိုင်ရေး ကိစ္စရပ်များ၊ မြန်မာ-ဂျပန်ချစ်ကြည်ရေး နှင့်ပူးပေါင်း ဆောင်ရွက်မှု ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌ Mr. Hideo WATANABE က Hotel New Otani တွင် ညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် စောမင်းနှင့် တပ်မတော်အရာရှိများ တက်ရောက်ကြပြီး ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌ Mr. Hideo WATANABE နှင့်အတူ Komeito ပါတီဥက္ကဋ္ဌ Mr. Natsuo YAMAGUCHI နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ Mr. Hideo WATANABE က နှုတ်ဆက်စကား ပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် Mr. Hideo WATANABE တို့သည် တက်ရောက်လာကြ သူများနှင့်အတူ ညစာကို အတူတကွ သုံးဆောင် ကြသည်။

ယင်းနောက် ညပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် Nagaoka မီးပန်းပွဲတော် ကျင်းပနေမှုအား သွားရောက်ကြည့်ရှု အားပေးကြသည်။

အဆိုပါ မီးပန်းပွဲတော်အား ၁၉၄၅ ခုနှစ် သြဂုတ် ၁ ရက်တွင် အမေရိကန်တို့ စတင်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် Nagaoka မြို့၏ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ပြီး လူပေါင်း တစ်ထောင်ကျော် အသက်ဆုံးရှုံးခဲ့သည့် ကြေကွဲဖွယ် ဖြစ်ရပ် ကြုံတွေ့ခဲ့ရသဖြင့် နောင်တစ်နှစ် အကြာမှစတင်၍ လူအများ စိတ်သက်သာရစေရန်နှင့် အားပေးရန်၊ ကမ္ဘာတစ်ဝန်းလုံးရှိ လူတိုင်းကိုယ်စီ တောက်ပခြင်းနှင့် ငြိမ်းချမ်းသော အနာဂတ်အတွက် ဆုတောင်းပေးနိုင် ရန်တို့အတွက် Nagaoka ပြန်လည်ထူထောင်ရေး ပွဲတော်အဖြစ် နှစ်စဉ်သြဂုတ်လ ၂ ရက်မှ ၃ ရက်အထိ ကျင်းပလျက်ရှိပြီး ယနေ့ ပြုလုပ်သောပွဲတော်တွင် တက်ရောက်ကြည့်ရှု သူပေါင်း ၂ သိန်း ၅ သောင်းကျော်ရှိပြီး အလွန်လှပ ဆန်းကြယ်သည့် မီးရှူးမီးပန်းများ ပစ်လွှတ်ပြသခဲ့ကြောင်း သတင်းရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger