www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, July 15, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Narendra Modi အားဂါရ၀ပြုတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E.Mr.Narendra Modi အား ဂါရဝပြုတွေ့ဆုံစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Arun Jaitley တို့ တွေ့ဆုံဆွေးနွေးစဉ်။

နေပြည်တော် ၁၅-၇-၂၀၁၇

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ထာဝရယုံကြည်စိတ်ချရမှုရှိပြီး နှစ်နိုင်ငံနယ်စပ်ဒေသသည်လည်း ထာဝရ တည်ငြိမ်အေးချမ်းမှုရှိရမည် ဆိုသည့်ယုံကြည်ချက်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၊ တပ်မတော်အကြီးအကဲများသည်လည်း နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဂျမူး၊ ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် အပြစ်မဲ့ပြည်သူများ သေဆုံးမှုများအတွက်လည်း စိတ်မကောင်းဖြစ်ရပါကြောင်းဖြင့် အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် H.E. Mr. Narendra Modi အား ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် ၀န်ကြီးချုပ်၏အိမ်တော်၌ သွားရောက်ဂါရ၀ပြုတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမောင်ဝေ၊ တပ်မတော် အရာရှိကြီးများနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် သိန်းဇော်တို့တက်ရောက်ကြပြီး အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်နှင့် အတူ National Security Adviser ဖြစ်သူ Mr. Ajit Kumar Doval ၊ အိန္ဒိယ တပ်မတော်(ကြည်း၊ရေ၊လေ) ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ Admiral Sunil Lanba ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.VIKRAM MISRI နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံသို့ ပဉ္စမအကြိမ်မြောက် ချစ်ကြည်ရေးခရီး လာရောက်ခြင်းဖြစ်ကြောင်းနှင့် ယခုခရီးစဉ်တွင် အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်များ၊ စက်မှုလုပ်ငန်းများ၊ တပ်မတော်ပိုင်းဆိုင်ရာနေရာများသို့ ရောက်ရှိလေ့လာခဲ့မှုအခြေအနေများ၊ အိန္ဒိယတပ်မတော်အကြီးအကဲများ နှင့်တွေ့ဆုံဆွေးနွေးမှု အခြေအနေများကို ဆွေးနွေးပြောကြားပြီး ကုန်သွယ်ရေးလုပ်ငန်းအား နှစ်နိုင်ငံလုံးက မြှင့်တင်လုပ်ဆောင်ပါက ပိုမိုကောင်းမွန်ပါကြောင်းဖြင့် အကြံပြု ပြောကြားသည်။

ယင်းနောက်ဝန်ကြီးချုပ်က အကြမ်းဖက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ ပုံစံသဏ္ဍန်အမျိးမျိုးဖြင့် လုပ်ဆောင် လာခြင်းကြောင့် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသရှိ လက်နက်ကိုင်သောင်းကျန်းမှုနှိမ်နင်းရေးအတွက် ညှိနှိုင်းပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်ပိုင်းဆိုင်ရာများတွင်လည်း ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြား၍ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာများအား အပြန်အလှန် ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် တို့သည် အထိမ်းအမှတ် တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ၀န်ကြီး Mr. Arun Jaitley နှင့် ၎င်း၏ရုံးခန်း၌ တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် ကာကွယ်ရေးဝန်ကြီးက အဆွေတော်၏ခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြားရှိ ရှိရင်းစွဲဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အပြည့်အ၀ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိ၏ခရီးစဉ်သည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များသာမက မြန်မာ-အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်စေနိုင်မည်ဖြစ်ကြောင်း၊ အဓိကမှာနှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဖြစ်ပြီး နယ်စပ်ဒေသရှိ လက်နက်ကိုင်သောင်းကျန်းသူများအား တပ်မတော်နှစ်ရပ်ညှိနှိုင်း၍ ပူးပေါင်းရှင်းလင်းသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ပင်လယ်ရေကြောင်းလုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရေးကိစ္စရပ်များတွင် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်မှုအခြေအနေများ၊ လေ့ကျင့်ရေးသင်တန်းဆိုင်ရာ များကို အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယနိုင်ငံကာကွယ် ရေးဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ကာကွယ်ရေးဝန်ကြီးဌာန South Block ရှိ Conference Hall တွင် Secretary General, Lok Sabha Parliament of India (Retd) ဖြစ်သူ Dr. SUBHASH C.Kashyap က အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အကြောင်းအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်နယ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာများ၊ အုပ်ချုပ်ရေးအာဏာခွဲဝေမှုဆိုင်ရာများနှင့် အခြားသိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger