www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 5, 2017

တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် ဆန်တင်ပို့ရန် အရည်အသွေး ပြည့်မီသည့် ဆန်စက်များ ထပ်မံတိုးချဲ့မည်



ရန်ကုန် ၅-၇-၂၀၁၇

တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် ဆန်တင်ပို့ရန် အရည်အသွေးပြည့်မီသည့် ဆန်စက်များ ထပ်မံတိုးချဲ့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။

တရုတ်နိုင်ငံသို့ ပထမအကြိမ် ဆန်တင်ပို့ရာတွင် ယင်းတို့ဘက်မှ ရွေးချယ်ထားသည့် မြန်မာနိုင်ငံရှိ အရည်အသွေးမီ ဆန်စက် ၁၁ လုံးမှ ကြိတ်ခွဲရရှိသည့် ဆန်တန်ချိန် တစ်သိန်းအား တင်ပို့ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်မြောက် အဖြစ် MoU လက်မှတ်ရေးထိုး၍ ဆန်တန်ချိန်နှစ်သိန်း တင်ပို့မည်ဖြစ်သဖြင့် အရည်အသွေးပြည့်မီသော ဆန်စက်များကို တိုးမြှင့်ရမည်ဖြစ်ကြောင်း သိရသည်။

''တရုတ်နိုင်ငံကို ဆန်တင်ပို့မယ်ဆိုရင် သူတို့ဘက်က အရည်အသွေးစစ်ဆေးရေး အာဏာပိုင်အဖွဲ့ရဲ့ အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံကဆန်စက် တွေမှာကြိတ်ခွဲ ထားတဲ့ဆန်တွေသာ တင်ပို့ခွင့်ရှိတာပါ။ တင်ပို့သူ အနေနဲ့ ဘယ်သူဖြစ်ဖြစ် တင်ပို့လို့ရပေမယ့် ဆန်စက်တွေကတော့ သူတို့စစ်ဆေးပြီး အသိအမှတ်ပြုခံရတဲ့ ဆန်စက်တွေ ဖြစ်ဖို့လိုပါတယ်။ ၂ဝ၁၄ ခုနှစ်နဲ့ ၂ဝ၁၅ ခုနှစ်တို့မှာ သူတို့လာစစ်တုန်းက အရည်အသွေးမီ ဆန်စက် ၁၁ လုံးရှိပြီး အဲဒီဆန်စက်တွေက ဆန်တွေကိုသာ တင်ပို့ခွင့်ရတာ ဖြစ်ပါတယ်။ အခုဒီနှစ်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ အခုလို အရည်အသွေးပြည့်မီတဲ့ ဆန်စက်တွေ ထပ်မံတိုးချဲ့နိုင်ဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်''ဟု ဦးရဲမင်းအောင် ကပြောသည်။

ထိုသို့ အရည်အသွေးပြည့်မီသော ဆန်စက်များ တိုးချဲ့နိုင်ရေးအတွက် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် စိတ်ပါဝင်စားသည့် ဆန်စက်များကို ဖိတ်ခေါ်၍ အရည်အသွေး စံချိန်စံညွှန်း ကိုက်ညီမှုရှိ၊ မရှိကို ကြိုတင်စစ်ဆေး ရွေးချယ်ထားပြီး တရုတ်နိုင်ငံမှ လာရောက်စစ်ဆေး ချိန်တွင် စစ်ဆေးထားပြီးသည့် ဆန်စက်များကို တင်ပြသွားမည် ဖြစ်သည်။

ယင်းသို့ ဆန်စက်များ၏ အရည်အသွေး ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ စိစစ်ရွေးချယ် နိုင်စေရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ပိုးမွှားကာကွယ်ရေး ဌာနနှင့် တခြားသောကျွမ်းကျင် ပညာရှင်များ ပူးပေါင်း၍ အဖွဲ့ဖွဲ့ပြီး ဆန်စက်အရည်အသွေး ပိုင်းများအား စစ်ဆေးသွားမည် ဖြစ်သည်။

အရည်အသွေး ပိုင်းစစ်ဆေးရာတွင် ဆန်စက်မှ ထုတ်လုပ်သော ဆန်များသည် ဓာတ်မြေသြဇာ ဓာတုပစ္စည်း ကင်းစင်ခြင်း၊ ပိုးမွှားနှိမ်နင်းမှုရှိခြင်း၊ စီမံခန့်ခွဲမှုနှင့် သန့်ရှင်းရေး ကောင်းမွန်ခြင်းနှင့် တခြားသောကုန်ပစ္စည်းတင်ပို့ ရာတွင် အဝင်အထွက် ကောင်းမွန်ခြင်း စသည့်အချက်များကို ကြည့်ရှု၍ ရွေးချယ်သတ်မှတ်မည် ဖြစ်သည်။

တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် ဆန်တင်ပို့ရန် MoU လက်မှတ်ကို ဇူလိုင်လနှင့် သြဂုတ်လတို့တွင် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်လျက်ရှိပြီး ဆန်တင်ပို့ခြင်းကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် တင်ပို့နိုင်ရန် လျာထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger