www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 17, 2017

ချင်းတွင်းမြစ်တွင်းသွား ရေယာဉ်များ ဇူလိုင် ၁၉ ရက်တွင် ပြန်လည်ပြေးဆွဲမည်


ချင်းတွင်းမြစ်တွင်းသွားရေယာဉ်များကို တွေ့ရစဉ်။

မုံရွာ ၁၇-၇-၂၀၁၇

ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ ဒုတိယပတ်တွင် မြင့်တက်လာသဖြင့် မုံရွာမြို့မှ အထက်ပိုင်းဒေသများသို့ ထွက်ရှိမည့် ရေယာဉ်ခရီးစဉ်များကို ဇူလိုင် ၈ ရက်မှ ၁၂ ရက် အထိတစ်ကြိမ်၊ ဇူလိုင် ၁၃ ရက်မှ ၁၆ ရက်အထိတစ်ကြိမ် ရပ်နားထားခဲ့ရာ မြစ်ရေကျဆင်းခြင်း မရှိသဖြင့် ခရီးစဉ်ပြေးဆွဲ မှုများကို ဇူလိုင် ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်ကြာထပ်မံ ရပ်နားထားမည် ဖြစ်ကြောင်း သိရသည်။

''ခရီးစဉ်ပြေးဆွဲမှုတွေကို မြစ်ရေကြီးမြင့်မှု အခြေအနေအရ ကိုးရက်ရပ်နား ထားပါတယ်။ အခုအထက်ပိုင်းတွေမှာ မြစ်ရေတွေက ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေမှာတော့ စိုးရိမ်ရေမှတ်အောက်ကို စရောက်နေပြီ။ ကျန်မြို့တွေ ကတော့ စိုးရိမ်ရေမှတ် အထက်မှာပဲ ရှိသေးတယ်။ အဲဒါကြောင့် ခရီးစဉ်ပြေးဆွဲမှုကို နှစ်ရက်ထပ်ပြီးတော့ နားတာပါ။ သတ်မှတ်ရက် ပြီးရင်တော့ ခရီးစဉ်တွေကို ပြန်လည်ပြေးဆွဲခွင့် ပြုသွားမှာပါ''ဟု မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းတွင်းမြစ်ရေသည် ယနေ့နံနက် ၉ နာရီတွင် ချင်းတွင်းအထက်ပိုင်း ဒေသများဖြစ်သော ခန္တီးမြို့တွင် ၉၇၆ စင်တီမီတာ၊ ဟုမ္မလင်းမြို့တွင် ၂၈၉၅ စင်တီမီတာ၊ ဖောင်းပြင်မြို့တွင် ၁၃၆၅ စင်တီမီတာ၊ မော်လိုက်မြို့တွင် ၁၃၉၅ စင်တီမီတာ၊ ကလေးဝမြို့တွင် ၁၆၈၂ စင်တီမီတာ၊ မင်းကင်းမြို့တွင် ၁၄၉၁ စင်တီမီတာ၊ ကနီမြို့တွင် ၁၂၈၉ စင်တီမီတာနှင့် မုံရွာမြို့တွင် ၁ဝ၇၁ စင်တီမီတာသို့ အသီးသီး ရောက်ရှိသည်။

မုံရွာမြို့ ချင်းတွင်းဆိပ်ကမ်းမှ အထက်ပိုင်းဒေသများသို့ ပြေးဆွဲလျက်ရှိသော ကုန်တင်ရေယာဉ် ၄၅၂ စင်း၊ လူစီးအမြန်ရေယာဉ် ၁၃၄ စင်းဖြင့် ကုန်စည်နှင့် ခရီးသည်များကို အထက်အောက်စုန်ဆန် ပြေးဆွဲပေးလျက်ရှိရာ ချင်းတွင်းမြစ်ရေ ကြီးမြင့်လာသဖြင့် လမ်းခရီးတွင် အန္တရာယ်မဖြစ် ပေါ်စေရေးအတွက် ခရီးစဉ်များကို ခေတ္တရပ်နား ထားခြင်းဖြစ်ပြီး ဇူလိုင် ၁၉ ရက်တွင် ပြန်လည်ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger