www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 21, 2017

ယခုနှစ်အတွင်း တောင်သမန်အင်း အတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု နောက်ကျနေသော်လည်း နောက်ထပ်နှစ်ကြိမ် ဝင်ရောက်ရန်ကျန်ရှိနေ


တောင်သမန်အင်းအတွင်း လက်ရှိရေဝင်ရောက်မှု အခြေအနေကို တွေ့ရစဉ်။

မန္တလေး ၂၁-၇-၂၀၁၇

ယခုနှစ်အတွင်း တောင်သမန်အင်း အတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု နောက်ကျနေသော်လည်း နောက်ထပ်နှစ်ကြိမ် ဝင်ရောက်ရန် ကျန်ရှိနေကြောင်း တောင်သမန်တံတား ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိအချိန်တွင် တောင်သမန်အင်း အတွင်းသို့ ဇူလိုင် ၁၃ ရက်မှစတင်၍ ပထမအကြိမ် ရေများတဖြည်းဖြည်း ဝင်ရောက်လာပြီး တောင်သမန် တံတားကြမ်းပြင်နှင့် ရေပြင်ထိစပ်ရန် အကွာအဝေးမှာ ခြောက်ပေမျှသာ လိုတော့ကြောင်း သိရသည်။

''ဒီနှစ်ရေဝင်ရောက်မှုက နောက်ကျပါတယ်။ မနှစ်ကဆိုရင် ဇူလိုင်လ အစပိုင်းကနေပြီးတော့ စတင်ဝင်ရောက်ပါတယ်။ မြစ်ရေဝင်ရောက်တဲ့ အခါမှာ ဒီနှစ်လောက်တော့ မများပါဘူး။ ဒီနှစ်ပထမအကြိမ် ရေဝင်တဲ့အခါမှာ အများဆုံးဖြစ်ပါတယ်။ မနှစ်ကဆိုရင် ဇူလိုင်လမှာ နှစ်ကြိမ်၊ စက်တင်ဘာလမှာ တစ်ကြိမ် သုံးကြိမ်ဝင်ရောက် ခဲ့ပါတယ်။ မနှစ်က စက်တင်ဘာလမှာ ဝင်ရောက်တဲ့ရေကတံတားကို ရေကျော်တဲ့ အခြေအနေထိရောက်ရှိသွားပါတယ်''ဟု ၎င်းက ပြောပြသည်။

တောင်သမန်အင်း အတွင်းသို့ ရေဝင်ရောက်မှုမှာ ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်း ကြောင့်ဖြစ်ပြီး ဧရာဝတီမြစ်ရေ ဆက်လက် မြင့်တက်လာပါက တံတားကြမ်းပြင်အောက်ထိ ရေထိနိုင်ကြောင်း၊ ယခုလက်ရှိ အချိန်တွင် ဧရာဝတီမြစ်ရေမှာ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။

''တောင်သမန်အင်း အတွင်းကို နှစ်စဉ် မြစ်ရေ ဝင်ရောက်မှုများရှိတဲ့ အတွက် တံတားကြံ့ခိုင်မှုရှိအောင် တန်ခူးလကစပြီး အကြီးစားပြုပြင်မှုတွေ၊ တိုင်လုံးများ လဲလှယ်ခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ အင်းအတွင်း ရေစီး ရေလာကောင်းမွန်အောင် အင်းနဲ့ဆက်စပ်တဲ့ ချောင်းတွေကို ပြုပြင်မှုတွေ ပြုလုပ်ထားပါတယ်။ ရေတက်တာက ဒီနှစ်မှာ ပထမဆုံးအကြိမ် ပဲရှိပါသေးတယ်။ ရေတက်တာက နေ့စဉ် နှစ်တောင်လောက်ထိ မြင့်တက် ခဲ့ပါတယ်။ လောလောဆယ်တော့ ဧရာဝတီမြစ်ရေ အနည်းငယ်ကျဆင်း သွားပါပြီ။ ဧရာဝတီမြစ်ရေ နောက်ထပ်နှစ်ကြိမ် တိုးလာနိုင်ပါသေးတယ်'' ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုလက်ရှိ အချိန်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုမှာ ရပ်တန့်နေ၍ တဖြည်းဖြည်း ပြန်ကျလာနိုင်ပြီး တစ်ပတ်အတွင်း စိုးရိမ်ရေမှတ်သို့ မရောက်ရှိ နိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်) မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger