www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 9, 2017

မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဂါယာမြို့ရှိ ဗုဒ္ဓဂါယာ ဥယျာဉ်တော်အတွင်း လှည့်လည်ကြည်ညို၊ သံဃာတော်များအား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း


ဂါယာမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဥာဏိန္ဒအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းစဉ်။

မဟာဗောဓိစေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဝါဆိုကြာသင်္ကန်း ဆက်ကပ်လှူဒါန်း၍ ဖူးမြော်ကြည်ညိုစဉ်။

မဟာဗောဓိညောင်ပင်ကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တို့ ဖူးမြော်ကြည်ညိုစဉ်။

မဟာဗောဓိစေတီတော်ကြီးရှေ့၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ်။

အိန္ဒိယသမ္မတနိုင်ငံ ဂါယာမြို့တွင် ရောက်ရှိသီတင်းသုံးနေသော သံဃာတော်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းစဉ်။

နေပြည်တော် ၉-၇-၂၀၁၇

ယနေ့ဝါဆိုလပြည့်ဗုဒ္ဓနေ့အခါသမယတွင် အိန္ဒိယသမ္မတနိုင်ငံ၊ ဂါယာမြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ဒေသစံတော်ချိန် ၅ နာရီခွဲတွင် မဟာဗောဓိစေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ဗုဒ္ဓဂါယာမြန်မာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတအဘိဓဇမဟာ သဒ္ဒမဇောတိက ဘဒ္ဒန္တဥာဏိန္ဒ အမှူးပြုသည့် သံဃာတော်များက မဟာဗောဓိစေတီတော်ကြီး၏ အထက်ပစ္စယံတွင် တည်ထားကိုးကွယ်သည့် ဘုရားလောင်းရုပ်ပွားတော်မြတ်အား ဗုဒ္ဓဘိသေက အနေကဇာတင်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဗုဒ္ဓဂါယာဥယျာဉ်တော်သို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် မဟာဗောဓိစေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး နှင့် ၀ါဆိုကြာသင်္ကန်း ဆက်ကပ်လှူဒါန်း၍ ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက်စေတီတော်ကြီး၏ အထက်ပစ္စယံတွင် တည်ထားကိုးကွယ်သည့် ဘုရားလောင်းဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။ ထို့နောက် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဘုရားပရိဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်ကြီးအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး မဟာဗောဓိပင်၏ အနောက်မြောက်ထောင့်အရပ်ရှိ မြတ်စွာဘုရား ပဋ္ဌာန်းတရားတော်ကို ၇ ရက်ပတ်လုံးဆင်ခြင်၍ ကိုယ်ခန္ဓာမှရောင်ခြည်တော် ကွန့်မြူးတော်မူခဲ့သည့် အထိမ်းအမှတ်နေရာ ရတနာဃရသတ္တဌာနရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်များအားလည်းကောင်း၊ မုစလိန္ဒအိုင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အားလည်းကောင်း ဖူးမြော်ကြည်ညို၍ မုစလိန္ဒအိုင်အတွင်းရှိ ငါးများအားငါးစာကျွေးသည်။ ယင်းနောက် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ဗုဒ္ဓဂါယာဥယျာဉ်သို့ ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူး လာရောက်ကြသူများမှ လှူဒါန်းထားမှုများကို လှည့်လည်ကြည့်ရှုကြပြီး မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မဟာဗောဓိစေတီတော်ကြီးရှေ့၌ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဂါယာမြို့အတွင်းရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကြသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတအဘိဓဇမဟာ သဒ္ဒမဇောတိက ဘဒ္ဒန္တဥာဏိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကဗုဒ္ဓဂါယာအတွင်း မြန်မာသံဃာတော်များ ရောက်ရှိသာသနာပြုမှု သမိုင်းကိုရှင်းလင်းမိန့်ကြား၍ ဓမ္မစကြာနေ့ အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူ သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကျောင်းထိုင်ဆရာတော်အား ၀ါဆိုသင်္ကန်း၊ န၀ကမ္မအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တပ်မတော်အရာရှိကြီးများက ဂါယာမြို့တွင်ရောက်ရှိ သီတင်းသုံးနေကြသော သံဃာတော်များအား ၀ါဆိုသင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger