www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 18, 2017

မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အဝီစိစက်ရေတွင်းပေါင်း ၁ဝဝခန့် တူးဖော်ရန် လျာထား



ညောင်ဦး ၁၈-၇-၂၀၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် JICA အဖွဲ့တို့ ပူးပေါင်း၍ အပူပိုင်းဇုန် ကျေးလက်ရေ ရရှိရေးစီမံကိန်းအပိုင်း (၂) အဖြစ် ကျေးလက်နေပြည်သူများ နှစ်စဉ်ကြုံတွေ့နေရသည့် သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာ လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ကျေးလက်ဒေသ ရေရှိရေးအတွက် အဝီစိ စက်ရေတွင်းပေါင်း ၁ဝဝခန့် တူးဖော်ဆောင်ရွက်သွားရန် လျာထား လျက်ရှိကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အပူပိုင်းဇုန်ကျေးလက် ရေရရှိရေးစီမံကိန်းရုံးမှ ဦးသန့်ဇင်ဝင်း (ဦးစီးအရာရှိနည်းပညာ) ထံမှသိရသည်။

၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ညောင်ဦးမြို့နယ်အတွင်း အဝီစိစက်ရေတွင်း ပေါင်း ၂ဝ ခန့် တူးဖော်ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီးအဆိုပါ အဝီစိ စက်ရေတွင်းများ အနက် ညောင်ဦးမြို့နယ် ညောင်ပင် သာကျေးရွာတွင် ဒေသခံကျေးလက် နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ အသုံးပြုနိုင်ရေးအတွက် ခြောက်လက်မ အဝီစိစက်ရေတွင်း တူးဖော်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အဝီစိစက်ရေတွင်းတူး ဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဝီစိစက်ရေတွင်းမှ ရေထွက်နှုန်းသည် တစ်နာရီလျှင် ရေဂါလန် ၃ဝဝဝခန့် ထွက်ရှိ၍ ညောင်ဦးမြို့နယ် ညောင်ပင်သာ ကျေးရွာရှိ အိမ်ခြေ ၇ဝမှ ဒေသခံပြည်သူ ၃၄၅ဦးခန့်အား သောက်သုံးရေ ဖူလုံစွာ အကျိုးပြု ပေးနိုင်မည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ အပူပိုင်းဇုန် ကျေးလက်ရေ ရရှိရေးစီမံကိန်း ရုံးမှဦးသန့်ဇင်ဝင်း (ဦးစီးအရာရှိ နည်းပညာ) ထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger