www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 21, 2017

သံတွဲမြို့၌ရက်ရှည် မိုးရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိ နေအိမ်အချို့ရေများဝင်ရောက်



သံတွဲ ၂၁-၆-၂၀၁၇

ရခိုင်ပြည်နယ် သံတွဲမြို့၌ ၁ဝရက်ခန့် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် သံတွဲချောင်းရေမြင့်တက်ကာ မြေနိမ့်ပိုင်းရပ်ကွက်များ အတွင်းရေများစတင် ဝင်ရောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင်သံတွဲမြို့၌ ဆိုးဆိုးရွားရွား ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း မရှိသေးသော်လည်း ရက်ရှည်မိုးဆက်လက် ရွာသွန်းပါက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရေကြီးမှုကြိုတင် ကာကွယ်ရေး သတိပေးချက် ထုတ်ပြန် ထားပြီး လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို မြို့နေပြည်သူများအား အသိပေးထားကြောင်း သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန် ကပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သံတွဲမြို့၌ မိုးရေချိန် ၁ဝ လက်မကျော် ရွာသွန်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ရာ လက်ရှိတွင် သံတွဲချောင်း၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၃ ပေခန့်သာ လိုတော့ကြောင်း သိရသည်။

သံတွဲ ချောင်းရေလျှံပါက သံတွဲမြို့ပေါ်ရှိ ရပ်ကွက် ရှစ်ခုအတွင်းသို့ ရေများဝင်ရောက် လေ့ရှိသော်လည်း အထူးသဖြင့် သံတွဲမြို့ မြေနိမ့်ပိုင်းရှိ ရပ်ကွက်အမှတ် ၁၊ ၂၊ ၄ နှင့် ၇ ရပ်ကွက် တို့သည်ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ရန် အလားအလာ ပိုများကြောင်းနှင့် ၂ဝ၁၅ခုနှစ်က ဖြစ်ပွားခဲ့သော သံတွဲချောင်း ရေကြီးရေလျှံ မှုကြောင့် အိမ်ခြေ ၄ဝဝ နီးပါး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရဖူးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger