www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 20, 2017

ခေတ်မီသောနိုင်ငံတစ်ခု၊ တပ်မတော်တစ်ခုတည်ဆောက်ရန်အတွက် အသိပညာ အတတ်ပညာများလိုအပ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင်တက်ရောက်ပညာသင်ကြားလျက်ရှိသည့် မြန်မာ့တပ်မတော်အရာရှိများအား
 သြဝါဒစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပညာတော်သင်အရာရှိများ အတွက်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပညာတော်သင်အရာရှိများ အတွက်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်စဉ်။

နေပြည်တော် ၂၀-၆-၂၀၁၇

အသိပညာအတတ်ပညာဆိုသည်မှာ မိမိတို့၏စိတ်ပါဝင်စားမှုနှင့် ကြိုးစားအားထုတ်မှု အပေါ်တွင်မူတည်၍ ကွာခြားသွားနိုင်ကြောင်း၊ ခေတ်မီသောနိုင်ငံတစ်ခု၊ တပ်မတော်တစ်ခု တည်ဆောက်ရန်အတွက် အသိပညာအတတ်ပညာ များလိုအပ်သဖြင့် ပညာတော်သင်များ စေလွှတ်သင်ကြားစေခြင်း ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် တက်ရောက်ပညာ သင် ကြားလျက်ရှိသည့် မြန်မာ့တပ်မတော်အရာရှိများအား ဇွန် ၁၈ ရက်တွင် မော်စကိုမြို့ရှိ Moscow Power Engineering Institute (MPEI) တက္ကသိုလ်တွင် သွားရောက်တွေ့ဆုံသြ၀ါဒ စကားပြောကြားရာ၌ ထည့်သွင်း ပြောကြား သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇွန် ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၀ မိနစ်၊ မြန်မာစံတော်ချိန် ည ၇ နာရီ ၅၀ မိနစ်တွင် မော်စကိုမြို့ရှိ Moscow Power Engineering Institute (MPEI) တက္ကသိုလ်သို့ ရောက်ရှိရာတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦး နှင့် သင်တန်းသားအရာရှိများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သြ၀ါဒစကားပြောကြားရာတွင် သင်တန်းသားအရာရှိများ အနေဖြင့် ယခုသင်ယူလျက်ရှိသော ပညာရပ်များတွင် သိပ္ပံပညာ၊ ကွန်ပျူတာပညာ၊ အင်ဂျင်နီယာပညာ စသည်များပါဝင် ကြောင်း၊ မိမိတို့သင်ကြားလျက်ရှိသည့် ဘာသာရပ်များအား လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာသင်ယူရန်လိုကြောင်း၊ တက္ကသိုလ်များ သည် လေ့လာမှုကိုအဓိကထားပြီး မိမိတို့ဘာသာရပ်အလိုက် နက်နက်နည်းနည်း လေ့လာတွေးခေါ်ရန် လမ်းဖွင့်ထားခြင်းဖြစ်သဖြင့် မိမိတို့သင်ယူရသည့် ဘာသာရပ်များအား ကျယ်ကျယ်ပြန့်ပြန့် လေ့လာရန်လိုအပ်ပြီး နိုင်ငံတော်နှင့် တပ်မတော်တွင် ၄င်းပညာများ အားပြန်လည် အသုံးချရန်အတွက် နယ်ပယ်များစွာရှိကြောင်း၊ ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေးတွင် တပ်မတော်သားများ၏ ပညာရည်မြင့်မားမှုသည် များစွာအထောက်အကူ ဖြစ်ကြောင်း၊ သို့ဖြစ်၍ တပ်မတော်သား များ၏ပညာရေးအား အထူးအလေးပေး မြှင့်တင်ဆောင်ရွက်နေကြောင်း ဦးစွာရှင်းလင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကို Standard Army ဖြစ်စေရေးအတွက် တပ်မတော်သားတိုင်း စွမ်းရည်သုံးရပ် ထက်မြက်နေရန်လိုကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့အဆင့်လိုက် လုပ်ငန်းများအား တတ်ကျွမ်းနားလည်မှု ရှိရန်လိုကြောင်း၊ သင်တန်းသားအရာရှိများ သင်ယူနေသော ဘာသာရပ်များသည် နိုင်ငံတော်နှင့်တပ်မတော် တည်ဆောက်ရေးအတွက် အရေးကြီးသော ဘာသာရပ်များဖြစ်သကဲ့သို့ ၀ိဇ္ဇာသိပ္ပံဘာသာရပ်များ ကိုလည်း ပစ်ပယ် ထား၍မရကြောင်း၊၀ိဇ္ဇာသိပ္ပံပညာရပ်များသည် လုပ်ငန်းတာဝန်များကို ဦးဆောင်မှုပေးရာတွင် ကြုံတွေ့လာနိုင်သည့် ကိစ္စများကိုဖြေရှင်းရန် တွေးခေါ်မြော်မြင်ရာ၌ များစွာအထောက်အကူဖြစ်ကြောင်း၊စစ်ခေါင်းဆောင်တစ်ယောက် ဖြစ်လာလျှင် သမိုင်းနှင့်ပထ၀ီကို နားလည်သိရှိထားရမည်ဖြစ်သဖြင့် စစ်သမိုင်းပညာ၊ စစ်ဘက် ပထ၀ီပညာများကိုလည်း လေ့လာသွားရန် လိုကြောင်းဖြည့်စွက် မှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတိုင်းသည် မိမိတို့တပ်မတော်များကို စွမ်းပကားရှိအောင် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ အဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ခေတ်မီတပ်မတော်တစ်ရပ် Standard Army တည်ဆောက်ရာတွင် တိုးတက်မှုများစွာ ရရှိနေပြီဖြစ်ကြောင်း၊အရာရှိ၊ စစ်သည်များအနေဖြင့် သက်ဆိုင်ရာ မိမိတို့ကဏ္ဍအလိုက် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင် ခဲ့ကြ၍ဖြစ်ကြောင်း၊ သင်တန်းသား အရာရှိများအနေဖြင့် တိုင်းပြည်သို့ ပြန်လည်ရောက်ရှိချိန်တွင် မိမိတို့လေ့လာသင်ယူခဲ့သည့် အတတ်ပညာများဖြင့် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရန်ကြိုးစား သွားရမည်ဖြစ်ကြောင်း၊ အချိန်၊ငွေ၊လုပ်အားများပေး၍ သင်ယူနေရသဖြင့် အကျိုးရှိအောင်သင်ယူရန်၊ အမြဲတမ်း ကြိုးစားသွားကြရန် လိုကြောင်း၊မိမိကိုယ်ကို အလိုမလိုက်သကဲ့သို့ လက်အောက်သို့လည်း အလိုမလိုက်ဘဲထိန်းသိမ်း ရန်နှင့်ကျန်းမာရေး ဂရုစိုက်ပြီးနေထိုင် စားသောက်မှုစနစ် မှန်ကန်စေရေးတို့အား မှာကြားသည်။

၎င်းနောက်လက်ရှိမြန်မာနိုင်ငံသည် ပြည်သူများရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီး တပ်မတော်အနေဖြင့် အဆိုပါလမ်းကြောင်းပေါ်မှ သွေဖည်မည်မဟုတ်ကြောင်း၊ နိုင်ငံတော်အစိုးရအပေါ် အထောက်အကူဖြစ်စေရန် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း၊ လက်ရှိအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်ကို အခြေခံထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ်အလိုက် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအဏာ၊ တရားစီရင်ရေးအာဏာများလည်း ပေးအပ်ထားကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် စိတ်ရှည်သည်းခံစွာဖြင့် လုပ်ဆောင်နေကြောင်း၊ တိုင်းရင်းသားများအား စာနာထောက်ထားရန် လိုအပ်ကြောင်း မိမိတို့အပေါ် သံသယဖြစ်နိုင်သည့် ကိစ္စရပ်များအား တတ်နိုင်သမျှရှောင်ရှားရမည်ဖြစ်ကြောင်း၊ နိုင်ငံတွင်တစ်ခုတည်းသော တပ်မတော်သာ ရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မူဝါဒ ၆ ရပ် ချမှတ်ကာ ရပ်တည်ဆောင်ရွက်နေကြောင်း ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပညာတော်သင် အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger