www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 16, 2017

မန္တလေး-တမူး အဓိက ပြေးဆွဲနေသည့် အဝေးပြေးကုန်တင်ယာဉ်လိုင်းအချို့ ပြေးဆွဲမှုယာယီရပ်နား



မန္တလေး ၁၆-၆-၂၀၁၇

မန္တလေး-တမူး အဓိကပြေးဆွဲ နေကြသည့် အဝေးပြေးကုန်တင် ယာဉ်လိုင်းအချို့ ပြေးဆွဲမှုကို ယာယီရပ်နားထားကြောင်း TMW မန္တလေး-ကလေး-တမူး အဝေးပြေး ကုန်တင်ယာဉ်ဂိတ် (မန္တလေး)မှ သိရသည်။

မိုးတွင်းကာလတွင် လမ်းအခြေအနေ ဆိုးရွားနေခြင်းနှင့် တမူးဘက်မှ အဆင်းကုန်မရရှိသလောက် ဖြစ်နေခြင်းတို့ကြောင်း မန္တလေး-တမူး အဓိက ပြေးဆွဲနေကြသည့် အဝေးပြေး ကုန်တင်ယာဉ်လိုင်းအချို့တို့သည် မေလကုန်ပိုင်းမှစတင်၍ တဖြည်းဖြည်း ရပ်နားမှုများ ရှိလာနေကြောင်း TMW မန္တလေး-ကလေး-တမူး အဝေးပြေးကုန်တင် ယာဉ်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

''မန္တလေးဘက်က အတက်ကုန်ကတော့ ရှိနေသေးတယ်။ ဒါပေမဲ့ အဆင်းကုန်က ကျောက်မီးသွေး အဓိက တင်နေရပါတယ်။ ကျောက်မီးသွေးကလဲ မိုးစိုမခံဘူးဆိုတော့ သယ်လို့မဖြစ်ဘူးဖြစ်နေတယ်။ နောက်ပြီး ကျောက်မီးသွေးကို သွားတင်ရတဲ့ လမ်းတွေကလဲ မိုးများပြီး ပျက်စီးနေတော့ ကားတွေသွားမရ ဖြစ်နေတယ်။ အဆင်းကုန်က မရှိသလောက်ဖြစ် နေတဲ့အတွက် တော်တော်များများက နားထားတယ်''ဟု ၎င်းကဆက် လက်ပြောပြသည်။

လက်ရှိအချိန်တွင် မန္တလေးဘက်မှတမူးသို့ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ အစရှိသည့် ကုန်မျိုးစုံတင်ပို့နေရပြီး ၁၂ ဘီးကုန်တင်ယာဉ် တစ်စီးလျှင် မန္တလေးမှ တမူးအရောက် (ကုန်စုံ) ငွေကျပ်ရှစ်သိန်းငါးသောင်း ခန့်ထိ ဈေးရကြောင်းနှင့် အဆင်းကုန်မရှိခြင်းကြောင့် တန်ဆာခတစ်ဝက်သာ ရရှိနေကြောင်း အဝေးပြေးကုန်တင်ယာဉ် လုပ်ငန်းလုပ်ကိုင် နေကြသူများထံမှ သိရသည်။

မန္တလေးမှ တမူးသို့ ပြေးဆွဲနေကြသည့် ကုန်တင်ယာဉ်ကြီးများသည် နွေကာလတွင် မဟာမြိုင်လမ်းဘက်မှ သွားလာ၍ ရသော်လည်း မိုးတွင်းကာလတွင် ဂန့်ဂေါလမ်းပိုင်းမှ သွားလာရကာ မန္တလေးမှ တမူးသို့ မဟာမြိုင်လမ်းသည် မိုင်၂ဝဝခန့်သာ ကွာဝေးသော်လည်း ဂန့်ဂေါလမ်းပိုင်းသည် မိုင် ၃ဝဝ ခန့်ထိ အကွာအဝေးရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger