www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 23, 2017

မြန်မာနိုင်ငံ၏ Situation အမှန်ကိုသိရန်လို၊ မှားယွင်းသည့် Report များကြောင့် အထင်အမြင် လွဲမှားမှုများရှိနေ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos တို့ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos အား လက်ခံတွေ့ဆုံစဉ်။


ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နေပြည်တော်ရှိသူရဲကောင်း ဗိမာန်တွင် လှည့်လည်ကြည့်ရှုစဉ်။

ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos  နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ရှိ သင်တန်းခန်းမ၌ EU နှင့်ပတ်သက်သည့်ကိစ္စရပ်များကို Power point ဖြင့် ရှင်းလင်းပြသစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos တို့ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က အကပဒေသာများဖြင့် ကပြဖျော်ဖြေမှုကို 
ကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၂၃-၅-၂၀၁၇

ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာ၌ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန် အရေးကြီးပါကြောင်း၊ မိမိနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း လုံခြုံမှုနှင့် တည်ငြိမ်မှုမရှိပါက မည်သည့်နည်းနှင့်မျှ ခိုင်ခိုင်မာမာ ဆက်လက် လျှောက်လှမ်းနိုင်မည် မဟုတ်ကြောင်း၊ သို့ဖြစ်၍ တပ်မတော် အနေဖြင့်လည်း ကြိုးစားဆောင်ရွက် နေကြောင်း၊ မြန်မာနိုင်ငံ၏ Situation အမှန်ကိုလည်း သိရန်လိုကြောင်း၊ မှားယွင်းသည့် Report များကြောင့် အထင်အမြင် လွဲမှားမှုများ ရှိနေကြောင်း၊ မိမိတို့အနေဖြင့် အခြေအနေ မှန်များကို ရှင်းပြနိုင် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက်ပိုင်းတွင် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

ဦးစွာ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့သည် အခမ်းအနားတက်ရောက် လာကြသော တပ်မတော်အရာရှိ ကြီးများကို အပြန်အလှန် မိတ်ဆက်ပေး ကြသည်။

အဆိုပါဂုဏ်ပြု ကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) သံအမတ်ကြီး H.E. Mr. Roland Kobia ၊ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီမှ စစ်ဘက်လက်ထောက် Colonel Christer Nordh နှင့်တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထို့နောက် ဥရောပ သမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိမိအနေဖြင့် မြန်မာ့တပ်မတော်နှင့် EU ကာကွယ်ရေး တပ်ဖွဲ့များ အကြား အကောင်းဆုံး ဆက်ဆံရေးဖြစ်စေရန် စတင်လုပ်ဆောင်ခဲ့ပြီး အဆွေတော် အနေဖြင့်လည်း မြန်မာ့တပ်မတော်နှင့် EU ကာကွယ်ရေး တပ်ဖွဲ့များ၏ ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးကို လမ်းခင်းပေးခဲ့သဖြင့် မိမိတို့၏ ဆက်ဆံရေး သမိုင်းသစ်ကို စတင်နိုင်ခဲ့ကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌက မိမိအနေဖြင့် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခွင့်ရသည့် အတွက်ဂုဏ်ယူ ၀မ်းမြောက်ပါကြောင်း၊ ယခုခရီးစဉ် သည်လည်း မိမိတို့၏ ဆက်ဆံရေး အောင်မြင်မှု အစသာဖြစ်ကြောင်း၊ လာမည့် အနာဂတ်ကာလတွင် ပိုမိုတိုးတက် ခိုင်မြဲအောင် ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် မြန်မာ့တပ်မတော်၏ လှုပ်ရှားမှုများသည် စည်းကမ်းလိုက်နာမှု ကောင်းမွန်ပြီး ကြီးမားသည့် အစုအဖွဲ့ဖြင့် လုပ်ကိုင်နိုင်စွမ်းရှိသော တပ်မတော် တစ်ရပ်အဖြစ် တွေ့မြင်ရသည့် အတွက်လည်း ဂုဏ်ယူပါကြောင်း ပြန်လည်ပြောကြားပြီး EU ဆိုင်ရာ စစ်ဘက်သံတမန် ခန့်အပ်ရေး ကိစ္စရပ်များ၊ လေ့ကျင့်ရေးသင်တန်း စေလွှတ်ရေး ကိစ္စရပ်များအပါအ၀င် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေး ကြသည်။

ဆက်လက်ပြီး ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌက မြန်မာ့တပ်မတော်နှင့် အစိုးရအုပ်ချုပ်ရေး အဖွဲ့တို့ပူးပေါင်း ဆောင်ရွက်မှုများ ကိုလည်း ဂုဏ်ပြုကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကြီး တိုးတက်အောင်မြင် မှုရရှိပြီး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆုမွန်တောင်းကြောင်း၊ ရခိုင်ဒေသဖြစ်စဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် EU အဖွဲ့များအတွင်း တပ်မတော်၏ တိုက်ခိုက်မှု အဖြစ်ရေးသား ထားသည့် Report များစွာ ရှိနေကြောင်း၊ လက်တွေ့မြေပြင်တွင် အမှားအမှန်ရှိမည် ဖြစ်သော်လည်း ပြည်သူလူထုနှင့် အများထံသို့ ရောက်ရှိသွားသည့် အစီရင်ခံစာများက ပို၍အရေးကြီးကြောင်း၊ မှန်ကန်သည့် Report များဖြစ်လာအောင် တပ်မတော်သာမက လွှတ်တော်နှင့် အခြားအဖွဲ့များ ကပါ ၀ိုင်းဝန်းလုပ်ဆောင်ရန် အကြံပြုလိုကြောင်း၊ မိမိတို့အနေဖြင့်လည်း ယင်းကိစ္စများ ရပ်တန့်သွားအောင် ကြိုးစားလုပ်ဆောင် နေကြောင်း ဆွေးနွေးပြောကြားသည်။

ထိုသို့ဆွေးနွေးမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မေ ၂၄ ရက် တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံနှင့် ပတ်သက်၍ မိမိတို့အကောင်းဆုံးကို မျှော်လင့်ထားကြောင်း၊ အရေးကြီးသည်မှာ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာသွားနိုင်ရန် ဖြစ်ကြောင်း၊ ရခိုင်ဒေသနှင့် ပတ်သက်သည့် Report အများစုမှာ မှားယွင်းနေကြောင်း၊ ရိုက်နှက်မှုနှင့် ဆိုင်ကယ်ယူဆောင် သွားမှုတို့မှာ မှန်ကန်ပြီး အရေးယူဆောင်ရွက် နေကြောင်း၊ ရခိုင်ဒေသ ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စုံစမ်း စစ်ဆေးမှုများဖြင့် အတည်ပြုချက်များအရ ပြောကြားခြင်းဖြစ်ကြောင်း၊ တရားဝင် တပ်မတော်ဖြစ်၍ တရားဝင်သည့် လုပ်ရပ်များကိုသာ လုပ်ဆောင်ကြောင်း၊ ဥပဒေ ချိုးဖောက်မှုမရှိအောင် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နေ သကဲ့သို့ ဥပဒေချိုးဖောက်မှု တွေ့ရှိပါကလည်း လုံးဝခွင့်မလွှတ်ဘဲ အရေးယူသွားမည် ဖြစ်ကြောင်း၊ ရခိုင်ဒေသတွင် UN အပါအ၀င် လာရောက်လေ့လာလိုသည့် အဖွဲ့များကိုလည်း လုံခြုံရေးအရစိတ်ချရပါက ခွင့်ပြုပေးကြောင်း၊ ယခင်အကြမ်းဖက် သမားများက နယ်စပ်ဒေသ ရဲစခန်းများမှ လက်နက်ခဲယမ်းများ ယူဆောင်သွား၍ အန္တရာယ်များသဖြင့် ခွင့်မပြုခြင်းဖြစ်ကြောင်း၊ ယခုနောက်ပိုင်းကာလတွင် လာရောက်လေ့လာသည့် အဖွဲ့များကို ခွင့်ပြုပေးနေကြောင်း၊ အကြမ်းဖက်မှု တားဆီးကာကွယ် နှိမ်နင်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများနှင့်လည်း ဆွေးနွေးပါကြောင်း၊ ယင်းကိစ္စရပ်များကို ရင်ဆိုင်ကျော်လွှား နိုင်ရန်လည်း ကြိုတင်ပြင်ဆင်ထားကြောင်း၊ EU နိုင်ငံများ အပါအ၀င် အခြားနိုင်ငံ များနှင့်ပါ ညှိနှိုင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေး အပ်ကြသည်။

ညပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌအား နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့အား ကြိုဆိုနှုတ်ဆက်၍ တက်ရောက်လာကြသူများ နှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ် အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီတေးဂီတအဖွဲ့က တေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ညစာသုံးဆောင် အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြဖျော်ဖြေကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ယနေ့မွန်းလွဲပိုင်း တွင်လည်း ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ သူရဲကောင်းစစ်သည် ဗိမာန်သို့ သွားရောက်၍ အထိမ်းအမှတ် ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းချကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း အသက်စွန့်လွှတ်ခဲ့ရသည့် သူရဲကောင်းများကို အလေးပြုပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သို့ ရောက်ရှိကြရာ ကျောင်းဧည့်ခန်းမ၌ ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီး ကျောင်းနှင့်ပတ်သက် သည်များကို Video Clip များဖြင့် ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌက သင်တန်းခန်းမ၌ EU နှင့် ပတ်သက်သည့် ကိစ္စရပ်များကို Power Point ဖြင့် ရှင်းလင်းပြသပြီး သင်တန်းသားများနှင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger