www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 19, 2017

HIV/AIDS အများဆုံး ဖြစ်ပွားသည့်မြို့နယ် ပေါင်း ၅ မြို့နယ်၌ One Stop Service ဆောင်ရွက်မည်



ရန်ကုန် ၁၉-၅-၂၀၁၇

HIV/AIDS အများဆုံးဖြစ်ပွားရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၈၅ မြို့နယ်၌ One Stop Service စနစ်ဖြင့် ကုသနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။

ထို့ပြင် ခုခံအား ကျဆင်းမှုရောဂါ ကာကွယ်ရေးအနေဖြင့် မြို့နယ်ပေါင်း ၉ဝ၌ လုပ်ဆောင်သွားမည် ဖြစ်ပြီး ဖြစ်ပွားမှုနှုန်း အလယ်အလတ် အနေဖြင့် မြို့နယ်ပေါင်း ၁၅၁ မြို့နယ်၌ နားခိုရာ စင်တာများနှင့် နေပျော်မည့်ဝန်းကျင်များ ဖန်တီးပေးမည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကာကွယ်ရေး လုပ်ငန်းများအတွက် အခြေခံလုပ်ဆောင်ချက်များ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးဌာနမှ စီမံကိန်းဒါရိုက်တာ ဦးထွန်းညွန့်ဦး ကပြောသည်။

ရောဂါသစ်ဖြစ်ပွားမှု နှုန်းအနေဖြင့် ၂ဝဝဝ ပြည့်နှစ်တွင် လူဦးရေ ၃ဝဝဝဝ ကျော်ကူးစက် ခံရပြီး ကူးစက်မှု အမြင့်ဆုံးသို့ ရောက်ခဲ့ သော်လည်း ၂ဝဝ၁ ခုနှစ်မှစတင်၍ ကူးစက်ခံရမှု လျော့နည်းလာကာ ၂ဝ၁၆ ခုနှစ်တွင်ကူးစက်ခံရမှု ၁ဝဝဝဝ ကျော်ခန့်သာ ရှိကြောင်း သိရသည်။

ရောဂါကူးစက် ခံရသူများမှာ ကိုယ်ဝန်ဆောင်မှ ကလေးသို့ သုည ဒသမ ၆ ရာခိုင် နှုန်းခန့်ရှိပြီး မူးယစ်ဆေးဝါး အကြောထဲသို့ ထိုးသွင်းရာမှ ရောဂါဖြစ်ပွားမှုနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ အမျိုးသမီးလိင်မှ တစ်ဆင့် ကူးစက်ခံရမှုမှာ ၁၄ ဒသမ ၅ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်ဆက်ဆံမှုကြောင့် ရောဂါဖြစ်ပွားနှုန်း ၁၁ ဒသမ ၆ ရာခိုင် နှုန်းရှိပြီး ယင်းတို့အနက် အမျိုးသားချင်း လိင်ဆက်ဆံမှုကြောင့် ရောဂါဖြစ်ပွားမှုနှုန်းသည် သာမန်ဖြစ်ပွားမှု နှုန်းထက် အဆ ၂ဝ မှ အဆ ၆ဝ ခန့် ပိုများကြောင်း သိရသည်။

အမျိုးသားခုခံ အားကျဆင်းမှုရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် အနေဖြင့် ART ကုသမှုလုပ်ငန်းများကို ၂ဝ၁၅ ခုနှစ်မှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ မြန်မာတစ်နိုင်ငံလုံး၌ ART စင်တာပေါင်း ၉၉ ခုနှင့် မြို့နယ်အဆင့် ART ဆင့်ပွားဆေးပေးဌာန ၁၄ဝ အထိ တိုးချဲ့ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ် စာရင်းထုတ်ပြန် ချက်အရ HIV/AIDS ရောဂါဖြစ်ပွားမှု အနေဖြင့် နှစ်သိန်းငါးသောင်း ကျော်ရှိပြီး သုညဒသမ ၆ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

အဆိုပါ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် INGO နှင့် NGO အဖွဲ့အစည်းများ၏ စာရင်းဇယားများကို ကောက်ယူပြီး ရောဂါဖြစ်ပွားမှု များပြားသည့် နေရာများ တွင်နေရာခွဲကာ ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger