www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, May 27, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေး ပြန်လည်ဆန်းစစ်ရေး ကော်မရှင်အဖွဲ့အား လက်ခံတွေ့ဆုံ၍ အမြင်ချင်းဖလှယ် ဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမေရိကန်-တရုတ်စီးပွားရေးနှင့်လုံခြုံရေး ပြန်လည်ဆန်းစစ်ရေး ကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. Dennis Shea အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၇-၅-၂၀၁၇

တပ်မတော်ဆိုသည်မှာ စည်းကမ်းမရှိ၍မရဘဲ စည်းကမ်းတကျ နေထိုင်ကြရကြောင်း၊ ပြည်သူအပေါ်ဆက်ဆံ ရမည့်ကျင့်ဝတ်များ ရှိသကဲ့သို့ ပြင်းထန်သည့် တပ်မတော်အက်ဥပဒေ လည်းရှိကြောင်း၊ တပ်မတော်သား အနေဖြင့် ယင်းကျင့်ဝတ်၊ ဥပဒေများအပြင် ထုတ်ပြန်ထားသည့် နယ်ဘက်ဆိုင်ရာ ဥပဒေများ၊ ဒေသန္တရယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကိုလည်း လိုက်နာရကြောင်း၊ တပ်မတော်သားများ ပြည်သူ့ဆက်ဆံရေး နှင့်ပတ်သက်၍ မှားယွင်းမှုများ ရှိပါက ခွင့်မလွှတ်ဘဲ ထိထိရောက်ရောက် အရေးယူကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေး ပြန်လည်ဆန်းစစ်ရေး ကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. Dennis Shea ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေး ပြန်လည်ဆန်းစစ်ရေး ကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ Mr. Dennis Shea က ၎င်းတို့ကော်မရှင်အနေဖြင့် ဒေသပိုင်းဆိုင်ရာ ဆက်ဆံရေးအခြေအနေများကို လေ့လာဆန်းစစ်မှု၊ ယခုနှစ်အတွင်း အရှေ့တောင်အာရှ နှင့်ပတ်သက်၍ အလေးပေးလေ့လာနေမှု ၊ မြန်မာနိုင်ငံအား လည်းလေ့လာပြီး ကောင်းမွန်သည့် အကြံဉာဏ်များပေးလိုမှုတို့အား ရှင်းလင်းပြောကြားပြီး ကော်မရှင်အဖွဲ့ဝင်များက မြန်မာနိုင်ငံနှင့်ပတ်သက်၍သိရှိလိုသည်များကို မေးမြန်းကြသည်။

ယင်းမေးမြန်းမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဆွေးနွေး ပြောကြားရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေများနှင့်ပတ်သက်၍ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ ၁၉၄၈ ခုနှစ်မတိုင်မီ ကမ္ဘာပေါ်တွင်အဓိက နိုင်ငံရေးအယူအဆကြီးနှစ်ခုဖြစ်သည့် အရင်းရှင်နှင့် ကွန်မြူနစ် အယူအဆတို့သည် မြန်မာ့ နိုင်ငံရေးတွင်လည်း အားပြိုင်ခဲ့ပြီး လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့မှု၊ ဗြိတိသျှကိုလိုနီဘ၀ ကျရောက်စဉ်က ခွဲခြားအုပ်ချုပ်မှုစနစ်ကြောင့် ပြည်နယ်နှင့်ပြည်မကွဲပြားပြီး တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှု၊ နိုင်ငံရေး အမြင်ကွဲလွဲမှုများကြောင့် မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိချိန်တွင် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှု ပဋိပက္ခများ တစ်ဆက်တည်း ပေါ်ပေါက်ခဲ့မှု၊ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှ ယနေ့တိုင် မပြီးဆုံးသေး သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းလုပ်ဆောင်နေရမှု၊ တိုင်းပြည်၏အခြေအနေအရ ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်တိုင်အောင် နှစ် ၅၀ ခန့် တော်လှန်ရေးကောင်စီ၊ ဆိုရှယ်လစ်ပါတီနှင့် တပ်မတော်အစိုးရတို့၏ ဗဟိုအစိုးရ အုပ်ချုပ်မှု အောက်တွင်ရှိခဲ့မှု၊ လက်ရှိကာလ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ၆ နှစ်ကျော်သာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာအောင်ကြိုးစား လျှောက်လှမ်းနေမှုအခြေအနေများနှင့် နိုင်ငံ့သမိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် တိုင်းရင်းသားရေး ပြဿနာများ၊ ၀ါဒရေးရာပြဿနာများနှင့် အုပ်ချုပ်မှုပြဿနာများကြောင့် နိုင်ငံအနေဖြင့်လုံခြုံရေးအရ တည်ငြိမ်မှု၊ နိုင်ငံရေး အရ တည်ငြိမ်မှုများရရှိရန် လိုအပ်နေမှုတို့အား ဦးစွာရှင်းလင်းပြောကြားသည်။

ယင်းနောက် နောင်အနာဂတ် ၁၀ နှစ်အတွင်း အုပ်ချုပ်မှုတွင် တပ်မတော်၏ကဏ္ဍနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် နိုင်ငံအတွက်လိုအပ်သည့် လုံခြုံရေးအရ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးအရ တည်ငြိမ်မှုများရရှိရန် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ လုပ်ဆောင်နေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ငြိမ်းချမ်းရေးညီလာခံအား အချိန်ကန့်သတ်မှုမပြုရန် တောင်းဆိုမှုများရှိနေကြောင်း၊ တပ်မတော်အနေဖြင့်လည်း ပါဝင်ဆွေးနွေးညှိနှိုင်း လုပ်ဆောင်နေကြောင်း၊ ယင်းတည်ငြိမ်မှုများ ရရှိသည့်အခြေအနေနှင့် တိုင်းပြည်အတွက် အာမခံချက်ရှိမှုများ အပေါ်တွင်မူတည်၍ တပ်မတော်၏ အနေအထားစဉ်းစား ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်မှု အမြင်နှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် မြန်မာ-တရုတ်သည် နယ်နိမိတ် ကီလိုမီတာ ၂၂၀၀ ကျော် ဆက်စပ်ကြောင်း၊ မြန်မာနိုင်ငံ၏ဖြစ်ပေါ် ပြောင်းလဲမှုများတွင်လည်း ဆက်စပ်ပါဝင်ခဲ့မှုများရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံလျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းခိုင်မာမှုရှိစေရန် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကိစ္စရပ်များတွင်လည်း တရုတ်နိုင်ငံမှ များစွာပါဝင် ကူညီဆောင်ရွက် ပေးနေကြောင်း၊ အပြုသဘော ဆောင်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ စစ်ဘက်ဆက်ဆံရေး တည်ဆောက်မှုအပေါ် အခြားနိုင်ငံများ၏ ဖိအားမပါဘဲ လွတ်လပ်စွာ လုပ်ဆောင်နိုင်မှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်လည်ဆွေးနွေး ရာတွင်မြန်မာ နိုင်ငံသည် လွတ်လပ်သည့် နိုင်ငံဖြစ်ပြီးမိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို မည်သူမျှဝင်ရောက် စွက်ဖက်၍မရကြောင်း၊ မိမိတို့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားကို မြှင့်တင်တည်ဆောက် ရာတွင်လည်း နိုင်ငံ အားလုံးနှင့် မိတ်ဆွေအဖြစ် ဆက်ဆံလုပ်ဆောင်ကြောင်း၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် စသည့် နိုင်ငံခြားရေးမူဝါဒများနှင့်အညီ နိုင်ငံတကာတပ်မတော်များနှင့် ရင်းနှီးစွာဆက်ဆံလျက်ရှိကြောင်း၊ အမေရိကန်တပ်မတော်၏ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်းကြိုဆိုကြောင်း၊ မိမိတို့တွင် မိတ်ဆွေသာရှိပြီး ရန်သူမရှိကြောင်း၊ မိတ်ဆွေနိုင်ငံ များနှင့်လည်း မိမိတို့တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် လုပ်ဆောင်ခြင်းသာဖြစ်ပြီး သြဇာခံမဟုတ်ကြောင်း၊ အရေးကြီးသည်မှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုဖြစ်ပြီး မည်သည့်နိုင်ငံနှင့်မဆို မိတ်ဆွေအဖြစ် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။

ယင်းနောက် လူ့အခွင့်အရေးနှင့်ပတ်သက်၍ တပ်မတော်၏သဘောထားအမြင်ကို မေးမြန်းရာတွင် ပထမအချက်မှာ တိုင်းပြည်၏ Culture ဖြစ်ပြီး အာရှ၏ Standard နှင့် အမေရိကန် Standard မတူနိုင်ကြောင်း၊ ဒုတိယအနေဖြင့် ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံဖြစ်၍ မိမိတို့အခြေခံထားသည့် တိုင်းရင်းသားရေးရာ၊ အယူဝါဒရေးရာ၊ ယဉ်ကျေးမှုရေးရာများ အရလည်း အမေရိကန်နိုင်ငံတွင် ကျင့်သုံးသည့် လူ့အခွင့်အရေး ကိစ္စရပ်များနှင့် မတူနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျင့်သုံးသည့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာနှင့် ကိုက်ညီသည့် လူ့အခွင့်အရေးမျိုး ကိုသာရရှိနိုင်မည် ဖြစ်ကြောင်း၊ တစ်ချို့နေရာများတွင် အနောက်နိုင်ငံများ၏စံနှုန်းနှင့် မကိုက်ညီနိုင်ကြောင်း၊ ၎င်းအပြင် တပ်မတော်သားများသည် စည်းကမ်းတကျ နေထိုင်ကြရပြီးပြည်သူ အပေါ်ပြုကျင့်ရမည့်ကျင့်ဝတ်၊ တပ်မတော်အက်ဥပဒေ၊ နယ်ဘက်ဆိုင်ရာဥပဒေများနှင့် ဒေသန္တရယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကိုလည်းလိုက်နာကြရကြောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် ပတ်သက်၍ မှားယွင်းမှုရှိပါကလည်း ထိရောက်စွာအရေးယူကြောင်း ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေး ပြန်လည်ဆန်းစစ်ရေးကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြာင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger