www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 4, 2017

ငြိမ်းချမ်းရေးခရီးလမ်း ဖြောင့်ဖြူးရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Scot Marciel အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၄-၅-၂၀၁၇

ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုပြီး ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် လက်ရှိပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းလိုပါက အရာအားလုံးကို ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်း၍ ရကြောင်း၊ မည်သည့် နိုင်ငံတွင်မဆို ဒီမိုကရေစီစနစ် ကိုကျင့်သုံးပါက လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းပြီး နိုင်ငံရေးအရ ဆွေးနွေးမှုများဖြင့် ဆောင်ရွက်ကြကြောင်း၊ လုပ်သင့်လုပ်ထိုက် သည်များကို အာမခံချက်များ ရယူလုပ်ဆောင် ခြင်းဖြင့် ငြိမ်းချမ်းရေးခရီးလမ်း ဖြောင့်ဖြူးမည်ဟု ယုံကြည်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံသံအမတ်ကြီး H.E.Mr. Scot Marciel အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်
ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့တက်ရောက်ကြပြီး သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Colonel James McAden နှင့်တာဝန်ရှိသူတို့ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခမှာ ဖြစ်ပေါ် လာခဲ့သည့် သမိုင်းကြောင်း ရှည်လျားသည့်အပြင် ပါဝင်သည့်အဖွဲ့အစည်းများ လည်းများပြားကြောင်း၊ ယင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းသည် ကမ္ဘာပေါ်ရှိ အခက်အခဲဆုံး စစ်ပွဲကြီးတစ်ခုကို အောင်နိုင်ခြင်းဟု မှတ်ယူရမည်ဖြစ်ကြောင်း ဦးစွာပြောကြား၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တစ်ချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးတွင် အဖွဲ့အားလုံး ပါဝင်တွေ့ဆုံ နိုင်မည့် အခွင့်အလမ်းများ အပေါ် သိရှိလိုသည်များ ဆွေးနွေးမေးမြန်း
သည်။

အဆိုပါဆွေးနွေး မေးမြန်းမှုများ အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မကြာမီပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးအား များစွာမျှော်လင့်ချက် ထားကြောင်း၊ မိမိတို့အနေဖြင့် အကောင်းဘက်မှ ဦးတည်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးကို နိုင်ငံရေးအရ ဆွေးနွေးနိုင်သည့် လမ်းကြောင်းများစွာ၊ အခွင့်အရေးများစွာရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ်များ ချုပ်ငြိမ်းရန်၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန် လုပ်ဆောင်နေခြင်း သာဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးမှာ တပ်မတော်၏ အလိုလားဆုံး ဆန္ဒဖြစ်ကြောင်း
 ပြောကြား၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် နိုင်ငံရေးအရ တရားဝင်ပြောဆို ဆွေးနွေးရန် အတွက် NCA အား လက်မှတ်ရေးထိုးရန် လိုအပ်မှု အခြေအနေများ၊ ပေးထားသည့် ကတိက၀တ်များနှင့် မညီသဖြင့် တစ်ချို့နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေရသည့် အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ချို့၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက် များသည် နိုင်ငံတော်အစိုးရ၏ လိုလားချက်၊ တပ်မတော်၏ လိုလားချက်များနှင့် ကွဲလွဲနေမှု၊ ညှိနှိုင်းရန် လိုအပ်မှု အခြေအနေများကို ပြန်လည်ဆွေးနွေးသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်၍ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုမှု များအပေါ် တပ်မတော်ပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ မှုများနှင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့်မှုကိစ္စရပ် များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သံအမတ်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger