မုံရွာ ၁၅-၅-၂၀၁၇
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်း ၅၁ ကျောင်းကို ကျောင်းဖွင့်ချိန်အမီ ပြန်လည်ပြုပြင်မှုများ ဆောင်ရွက် နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ကပြောပြ၍ သိရသည်။
''လေဘေးသင့်တဲ့အထဲမှာ စာသင်ကျောင်းတွေလဲ ပါပါတယ်။ ကျောင်းဖွင့်ချိန်အမီ အဓိကဦးစား ပေးပြင်ဆင်ဖို့ ဆောင်ရွက်နေပါပြီ။ စစ်ကိုင်းတိုင်းဒေသကြီးမှာ လေတိုက်လို့ စာသင်ကျောင်း ၅၁ ကျောင်း ပျက်စီးခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။ ပျက်စီးဆုံးရှုံးတဲ့စာ သင်ကျောင်းတွေထဲမှာ ၁၇ကျောင်းအတွက် ပြင်ဆင်ဖို့ ငွေကျပ်၁၅၃ သိန်းကျော် ထုတ်ထားပေးပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ၃၄ ကျောင်း အတွက်ကလဲ ကျောင်းဖွင့်ချိန်အမီပြင်ဆင်နိုင်အောင် အခုပဲငွေထုတ် ပေးဖို့ ပြင်ဆင်ဆောင်ရွက် နေပါပြီ'' ဟု ၎င်းက ပြောပြသည်။
စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် သဘာဝဘေးဒဏ် ဖြစ်လာလျှင် အရေးကြီးပစ္စည်းများ ထိန်းသိမ်းရာ၌ (A)၊ (B) နှင့်(C) ဟူ၍ အဆင့်များခွဲကာ ထိန်းသိမ်း စောင့်ရှောက်ကြရန် ဌာနဆိုင်ရာ၊ကျောင်းများ၊ ဆေးရုံများ စသည့် ဌာနများတွင် တာဝန်ထမ်းဆောင် နေကြသော ဝန်ထမ်းများကို မှာကြား စီမံထားပြီး ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောပြသည်။
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မတ်၂၅ရက်မှ မေ ၁၂ရက်ထိ လေပြင်းတိုက်ခတ်မှု နှင့်မိုးရွာသွန်း မှုများကြောင့် ကျောင်းဆောင် အများဆုံးပျက်စီးမှုသည် ကနီမြို့နယ်တွင် အများဆုံးဖြစ်ကြောင်း၊ ဟုမ္မလင်းမြို့နယ်တွင် ဒုတိယအများဆုံး ပျက်စီးခဲ့ပြီး တမူးမြို့တွင် တတိယအများဆုံး ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ် မှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် မတ်၂၅ ရက်မှ မေ ၁၂ရက်ထိ သေဆုံးသူ ရှစ်ဦးထိရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ကောက်ယူထားသော စာရင်းများအရ သိရသည်။
#Themyawadydaily






No comments:
Post a Comment