မန္တလေး ၃-၄-၂၀၁၇
စီးပွားရေး ဆိုင်ရာဖန်တီးမှု များအတွက် အကာအကွယ် ပေးနိုင်သော ဥပဒေများ အားနည်းခြင်းကြောင့် တီထွင်ဖန်တီးမှုများ ကျဆင်းလာသည်ဟု AAT Business Park မှ ကျောင်းအုပ်ကြီး ဒေါ်အေးအေးသန့်က ပြောပြသည်။
မန္တလေးမြို့ အပါအဝင် စီးပွားရေး လုပ်ငန်းများနှင့် တီထွင်မှုများအတွက် ဥပဒေအရ အကာအကွယ် ပေးမှုအားနည်း သည့်အတွက် စနစ်မကျသော စီးပွားရေး အသိုက်အဝန်း တစ်ခုဖြစ် နေရကြောင်း သိရသည်။
လုပ်ငန်း အများစုတွင် အင်အားကြီး လုပ်ငန်းများ ဝင်ရောက် လာချိန်တွင် ငွေကြေးယှဉ်ပြိုင် နိုင်စွမ်း အားနည်းသည့် အခါလုပ်ငန်း ငယ်များ၏ ကျွမ်းကျင်ဝန်ထမ်း များကို မက်လုံးပေး ခေါ်ဆောင်သွားမှုများ ကြောင့် Labour Market အခက်အခဲများ ဖြစ်ပေါ်လာ ရကြောင်း သိရသည်။
ထို့ပြင် လုပ်ငန်းငယ်များ၏ တီထွင် ဖန်တီးမှုများကို ဥပဒေအရ အကာအကွယ် မပေးနိုင်သည့် အခါတွင် လုပ်ငန်းကြီးများ၏ ဝါးမျိုမှုများကို ရင်ဆိုင်လာရကာ ဖန်တီးမှုကို အားပေးသည့် ပတ်ဝန်းကျင်လည်း အားနည်းလာရ သည်ဟု ၎င်းကဆက်လက် ပြောပြသည်။
''ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ နည်းလမ်းကိုလဲ မလုပ်နိုင်သေးတော့ လုပ်ငန်းရှင်တွေ စိတ်ဓာတ် ကျဆင်းလာတယ်။ တိုးတက်မှုမရှိဘဲ မှေးပြီးလုပ် လာရပါတယ်''ဟု ဒေါ်အေးအေးသန့်က ပြောပြသည်။
လက်ရှိပြည်တွင်း စီးပွားရေး အခြေအနေတွင် လုပ်ငန်း၏ ပမာဏသတ်မှတ်ခြင်း အတွက် အခက်အခဲ များစွာရှိနေပြီး လုပ်ငန်းကြီးများ၏ အခွန်ရှောင်မှု များကြောင့် လုပ်ငန်းသေး စာရင်းဝင်နေမှု များလည်းရှိကြောင်း
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဖြစ်သူ ဦးရဲမြတ်သူ ကပြောပြသည်။ အဆိုပါ လုပ်ငန်းများ၏စံနှုန်း သတ်မှတ်ချက်ကို စနစ်တကျ ကိုင်တွယ်နိုင်သည့် စနစ်မရှိခြင်း အပြင်စည်းကမ်း တကျဆောင်ရွက် မှုမဟုတ်ဘဲ မိမိသဘော ဆန္ဒအလျောက် လုပ်ကိုင်နေသည့် စနစ်များ ဖြစ်နေကြောင်း သိရသည်။
စီးပွားရေး အဆောက်အအုံ အတွက် Copy Right နှင့် Properties Right များအတွက် ဥပဒေ တစ်ရပ် မရှိသေးဘဲ အများစုက အင်တာနက်မှ ဒေါင်းလုပ်ပြုကာ သုံးစွဲမှုများကိုသာ ကျေနပ်ကြခြင်း များကြောင့် တီထွင်မှုများ ထွက်ပေါ်လာခြင်း မရှိတော့ကြောင်း ဦးရဲမြတ်သူက ဆက်လက်ပြော ပြသည်။
''ဥပမာအားဖြင့် ပြောရရင် လူတစ်ယောက်က သင်္ကြန်မှာဝတ်ဖို့ အင်္ကျီတစ်ထည်ကို သေသေချာချာ လေ့လာပြီး ထုတ်ဝတ်တယ်။ လူကြိုက်များတဲ့ အခါအင်အားကြီး တဲ့သူက နိုင်ငံခြားကနေ စက်ကြီးတွေမှာပြီး ထုတ်တယ်။ အဲဒါအတွက် သူ့အတွက်ရော ပစ္စည်းအတွက်ပါ အကာအကွယ် ပေးတဲ့ ဥပဒေမရှိပါဘူး''ဟု ဦးရဲမြတ်သူက ပြောပြသည်။
လက်ရှိ အခြေအနေကို ပြင်ပတွင် တောရိုင်းဥပဒေ ဟုခေါ်တွင် လျက်ရှိပြီး တီထွင်ဖန်တီးမှု များအတွက် အကာအကွယ် လုံးဝမပေးသည့် အနေအထား တစ်ရပ်ပင် ဖြစ်ကြောင်း သိရသည်။ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းတို့ မရှိသည့်အတွက် လုပ်ငန်းကြီးများ အခွန်ရှောင်နိုင်ခြင်းနှင့် လုပ်ငန်းငယ်များ ဝါးမျိုခံရ ခြင်းတို့ကို မကာကွယ် နိုင်ကြောင်း သိရသည်။
နိုင်ငံအချို့တွင် လုပ်ငန်းများကို အလတ်စား အဖြစ်ပြုပြင် ထိန်းကျောင်းမှု စနစ်များ ပြုလုပ်နေပြီး မြန်မာနိုင်ငံ၏ စီးပွားရေး စနစ်မှာ လွန်ခဲ့သည့် နှစ် ၁ဝဝ ခန့်က စနစ်များနှင့် အနည်းငယ် သာကွဲပြားမှု ရှိနေသေးကြောင်း သိရသည်။
ပညာရှင် အသိုင်းအဝိုင်းမှ အရေးဆိုမှု များသာ လတ်တလော ဆောင်ရွက်နိုင်ပြီး ပြုပြင် ဖန်တီးမှု များအတွက် စာရင်းဇယား မရှိခြင်း ကလည်းပြဿနာ တစ်ရပ်ဖြစ် နေသည်။ စာရင်းဇယား မရှိခြင်းကြောင့် လိုအပ်ချက်ကို မသိရှိနိုင်ဘဲ လုပ်ငန်းများ နှင့်ပတ်သက်သော တိကျသည့် လုပ်ငန်းခွင် စာရင်းများလည်း မရှိသည့်အပြင် စာရင်းဇယား ကောက်ယူမှုများ အတွက်အကျိုး ခံစားခွင့်မရှိ ခြင်းကလည်း စာရင်းမှန်များ ရရှိရန် အခက်အခဲ ရှိနေပြီး ကုန်ကျစရိတ် အတွက် တာဝန်ယူမှုနှင့် ပံ့ပိုးမှုများလည်း မပေါ်ပေါက် သေးကြောင်း ၎င်းက ဆက်လက် ပြောပြသည်။
အကာအကွယ် ပေးနိုင်သည့် စနစ်များ မရှိခြင်းကြောင့် ဥပဒေများ မထိရောက်ခြင်း၊ စည်းကမ်းဖောက်ဖျက်မှု များအတွက် အရေးယူခံရမှု မရှိခြင်းတို့ဖြစ် လာရကြောင်း သိရသည်။
''လူတွေ စည်းကမ်း လိုက်နာဖို့ လိုသလို လိုက်နာနိုင်မယ့် စည်းကမ်းတင်းကျပ်မှု လဲရှိ သင့်ပါတယ်''ဟု ၎င်းက ထပ်မံပြောပြ၍ သိရသည်။
ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)
No comments:
Post a Comment