( ရှိန်းထက် ဘာသာပြန်သည်။ )
အာရှ၌သာမက အာဖရိကတွင်ပါ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသော နိုင်ငံကိုပြပါဆိုလျှင် တရုတ်ကိုအရင်ဆုံး လက်ညှိုးထိုးပြ ရမည်ဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများ၌လည်း တရုတ်တို့က ရင်းနှီးမြှုပ်နှံမှု အများဆုံးနေရာ ယူထားပြီး ဘီလီယံနှင့် ချီသည့်စီမံကိန်းတိုင်း လိုလိုတွင် တရုတ်တို့ စီမံကိန်းများ လက်ညှိုးထိုးမလွဲ နိုင်အောင် ဖြစ်နေသည်။
သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တရုတ်၏ ရင်းနှီးမြှုပ်နှံမှု တိုင်းသည် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်လာလျှင် ပြဿနာတော့ ရှိတတ်သည်။ ထို့ပြင် စစ်ရေးအရ ကျူးကျော်မှု သာမက စီးပွားရေးအရပါ ကျူးကျော်သူအဖြစ် တရုတ်တို့ ခေါင်းစဉ်သစ်ပါ ရလာသည်။ ယခု သီရိလင်္ကာ ပြည်သူတို့ ကန့်ကွက်နေသည့် ကြားထဲမှပင် တရုတ်တို့ ဘီလီယံနှင့်ချီသည့် သူတို့စီမံကိန်းကို အကောင်အထည် ဖော်တော့မည် ဖြစ်သည်။
နှစ်ပေါင်း ၉၉ နှစ် အရှည်ကြာဆုံး မြေငှားသူအဖြစ်နေပြီး သီရိလင်္ကာ စီးပွားရေးမှ အမြတ်ထုတ်မည့် တရုတ်၏ မဟာဗျူဟာ စီးပွားရေးစီမံကိန်း ဖြစ်ကာ အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှု ရှိမည့် ခေတ်သစ် စီးပွားရေး ကိုလိုနီပုံစံဖြစ်သည်။
ရည်ရွယ်ချက်က တရုတ်တို့ ကျဆင်းလာသည့် သူ၏စီးပွားရေးကို အရှိန်မြှင့်တင်ရန် နှစ်ရှည်စီမံကိန်းများ ဆွဲပြီး ရင်းနှီးမြှုပ်နှံမှု များကို ၂ဝ၁၄ ခုနှစ်မှစတင်ကာ အရှိန်မြှင့်တင် နေခြင်းဖြစ်သည်။ အာဖရိက၊ အာရှ သာမက ဥရောပအထိပင် အရောက်လှမ်း နေသည့် တရုတ်၏ ခြေလှမ်းများသည် ၂ဝ၂ဝ ပြည့်နှစ်ကျော်တွင် အမေရိကန်ကို ကျော်တက်မည် ဆိုသည့် သုတေသီများ၏ ခန့်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ရန် ရည်မှန်းချက်လည်း ဖြစ်သည်။
သို့သော် ပို့ကုန်တန်ဖိုး အဓိကကျဆင်း လာခြင်းနှင့်အတူ တရုတ်စီးပွားရေး တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်း အောက်သို့ ရောက်ရှိသွားပြီး တရုတ်စီးပွားရေး မတည်မငြိမ် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ပို့ကုန်တန်ဖိုးကို တိုးမြှင့်နိုင်ရန် အဓိကမြှင့်တင် နေပြီး ကုန်သွယ်ရေး အတွက် အဓိကကျသည့် ဆိပ်ကမ်းများနှင့် သူတို့ကိုယ်ပိုင် စက်မှုဇုန် စီမံကိန်းများကို နိုင်ငံရပ်ခြားတွင် သွားရောက်ဖွင့်လှစ် နေသည်။
မကြာမီကပင် ဥရောပ၏ ၁၅ နိုင်ငံမြောက် ကုန်သွယ်ရေး ရထားလမ်း ဆက်သွယ်သည့် အနေဖြင့် ဗြိတိန်ဆီသို့ပင် တရုတ်တို့ ကုန်သွယ်ရေး ရောက်ခဲ့ပြီး ယခုတော့ ဖွံ့ဖြိုးဆဲ အရှေ့တောင်အာရှ နိုင်ငံများ၌ ဈေး သက်သက်သာသာ နှင့်မြေငှား၍ စက်မှုဇုန်စီမံကိန်း များကို အကောင်အထည်ဖော် နေပြန်သည်။
အရှေ့တောင်အာရှ နိုင်ငံများသည် တရုတ်စီးပွားရေးနှင့် မကင်းသည့် နိုင်ငံများဖြစ်ပြီး တရုတ်၏ စီးပွားရေးသြဇာလွှမ်းမိုး ခံထားရသော နိုင်ငံများလည်း ဖြစ်သည်။ အစိုးရဘက်ပိုင်းက တရုတ်၏ဆွဲဆောင်မှု ကောင်းသော မက်လုံးများနှင့် ဖိအားများကြောင့် ဖွံ့ဖြိုးရေးစီမံကိန်း များကို ချပေးသော်လည်း တကယ်တမ်း လက်တွေ့ အမြတ်အများဆုံး ရသည်က တရုတ်အစိုးရသာ ဖြစ်သည်။ စက်မှုဇုန်စီမံကိန်း တစ်ခုဖြစ်လျှင် နိုင်ငံဖွံ့ဖြိုးရေး အတွက် အကောင်းဆုံး အထောက်အပံ့ ဖြစ်သော်လည်း တရုတ်တို့က ရှယ်ယာအများဆုံးကို ယူထားလေ့ရှိသည်။
ထို့ကြောင့် အကျိုးတူပူးပေါင်း စီမံကိန်း ဆိုသော်လည်း တရုတ်တို့ထက် ဒေသခံနိုင်ငံက ရလေ့မရှိပေ။ ထိုကြားထဲ သဘာဝပတ်ဝန်းကျင်ကို ဂရုမစိုက်သော တရုတ်တို့၏ စီမံကိန်းများကြောင့် အကျိုး သက်ရောက်မှုခံစားရသူသည် ဒေသခံနိုင်ငံမှ ပြည်သူများသာ ဖြစ်သည်။ တရုတ်ကုမ္ပဏီ များ၏ သဘာဝ ပတ်ဝန်းကျင် အပေါ် အလေးမထား မှုသည် နာမည်ကြီးပြီး ၄င်း၏နိုင်ငံမှာ အစိမ်းရောင် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဖော်ဆောင်လျက် ရှိသည်။
အာဖရိကဆိုလျှင် တရုတ်အကြွေးနွံ ထဲမှ ရုန်းထွက်မရနိုင် လောက်အောင် ဖြစ်နေပြီး တရုတ်စီမံကိန်း လက်ညှိုးထိုးမလွဲ ရှိနေသည့် နေရာဖြစ်သည်။ အခြေခံ အဆောက်အအုံ ကဏ္ဍဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးမည် ဟူသော အခြေခံ သဘောတရား ကြောင့် တရုတ်တို့က အခြေခံ အဆောက်အအုံ များကို အကြွေးစနစ်ဖြင့် ဆောက်လုပ်ပေးသည်။ တရုတ်တို့ ဆောက်လုပ်ပေးသည့် ထိုသယ်ယူ ပို့ဆောင်ရေး လမ်းပိုင်း၊ ဆိပ်ကမ်းစသည် တို့သည် သူတို့ စီးပွားရေး အတွက် ကနဦးကြည့်ပြီးမှ ဆောက်လုပ်ခြင်း ဖြစ်သည်။
၎င်းတို့ကုမ္ပဏီရှိလျှင် ၄င်း၏နိုင်ငံကို သယ်ယူရန် သို့မဟုတ် နိုင်ငံတကာကို တင်ပို့နိုင်ရန် သယ်ယူ ပို့ဆောင်ရေးသည် အဓိကအကျဆုံး ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး ကဏ္ဍ နှောင့်နှေးလျှင်တော့ ၄င်းတို့ အမြတ်က တွက်ခြေကိုက်မည် မဟုတ်ပေ။ ထို့ကြောင့် သယ်ယူ ပို့ဆောာင်ရေး အခြေခံ အဆောက်အအုံကို တရုတ်တို့ အရင်ဆုံး စီမံကိန်းလုပ်မည့် နိုင်ငံအား အကြွေးစနစ်ဖြင့် ဆောက်လုပ် ပေးသည်။ ငါးကြင်းဆီဖြင့် ငါးကြင်းပြန်ကြော် သည့် တရုတ်တို့၏ စီးပွားရေး မဟာဗျူဟာ ဖြစ်သည်။ ယခု အရှေ့တောင်အာရှ နိုင်ငံများတွင် တရုတ်တို့ ဆိပ်ကမ်း စီမံကိန်းများ၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လမ်းပိုင်းစီမံကိန်း များကို တိုးမြှင့်လုပ်ဆောင် နေသည်။ ၂ဝ၁၆ ခုနှစ်က လာအိုရထား လမ်းပိုင်း အတွက် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ တရုတ်အစိုးရ ချေးပေးပြီး ဆောက်လုပ် ပေးသည်။
လာအိုရှိ ၄င်းတို့ကုမ္ပဏီများနှင့် စီမံကိန်းများ၏ အကျိုးအမြတ်က ထိုလမ်းပိုင်း ပေါ်တွင် အစိတ်အပိုင်း တစ်ခုအနေဖြင့် မှီခိုနေသော ကြောင့်ဖြစ်သည်။ တရုတ်ကုမ္ပဏီ များကို ဆန္ဒပြမှု၊ တရုတ်အစိုးရကို ဆန္ဒပြမှုသည် အရှေ့တောင်အာရှ နိုင်ငံများနှင့် မစိမ်းတော့ဘဲ နှစ်စဉ်နှစ်တိုင်း လိုလို ကြားနေရသည်။
ယခု သီရိလင်္ကာတွင် အရင်အစိုးရ လက်ထက်က စီမံကိန်းကို အကောင်အထည် ဖော်ပြီး ယခုအစိုးရ လက်ထက် စီမံကိန်းတစ်ခု နောက်ထပ် လုပ်ချင်သောကြောင့် ဒေသခံများနှင့် တရုတ်ကုမ္ပဏီ များ ပြဿနာတက် ခဲ့သည်။ ရာချီသည့် သီရိလင်္ကာ ပြည်သူများ ကလည်း ဆန္ဒပြကြသည်။
ဟမ်ဘမ်တော့တာမြို့ ဆိပ်ကမ်းကို ယခင်က အစိုးရလက်ထက် သဘောတူညီမှုဖြင့် တရုတ်တို့ ဆောက်လုပ်ခဲ့ပြီး ကုန်သွယ်ရေး တိုးမြှင့်ရန် တရုတ်တို့၏ စီမံကိန်း ဖြစ်သည်။ ယခု ထိုအနားတွင် နောက်ထပ် စက်မှုဇုန်တစ်ခု တရုတ်တို့ ထပ်ဆောက် နေပြန်သည်။ စီမံကိန်းအတွက် မြေဧက တစ်သောင်းခွဲခန့်ကို တရုတ်တို့က နှစ်ရှည် စီမံကိန်းဖြင့် ငှားရမ်းပြီး ဆောက်လုပ်မည် ဖြစ်သည်။
ထိုစက်မှုဇုန် ဖွင့်ပွဲကို သီရိလင်္ကာဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ တရုတ်တို့အတွက် ကတော့ တွက်ခြေကိုက် လွန်းလှသည်၊ ဆိပ်ကမ်းလည်း ရှိသည်၊ စက်မှုဇုန်လည်း ရှိသည်။ စက်မှုဇုန်ထွက် ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် အပိုစရိတ်လည်း မထောင်းတော့ပေ။ ထို့ပြင် ယင်းစက်မှုဇုန်က အကျိုးတူဖက်စပ် စီမံကိန်းလည်း မဟုတ်။ ၉၉ နှစ်ကြာ မြေငှားစာချုပ် ဖြင့်ငှားရမ်းသည့် တရုတ်ပိုင် စက်မှုဇုန် ဖြစ်သည်။
ထို့ကြောင့် ဟမ်ဘမ်တော့တာ မြို့သည် စာချုပ်သက်တမ်း မကုန်မချင်း တရုတ်ပိုင် မြို့တစ်မြို့နှင့် တူသွားတော့မည် ဖြစ်သည်။ သီရိလင်္ကာ ပြည်သူများ ကလည်း တရုတ်တို့က ထိုဒေသကို တရုတ်ကိုလိုနီ အဖြစ် ပြောင်းလဲချင် နေသည်ဟု စွပ်စွဲသည်။ ထို့ကြောင့် ဆန္ဒပြခဲ့ကြသည်။ နေစရာကို သီရိလင်္ကာ အစိုးရက အစားထိုးပေးမည် ဆိုသော်လည်း စီးပွားရေး အရတော့ ဖယ်ရှားခံရသည့် ပြည်သူများ နာလန်ပြန်ထူရန် အချိန် အတော်ကြာ ရုန်းကန်ရဦး မည်မှာ သေချာသည်။
သို့သော် ဆန္ဒပြသူများ သီရိလင်္ကာ အစိုးရ၏ အကြမ်းဖက်ဖြိုခွင်း မှုကို ခံခဲ့ရသည်။ မျက်ရည်ယိုဗုံး များနှင့်ပစ်သည်။ မီးသတ်ပိုက်များ အသုံးပြုပြီး လူခွဲသည်။ လူပေါင်း ၅ဝ ကျော်ဖမ်းဆီးပြီး တရားစွဲသည်။ နောက်ထပ် သံသယရှိသူ များကို လိုက်ဖမ်းနေပြီး သီရိလင်္ကာ အစိုးရက ၄င်း၏ ပြည်သူများ တရုတ်တို့ကို နောက်ထပ် ဆန္ဒမပြအောင် တင်းကျပ်သည့် ကိုင်တွယ်နည်း များဖြင့် ကိုင်တွယ်ပြီး ဖြေရှင်းခဲ့သည်။ ယခုတော့ ဆန္ဒပြမှုများ မရှိတော့ဘဲ ရှေ့နှစ်ထဲတွင် တရုတ်တို့ ဆောက်လုပ်ရေး လုပ်ငန်းများကို စတင်တော့မည် ဖြစ်သည်။
၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီး ၂ဝ၁၉ ခုနှစ်တွင် အပြီးသတ် ဆောက်မည့် တရုတ် စီမံကိန်းသည် ဒေသခံနိုင်ငံ အကျိုးအတွက် ဆိုသည့် ခေါင်းစဉ်အောက်တွင် မဟာစီမံကိန်းကြီး ဖြစ်သောကြောင့် မည်သူက ဆန္ဒပြပြ တရုတ် စီမံကိန်းက နောက်ဆုံး အကောင်အထည် ပေါ်လာပြီ ဖြစ်သည်။ တရုတ်တို့ ကိုယ်ချင်းစာ ကြည့်မည်ဆိုလျှင် ၄င်း၏ နိုင်ငံအတွက် စီးပွားရေး ကိုလိုနီနယ်ချဲ့ခြင်းက တခြားနိုင်ငံမှ ပြည်သူ များအတွက် ကြာရှည်သည့် ရုန်းကန်မှုများကို ဖြစ်စေနိုင်ပြီး ပိုမိုဆင်းရဲတွင်းနက် နေမည့် အရေးကို တွေးပေးသင့်သည်။
သို့သော် တရုတ်တို့ ဂရုစိုက်လိမ့်မည် မဟုတ်။ ယခုတော့ ဖွံ့ဖြိုးဆဲ သီရိလင်္ကာ နိုင်ငံရှိ ကျေးလက်နေ ပြည်သူတို့ တစ်ဖက်သတ်ဆန်သည့် နိုင်ငံ၏ အကြီးမားဆုံး အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုနှင့် အတူ ဆင်းရဲတွင်းနက်သည့် ဒုက္ခကို ပိုမိုခံစား လာရတော့မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)
No comments:
Post a Comment