www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 3, 2017

နှစ်သစ်ကူးသည့် တန်ခူးလ


နှစ်သစ်ကူးသည့် တန်ခူးလ

မြန်မာပြက္ခဒိန် (၁၂)လတွင် တန်ခူးလသည် နွေဥတုအလယ် နေပူရှိန် ပြင်းထန်သည့် အခါဖြစ်သည်။ တန်ခူးလကို နက္ခတ္တဗေဒ အလိုအားဖြင့် မိဿရာသီ ဟု ခေါ်၍ ထိုလတွင် စိတြနက္ခတ္တစန်း နှင့်ယှဉ်၍ မွန်းတည့်သည်။

ရာသီရုပ်မှာ ဆိတ်ရုပ်ဖြစ်၍- ရာသီပန်းမှာ ကံ့ကော်ပန်း၊ ပိတောက်ပန်း၊ ရင်ခတ်ပန်း၊ ဇလပ်ပန်း၊ စွယ်တော်ပန်း တို့ဖြစ်သည်။ နေ့တာ၊ ညတာ ညီမျှသော လဖြစ်သည်။ တန်ခူးလသည် ရက်မစုံလကွယ် သဖြင့် ရက်ပေါင်း ၂၉ ရက်သာ ရှိသည်။ တန်ခူးလတွင် မြန်မာတို့က နှစ်သစ်ကူး၊ သင်္ကြန် ရေသဘင်ပွဲတော် ဆင်နွှဲလေ့ ရှိသည်။

နှစ်သစ်ကူးချိန်သည် လူတစ်မျိုးနှင့် တစ်မျိုး မတူကြ သကဲ့သို့ပင် နှစ်ကူးပွဲတော် ကျင်းပပုံချင်းလည်း မတူကြချေ။ မြန်မာတို့၏ နှစ်သစ်ကူးပွဲကို ''သင်္ကြန်''ဟု ခေါ်သည်။ သင်္ကြန်သည်၊ သင်္ကန္တ ဟူသော၊ ပါဠိမှလာ၏။ ''နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည်'' ဟူသော အနက်အဓိပ္ပာယ် ရသည်။ နှစ်သစ်ကို ကြိုဆိုသည့် သဘောဖြင့် မြန်မာတို့သည် ရေပက်ကစား ကြသည်။

လာမည့်နှစ်သစ်တွင် အညစ်အကြေး ဘေးဘယာ ကင်းစင်၍ ကြည်လင်အေးမြ စေရန် ရည်သန်သည့် သဘောဖြစ်၏။ လူကြီးမိဘ ဆရာသမားတို့အား ပူဇော် ကန်တော့ခြင်း၊ အိမ်တွင်းအိမ်ပြင်ရှိ အညစ်အကြေး အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ဦးခေါင်းဆေးခြင်း၊ စေတီပုထိုး ကျောင်းကန်များတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါနပြုခြင်း၊ ဘုရားပုထိုး၊ ရုပ်ပွားတော်များကို ရေသပ္ပာယ်ခြင်းများ ပြုလုပ်ကြသည်။ မြန်မာတို့၏ကျင်းပမြဲဖြစ်သော ဆယ့်နှစ်ရာသီ ပွဲတော်များတွင် ''သင်္ကြန် ရေသဘင်ပွဲတော်'' သည် အလွန်ကြီးကျယ် စည်ကားသော အမျိုးသားပွဲတော် တစ်ခုဖြစ်သည်။ မြန်မာလူမျိုး တို့သည် သင်္ကြန်ချိန်၌ နတ်ပြည်မှ သိကြားမင်း လူ့ပြည်သို့ ခေတ္တဆင်းသက် လာသည် ဟု ယုံကြည်ကြ၏။

ပကတိရေစင်သည် အညစ်အကြေး တို့ကို စင်ကြယ်သန့်ရှင်း စေရန် ဆေးကြောနိုင်၏။ ထို့အတူ ဒုစရိုက် အညစ်အကြေး တို့ကို ကိုယ်ကျင့် သိက္ခာဖြင့် ဆေးကြောသင့် ပေသည်။ မသင့်လျော်သော၊ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို မပြုတော့ဟူသော အဓိဋ္ဌာန်ဖြင့် စိတ်ကိုထိန်းသိမ်း သွားရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း စဉ်လာများကို မြန်မာပြည်သူများ ဆက်ခံကျင့်သုံးပြီး နှစ်သစ်မင်္ဂလာ အခါသမယတွင် ကမ္ဘာသူ၊ ကမ္ဘာသားများ အနိဋ္ဌာရ ပပျောက်ပြီး ဣဋ္ဌာရုံ အပေါင်းနှင့် ပြည့်စုံပါစေ၊ ဘေးဥပဒ် အန္တရာယ် ကင်းရှင်းကြပါစေ၊ မကောင်းသော စိတ်ဓာတ်များ ပယ်ရှားပြီး ကောင်းသော စိတ်ဓာတ်များ မွေးမြူနိုင်ကြပါစေ၊ အရှက်နှင့် အကြောက် လောကပါလ တရားနှစ်ပါး ထွန်းကားကြပါစေ၊ ဗြဟ္မာ့ဝိဟာရ တရားလေးပါး ထွန်းကားပြန့်ပွား ကြပါစေ၊ မင်္ဂလာ တရားတော်များ ထွန်းကားပြန့်ပွား ကြပါစေ ဟု ဆန္ဒပြု ရေးသားတင်ပြ လိုက်ရပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger