www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 9, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် H.E.Samdach Maha Sera Pedey Techo HUN SEN အား ဂါရ၀ပြုတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် H.E.Samdach Maha Sera Pedey Techo HUN SEN အား ဂါရ၀ပြုတွေ့ဆုံစဉ်

နေပြည်တော် ၊ ၉-၃-၂၀၁၇

ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှ ၅ နာရီခွဲအထိ Peace Palace သို့သွားရောက်၍ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E.Samdach Maha Sera Pedey Techo HUN SEN အား ဂါရဝပြု တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမြင့်စိုး၊ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းကို တို့တက်ရောက် ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့် အတူ ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာ စေမည်ဟု ယုံကြည်ကြောင်း၊ ၁၉၉၆ ခုနှစ်၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး
လာရောက်ချိန်တွင် မြန်မာနှင့် ကမ္ဘောဒီးယား တို့သည် တူညီသော မျိုးနွယ်စုမှ ဆင်းသက်လာကြပြီး ကိုးကွယ်သည့် ဘာသာ၊ ယဉ်ကျေးမှု၊ သွင်ပြင် လက္ခဏာများ တူညီမှု ရှိသည်ကို တွေ့မြင်ရကြောင်း၊ စာပေ အရေးအသား၊ ဗျည်း အက္ခရာအခြေခံ အားဖြင့် တူညီကြကြောင်း ဦးစွာ ပြောကြားသည်။ ဆက်လက်ပြီး တပ်မတော်တွင် တာဝန်ထမ်းဆောင် ခဲ့မှု အခြေအနေများ၊ နိုင်ငံရေးတာဝန် အဆင့်ဆင့် ပြောင်းလဲထမ်းဆောင် ခဲ့မှု အခြေအနေများ၊ တိုင်းပြည်တွင် တည်ငြိမ်အေးချမ်းမှု မရှိပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်သဖြင့် ငြိမ်းချမ်းရေး ရရှိစေရန် Win Win Policy ကျင့်သုံးလုပ်ဆောင် ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းဆောင်ရွက်မှု အပေါ် သဘောထား အမြင်များ၊ မြန်မာ့ ပြည်တွင်းရေး ကိစ္စရပ်များကို ပြည်တွင်းမှာသာ ဖြေရှင်း ဆောင်ရွက်သင့် ကြောင်းနှင့် မြန်မာနိုင်ငံ၏ အဓိက အခက်အခဲမှာ ပြည်ပဝင်ရောက် စွက်ဖက်မှု ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော် အပေါ် ဂုဏ်သိက္ခာ ကျဆင်းအောင် စွပ်စွဲပြောကြား နေမှုများကိုလည်း ကြားသိရကြောင်း၊ ပြည်ပနိုင်ငံများက မြန်မာနိုင်ငံ အပေါ် လူ့အခွင့် အရေး ချိုးဖောက်ကြောင်း စွပ်စွဲပြောဆိုမှု များနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံဘက်မှ ထောက်ခံ ရပ်တည်ပါကြောင်း၊ မိမိတို့သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်အပြင် CLMV အဖွဲ့ဝင်နိုင်ငံ များလည်း ဖြစ်ခြင်းကြောင့် အခက်အခဲများ ဖြေရှင်းရာတွင် အမြဲပူးပေါင်း ဆောင်ရွက်မှု ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်မှ ဝန်ကြီးချုပ်အား နှုတ်ခွန်းဆက် ပါကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် ဧည့်ဝတ်ကျေပွန်မှု များအတွက် ကျေးဇူးတင်ရှိ ကြောင်း စကားလက်ဆောင် ပါးမှုအား ဦးစွာ ပြောကြားသည်။ ဆက်လက်ပြီး ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ရရှိပြီး နှစ်ပေါင်း ၂ဝ ခန့်အတွင်း တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်မှု အတွက် ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် ဆင်းသက်လာသည့် မျိုးနွယ်စု၊ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု၊ ကိုးကွယ်သည့် ဘာသာ ယဉ်ကျေးမှု စသည့်အချက်များ တူညီကြ၍ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမို တိုးတက်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့သည် အာဆီယံအဖွဲ့ဝင် CLMV နှင့် GMS အဖွဲ့ဝင်နိုင်ငံများ ဖြစ်ခြင်းကြောင့် ထိတွေ့ဆက်ဆံ မှုလည်း ပိုမိုများပါကြောင်း၊ မိမိ၏ခရီးစဉ် အတွင်း ကမ္ဘောဒီးယား ဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးတို့နှင့် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း၊ ဝန်ကြီးချုပ် မှလည်း တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး မြှင့်တင်ရေး အတွက် အားပေး ဆောင်ရွက်ပေး စေလိုကြောင်း၊ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ''အား'' တစ်ခုဖြစ်ပြီး မိမိ၏ ချစ်ကြည်ရေး ခရီးစဉ်သည်လည်း နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ပိုမိုအားကောင်း စေမည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ဆွေးနွေး ပြောကြားသည်။ 

ဆက်လက်၍ မြန်မာနိုင်ငံ အနေဖြင့် ရင်ဆိုင် နေရသော နိုင်ငံရေးပြုပြင် ပြောင်းလဲမှု များတွင် ဒီမိုကရေစီ ကျင့်စဉ်များ ရင့်ကျက် ပြည့်ဝမှုမရှိ သေးခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက် နေရခြင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဘင်္ဂါလီ ကိစ္စအပေါ် နိုင်ငံတကာမှ ဖိအားပေးမှု များကို ကျော်လွှားနိုင်ရန် လုပ်ဆောင် နေရခြင်းတို့အား ရှင်းလင်း ပြောကြားသည်။ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နှင့် ပတ်သက်၍ လည်း မြန်မာနိုင်ငံတွင် တိုင်းရင်းသား မျိုးနွယ်စု ၁၃ဝ ကျော်ရှိပြီး ကမ္ဘာပေါ်တွင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ အများဆုံး ဖြစ်ကြောင်း၊ တိုင်းရင်းသားရေး အရ၊ အယူဝါဒရေး အရ၊ ဘာသာရေး အရ အခြေခံဖြစ်ပွား သဖြင့် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး အတွက် ဆွေးနွေး ညှိနှိုင်းရာတွင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ တူညီမှု မရှိသဖြင့် ခက်ခဲစွာ လုပ်ဆောင် နေရကြောင်း၊ လက်ရှိတွင် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဖြင့် NCA လက်မှတ်ရေးထိုး ထားပြီး နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင် နေကြောင်း၊ ကျန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့အားလည်း လက်မှတ်ရေးထိုး ပါဝင်စေရေး ကြိုးစားလုပ်ဆောင် နေကြောင်း ပြောကြားသည်။ ဘင်္ဂါလီ တို့သည် မိမိ တိုင်းရင်းသား များလည်း မဟုတ်ကြောင်း၊ ရုပ်ရည်သွင်ပြင် မှအစ များစွာကွဲပြား ခြားနားကြောင်း၊ ၄င်းတို့အား လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ပြီး ပေးနိုင်သည့် အခွင့်အရေးများ ပေးရန်အတွက် လုပ်ဆောင် နေကြောင်း၊ လူ့အခွင့်အရေး ဆိုင်ရာ စွပ်စွဲပြောဆိုချက် များဖြစ်သည့် လူမျိုးတုံး သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုသည်မှာလည်း မှန်ကန်မှု မရှိကြောင်း တို့အား ရှင်းလင်း ပြောကြား၍ ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံဘက်မှ ထောက်ခံရပ်တည် မှုအတွက် ကျေးဇူးတင်ရှိ ကြောင်းဖြင့် ပြန်လည်ပြောကြား ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger