ဆန္ဒနှင့်ဘ၀ တစ်ထပ်တည်းကျစေဖို့
လူ့ဘောင်လောကတွင် ပျော်ရာမှာမနေရ၊ လျော်ရာမှာနေရ ဟူသော စကားအတိုင်း အချို့သောသူတို့သည် အသက်မွေးဝမ်းကျောင်း အလို့ငှာ သင့်လျော်ရာ အလုပ်တစ်ခုကို လုပ်ကိုင်နေကြ ရစဉ်မှာပင် မိမိဝါသနာပါသည့် အခြားအလုပ် တစ်ခုကို လုပ်ကိုင်နေတတ် ကြသည်။
မြန်မာရာဇဝင်၌ အမတ်ကြီး ဘိုးရာဇာ ၏ မူလပင်ရင်း အလုပ်မှာ လယ်သမားဖြစ်သည်။ အကယ်၍ စာတိုပေစ ကလေးများကို စုဆောင်းရှာဖွေ မှတ်သားတတ်သည့် ဝါသနာမရှိခဲ့လျှင် အခြားသော လယ်သမားအပေါင်း တို့ကဲ့သို့ပင် လယ်ယာထွန်ယက် လုပ်ကိုင် စားသောက်သော လယ်သမား တစ်ယောက်အဖြစ်နှင့်သာ ကွယ်လွန်သွား၍ ယခုကဲ့သို့ အစဉ်အဆက် ပညာရှိအမတ်ကြီး ဘိုးရာဇာ ဟူ၍ ဥဒါန်းမော်ကွန်း တင်ကြရမည် မဟုတ်ပေ။
လူတို့ သဘောသဘာဝသည် သူတစ်ပါးကိုမြင်လျှင် အားကျသော စိတ်ဓာတ်ရှိကြသည်။ အမတ်ကြီး ဘိုးရာဇာကို မသိမမီလိုက် သော်လည်း မြန်မာရာဇဝင်တွင် အထင်အရှားရှိပြီး ဖြစ်သည်။ မိမိတို့ မျက်မှောက်မှာပင် အောင်မြင် ကျော်ကြားသူများ ရှိကြသည်ကို သတိမထားဘဲ အားကျအတုယူရန်နှောင့်နှေးနေကြသူက အများစု ဖြစ်သည်။
သူတော်ကောင်း သူတော်မြတ်တို့ လူအများကြည်ညို လေးစားကြသည် ကိုမြင်သော် ထိုသူတော်ကောင်း သူတော်မြတ်တို့ကို အားကျသည်။ ပညာတတ်ပုဂ္ဂိုလ် တို့ကိုမြင်သော် အားကျသည်။ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသူကို မြင်သော် အားကျသည်။ သို့သော် သူတော်ကောင်း သူတော်မြတ် ဖြစ်အောင် ကျင့်ကြံအားထုတ်မှု၊ ပညာတတ်တစ်ဦး ဖြစ်အောင် သင်ယူလေ့လာ မှတ်သားမှု၊ ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာအောင် အားထုတ်မှု တို့ကိုကား သိအောင် မကြိုးစားခြင်း ကြောင့် ဆန္ဒနှင့်ဘဝ တစ်ထပ်တည်း မကျဖြစ်နေကြ ရသည်။ ဆန္ဒနှင့်ဘဝ တစ်ထပ်တည်း မကျသောအခါ မိမိကိုယ်မိမိ အားမလိုအားမရ ဖြစ်ခြင်း၊ သူတစ်ပါးအပေါ် ငြူစူခြင်းတို့ ဖြစ်လာတတ် ကြသည်။
အလုပ်သဘာဝချင်း တူသော်ငြားလည်း မိမိလုပ်နေရသည့် အလုပ်ထက် အခြားသူများ လုပ်နေရသည့် အလုပ်ကို အားကျနေ တတ်သည်။
ဤသို့ ဖြစ်တတ်သည့် သဘာဝနှင့် စပ်လျဉ်း၍ မှတ်သားဖွယ် ဒဏ္ဍာရီဝတ္ထုတစ်ရပ် ရှိသည်။ ရှေးသရောအခါ မြည်းတစ်ကောင်နှင့် လားတစ်ကောင် တို့သည် ချောင်းငယ်ကလေးကို ဖြတ်ကူးကြသည်။ မြည်းကျောကုန်း ပေါ်၌ သိုးမွေးထုပ်ကြီး တစ်ထုပ်ပါလျက် လားကျောကုန်း ပေါ်တွင် ဆားထုပ်ကြီး တစ်ထုပ်ပါသည်။ ချောင်းတွင်းမှ စီးဆင်းနေသော ရေကိုကူး၍ ဖြတ်သန်းကြရာ လားကျောကုန်း ပေါ်မှ ဆားထုပ်ကို ရေထိသောကြောင့် ဆားများ အရည်ပျော်ကုန် သဖြင့် ဝန်ထုပ်များစွာ ပေါ့သွားသည်။ ချောင်းကမ်းပေါ်သို့ ရောက်ကြသောအခါ လားက မိမိဝန်ထုပ် ရေစိုသဖြင့် ပေါ့သွားကြောင်း မြည်းကို ပြောသောအခါ မြည်းက မိမိဝန်ထုပ်ကို ဤသို့ရေစိုလျှင် ပေါ့သွားမည်ဟု တွေးမိပြီး နောက်တစ်ကြိမ် ချောင်းတစ်ချောင်းကို ဖြတ်သန်း ရသောအခါ ရေစိုအောင် ပြုတော့သည်။ သို့သော် မြည်းကျောကုန်းမှ ဝန်ထုပ်သည် ပေါ့မသွားဘဲ သိုးမွေးတို့ကို ရေစိုသည်နှင့်အမျှ ပို၍လေးလာ သောကြောင့် ခရီးမဆက်နိုင် တော့သော မြည်းမှာ လဲကျသွားရသည်။ သူတစ်ပါးကို အားကျသည် ဆိုရာဝယ် အရာရာတိုင်း မသင့်ကြောင်း ဥပမာဖြစ်သည်။
သဘာဝအလျောက် စီးဆင်းသော မြစ်ချောင်း စသည်တို့သည် မြစ်ဖျားမှ မြစ်ဝသို့ တိုင်အောင် စီးဆင်းရာ၌ သာယာညီညွတ်စွာ စီးဆင်းကြသည် မဟုတ်ဘဲ မြေညီ၍ ရေစီးသာသည့် အခါသာလျက် မြေကြမ်း၍ ရေကြမ်းသည့် အခါကြမ်းလျက် အလိုက်အထိုက် စီးဆင်းကြသည်။ ထိုသို့စီးဆင်းကြရာ၌ မြေပြင်ညီညွတ် ပြန့်ကျယ်၍ သွားရာခရီး ချောင်ချိသော အခါများ၌ ရေစီးလျှင် လှိုင်းဂယက် မထမကြွ ဖြည်းညင်းစွာ စီးဆင်းကြသည်။ မြစ်ကြောင်းကျဉ်း၍ မြေမညီမညွတ် ဖြစ်ကာ ကျောက်စွန်းအငူတို့ ခုခံနေသော အခါမူကား ရေဟုန်ပြင်းထန် လှိုင်းဂယက်ထကြွ ခုန်ပျံအသံကြီးစွာ ပြုလျက် စီးဆင်းကြသည်။ ဤမြစ်ချောင်းတို့ စီးဆင်းပုံသည် လူတို့ဘဝအတွက် မှတ်သား နှလုံးသွင်းဖွယ်ရာ ဥပမာများဖြစ်သည်။
လူတို့ဘဝတွင် ကာလဒေသ မညီညွတ် အကျပ်အတည်းနှင့် ကြုံကြိုက်သော အခါ သာယာအေးမြစွာ နှင့်မဖြစ်ဘဲ ကြိုးကြိုးကုတ်ကုတ် အားထုတ်နိုင်ကြမှ သာလျှင် လိုရာပန်းတိုင်သို့ ပေါက်ရောက် အောင်မြင်နေနိုင်ကြမည် ဖြစ်သည်။ သို့သော် လူတို့သည် လုံ့လဝီရိယ စိုက်ထုတ်မှု အားနည်းကာ အေးချမ်းစွာ နေထိုင်လိုသော ဆန္ဒ ပြင်းပြမှုကြောင့် လိုရာခရီးသို့ မပေါက်မရောက် ရှိတတ်သည်။ ထို့ကြောင့် လူတို့ လောကကြီးသည် တစ်သမတ်တည်း ညီညွတ်မှု မရှိသည့် သဘာဝကို သတိပြုလျက် မြစ်ချောင်းတို့ စီးဆင်းပုံကို ဥပမာပြု၍ လိုက်နာဆောင်ရွက် ကြရန် ညွှန်ပြထားကြသည်။
သို့ဖြစ်၍ ဆန္ဒနှင့်ဘဝ တစ်ထပ်တည်း ဖြစ်စေရန်မှာ သူတကာထက်ပို၍ အားထုတ်ကြိုးပမ်း ကြရန်လိုသကဲ့သို့ ကြိုးပမ်း အားထုတ်မှုသည်လည်း လောကသဘာဝနှင့် ကိုက်ညီကြမှသာ အကျိုးထူး ရရှိနိုင်မည် ဖြစ်ပါသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)
No comments:
Post a Comment