www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 27, 2017

တစ်အူထုံ့ဆင်း ညီကိုရင်း သွေးချင်းသားစစ် ပြည့်ရင်နှစ် ရင်းမြစ်ပေါင်းစု အားမာန်ထု ပြည်ထောင်စုတပ်မတော်


တစ်အူထုံ့ဆင်း ညီကိုရင်း သွေးချင်းသားစစ် ပြည့်ရင်နှစ် ရင်းမြစ်ပေါင်းစု အားမာန်ထု
 ပြည်ထောင်စုတပ်မတော် 


''ကာကွယ်ရေးသည် စစ်ရေးတစ်ခုတည်းသာမကဘဲ များစွာကျယ်ပြန့်ကြောင်း၊ တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူလူထု၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်၏ မြေပေါ်၊ မြေအောက် သယံဇာတပစ္စည်းများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပြီး နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်ရမည်''

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် 
(၂၇-၂-၂ဝ၁၇ ရက်နေ့တွင် တပ်မတော်အရာရှိကြီးများအားတွေ့ဆုံမှာကြားချက်မှ ကောက်နုတ်ချက်)


မြန်မာနိုင်ငံသည် ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်သကဲ့သို့ တပ်မတော် သည်လည်း ပြည်ထောင်စု တပ်မတော်ပင် ဖြစ်ပါသည်။ တစ်အူ ထုံ့ဆင်း၊ သွေးချင်း သားစစ်များ ဖြစ်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသည့် တိုင်းရင်းသား တို့ဖြင့် ဖွဲ့စည်း ထားသော တပ်မတော်သည် ပြည်ထောင်စု တပ်မတော်ပင် ဖြစ်ပါသည်။ 

''ပြည်ထောင်စု တပ်မတော်''ဟု မီးမောင်းထိုး အဓိပ္ပာယ်ဖွင့်ဆို နေရသည်မှာ ယနေ့ခေတ် ကာလ အခြေအနေ အရ ပြည်ထောင်စုကို ဖြိုခွဲမည့် အကြံအစည်များကို တိုက်ရိုက် တစ်မျိုး၊ သွယ်ဝိုက်၍ တစ်ဖုံတွေ့မြင် နေရ၍ ဖြစ်ပါ သည်။ ပြည်ထောင်စုကြီး ပြိုကွဲရန် ဆိုသည်မှာလည်း သမိုင်းအစဉ်အလာ ကြီးမားသည့် ပြည်ထောင်စု တပ်မတော်ကို ဖြိုခွဲနိုင်မှ ဖြစ်မည်ကို ထိုသူတို့သိ ကြပါသည်။ ထို့ကြောင့်နည်း အမျိုးမျိုးဖြင့် ဖျက်ဆီးနေ ကြခြင်း ဖြစ်ပါသည်။ တပ်မတော် သမိုင်းသည် နိုင်ငံ့သမိုင်းနှင့် ဆက်စပ်နေသည် မှာလည်း အကြောင်းရင်း များစွာရှိပါသည်။ နိုင်ငံတိုင်းသည် တိုင်းပြည် ထူထောင်တည်ဆောက်ခဲ့ ရမှုတိုင်းတွင် အင်အား တစ်ရပ်ကို အခြေပြု၍ တည်ဆောက်ရ သည်သာဖြစ်ရာ နိုင်ငံတော်ကို စုစည်းမည့်၊ နိုင်ငံတော်ကို တည်ဆောက်မည့်၊ နိုင်ငံတော်ကို ကာကွယ်မည့် အင်အားအတွက် အင်အားတစ်ရပ်ကို ထူထောင်ရာတွင် တပ်မတော်ကို ထူထောင်ရ သည်သာ ဖြစ်ပါသည်။ 

ထိုသဘောတရားသည် ယခုမှ ပေါ်ပေါက်လာခဲ့သည် မဟုတ်ဘဲ ရှေးနှစ်ပေါင်း များစွာကပင် ပေါ်ပေါက်ခဲ့ သောသဘော တရားရေးရာ ဖြစ်ပြီး လက်တွေ့လည်းအကောင် အထည်ဖော် ခဲ့ကြသည်သာ ဖြစ်ပါသည်။ မြန်မာ့ တပ်မတော် သည်လည်း ရှေးမြန်မာမင်းများ လက်ထက်မှ ပင်စတင်၍ ဘုန်းမီးနေလ တောက်ပခဲ့သည်။ မြန်မာနိုင်ငံတော် အတွင်းတွင် ကချင်၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟူသော မြန်မာ တိုင်းရင်းသား မျိုးနွယ်စု များသည် တသီးတခြားစီ နေထိုင်ကြသည် မဟုတ်ဘဲ ရောနှောလျက် ကျယ်ပြန့်စွာ ပေါင်းစည်း နေထိုင်ကြသည် ဖြစ်ရာ ထိုစဉ်အခါက ရှေးမြန်မာ တပ်မတော်တွင် လည်းတိုင်းရင်းသား များဖြင့်ပါဝင် ဖွဲ့စည်းထားကြောင်း တွေ့ရမည် ဖြစ်ပါသည်။

၁၉ ရာစုတွင် ပြည်ပကျူးကျော်စစ် အဖြစ် အင်္ဂလိပ်တို့နှင့် ဖြစ်ပွားခဲ့သော အင်္ဂလိပ်မြန်မာစစ်ပွဲ သုံးကြိမ်ဖြင့် တိုင်းပြည်ကျွန်ဖြစ် ခဲ့ရပါသည်။ ပြည်ပကျူးကျော် ကျွန်ပြုမှုကို မြန်မာတိုင်းရင်းသား တို့သည် သူ့ကျွန်မခံ ဇာတိမာန်ဖြင့် တွန်းလှန် တိုက်ခိုက်ခဲ့ကြ ပါသည်။ ဤသည်ပင် ပြည်ထောင်စု နိုင်ငံ၏ ပြယုဂ် ဖြစ်ပါသည်။

 မြန်မာတစ် နိုင်ငံလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် မြန်မာတိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင် အသီးသီးတို့ စုပေါင်း၍ တွန်းလှန် တိုက်ခိုက်မှု သမိုင်းကြောင်း တို့ကိုတင်ပြ လိုပါသည်။ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖုန်ကန်ဒူဝါသည် ကချင်၊ ရှမ်း၊ ဗမာ တော်လှန်ရေး တပ်များကို ခေါင်းဆောင်၍ ဗန်းမော်ခရိုင်တွင် လည်းကောင်း၊ ဗိုလ်ဖိုးစော  ခေါင်းဆောင်သော ကချင်၊ ဗမာတော်လှန်ရေး တပ်များသည် မိုးကောင်းမြို့နယ်တွင် လည်းကောင်း၊ ဆမားဒူဝါ ခေါင်းဆောင်သော ကချင်၊ ဗမာတော်လှန်ရေး တပ်များသည် မြစ်ကြီးနား ခရိုင်တွင် လည်းကောင်း၊ ဆနားနယ်မှ ဆနား ဒူဝါသည် မိုးကောင်းမြို့နယ်တွင် လည်းကောင်း၊ တုံဟုံးဒူဝါ၊ စောရန်ပိုင်နှင့် မိုးလိုင်စော်ဘွား စောခမ်းလိုင်တို့ ခေါင်းဆောင်သော ကချင်၊ ရှမ်း၊ ဗမာတော်လှန်ရေး တပ်များသည် ဗန်းမော်ခရိုင်တွင် လည်းကောင်း နယ်ချဲ့အင်္ဂလိပ်တို့ကို တွန်းလှန်ခဲ့ ကြသည်။

ရှမ်းပြည်နယ် တွင်လည်း မိုးနဲစော်ဘွား စောခွန်ကြည်၊ ရပ်စောက်စော်ဘွား စောဝိုင်း၊ မိုင်းပွန်စော်ဘွား စောခွန်တီ၊ ကျိုင်းတုံစော်ဘွား စောခမ်းဖု၊ မိုင်းနောင်စော်ဘွား နှင့် မောက်မယ် စော်ဘွားတို့သည် အိမ်ရှေ့စံ ကနောင်မင်းသား ၏ သားတော်ဖြစ်သော လင်းပင်းမင်းသား နှင့်ပူးပေါင်း၍ လင်းပင်းအုပ်စုကို ဖွဲ့စည်းတည် ထောင်ကာ နယ်ချဲ့အင်္ဂလိပ် တို့အားတော်လှန် ခဲ့ပါသည်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ် ခေါင်းဆောင်သော ရှမ်း၊ ကချင်၊ ဗမာတိုင်းရင်းသား တို့သည် ကသာခရိုင် ဝန်းသိုနှင့် မိုးကောင်းမြို့ နယ်တွင် တော်လှန် တိုက်ခိုက်ခဲ့ ကြပါသည်။ 

နယ်ချဲ့ အင်္ဂလိပ်တို့သည် ထီးချိုင့်နှင့် ကသာတို့တွင် ရှေ့တန်းစစ်ဌာနချုပ် ပြုလုပ်ကာ ဝန်းသိုနယ်မြေအား တောင်ဘက်နှင့် မြောက်ဘက်တို့မှ နှစ်ဖက်ညှပ် ဝင်ရောက် တိုက်ခိုက်ရာ ဝန်းသိုစော်ဘွား ဦးအောင်မြတ် ခေါင်းဆောင်သော ရှမ်း၊ ကချင်၊ ဗမာ တော်လှန်ရေး တပ်များက ဝန်းသိုတပ်၊ မိုးကောင်းတပ်၊ ကောလင်းတပ်၊ မြေနီတပ် စသည့်တပ် များဖြင့် ခုခံတိုက်ခိုက် ခဲ့ကြပါသည်။ ဝန်းသိုနယ်မြေတွင် ဖြစ်ပွားသော တိုက်ပွဲများ၌ နယ်ချဲ့အရာရှိ ၁ဝ ဦးအပါ အဝင် တပ်သား ၅၁ ဦးကျဆုံး၍ အများအပြား ဒဏ်ရာရရှိ ခဲ့သည်။

ချင်းတိုင်းရင်းသား ကြွမ်ဘိနှင့် ဗမာတိုင်း ရင်းသား ရွှေဂျိုးဖြူ မင်းသားတို့ ဦးဆောင်သော တိုင်ချွန်းနှင့် ဆီးယင်းချင်း တော်လှန်ရေးတပ် များသည် ချင်းတောင်တန်း ဒေသ ချင်းပေါက်ရွာ၊ ကန်ပုလဲရွာ၊ ကလေးမြို့တို့သို့ လာရောက် တိုက်ခိုက်ခဲ့ ကြသော နယ်ချဲ့တပ်များကို ရွပ်ရွပ်ချွံချွံ ခုခံခဲ့ ကြသည်။ ချင်းတောင်တန်းဒေသတွင်ဖြစ်ပွားသော တိုက်ပွဲများတွင် နယ်ချဲ့တို့ဘက်မှ အရာရှိများ အပါအဝင် တပ်သား ၃၆ ဦးကျဆုံးပြီး ၅၄ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ပါသည်။

ကယားပြည်နယ် တွင်လည်း အရှေ့ကယား နယ်စော်ဘွားကြီး စောလဖော်သည် အင်္ဂလိပ်တို့ သိမ်းသွင်းထားသော စော်ဘွားများကို လှည့်လည် တိုက်ခိုက်၍ လက်နက်လူသူ စုရုံးလျက် အင်အားကြီးထွား လာကာ အင်္ဂလိပ် နယ်ချဲ့တပ်များကို တွန်းလှန်တိုက်ခိုက် ခဲ့သဖြင့် နယ်ချဲ့တပ်များ အထိနာ ခဲ့ရသည်။ 

ဗမာတိုင်းရင်းသား များဖြစ်သော ဗိုလ်ဥတ္တမ၊ ဗိုလ်ရွဲ၊ ဗိုလ်ချို၊ ဗိုလ်ရာညွန့် စသည့်ခေါင်းဆောင် များသည် မင်းဘူး၊ မြင်းခြံနှင့် မိတ္ထီလာခရိုင် တို့တွင် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများ ဆင်နွှဲ ခဲ့ပါသည်။ မကွေး၊ ပျဉ်းမနား၊ ရမည်းသင်း၊ ပခုက္ကူ၊ ရွှေဘို၊ မန္တလေး၊ ကျောက်ဆည်ခရိုင် များမှ နယ်ချဲ့တော်လှန်မှု များတွင် ဗိုလ်မင်းရောင်၊ ဗိုလ်ရိုင်း၊ မြင်စိုင်းမင်းသား၊ ဗိုလ်လယ်၊ ရွှေဓားဗိုလ်၊ ဗိုလ်လှဦးတို့မှာ ထင်ရှားသော တော်လှန်ရေး ခေါင်းဆောင်များ ဖြစ်ခဲ့ပါသည်။ တိုင်းတစ်ပါး သားတို့၏ နယ်ချဲ့ကျူးကျော် မှုနှင့် ရင်ဆိုင်ရ ချိန်တွင် မြန်မာ တိုင်းရင်းသား တို့သည် အမျိုးထိလျှင် မချိအောင် နာတတ်သည့် မျိုးချစ် စိတ်ဓာတ်ဖြင့် စွန့်လွှတ် စွန့်စား ကာ တွန်းလှန် တိုက်ခိုက်ခဲ့သည့် အတိတ်သမိုင်း သက်သေများကို တွေ့ရှိရ ပါသည်။ သွေးစည်း ချစ်ကြည် ကြသည့် တိုင်းရင်းသား များဖြင့် ဖွဲ့စည်း တည်ထောင် ထားသော ပြည်ထောင်စု နိုင်ငံဖြစ်ကြောင်း တိုင်းရင်းသား များ၏ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲစဉ် များက အထင်အရှား ပြဆိုပါသည်။

ယနေ့ခေတ် တပ်မတော် သည်ကား လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် အတူဒုတိယ ကမ္ဘာစစ်အတွင်း ပေါ်ပေါက်လာသော တပ်မတော် ဖြစ်ပါသည်။ လွတ်လပ်ရေး မတိုင်မီ ခြောက်နှစ်ကျော် ကာလဖြစ်သော ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၇ ရက်နေ့တွင် ဗန်ကောက်မြို့ရှိ ဦးလွန်းဖေ ၏နေအိမ်၌ မြန်မာ့လွတ်လပ်ရေး အတွက် အသက်ပေးပြီး တိုက်ပွဲဝင်ရန် သစ္စာဓိဋ္ဌာန် ပြု၍ သွေးသောက်ပွဲ ကျင်းပခဲ့သည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို တာဝန်များ ခွဲဝေခန့်အပ် ခဲ့လေသည်။ လွတ်လပ်ရေး ရရှိရန် အတွက် ဖွဲ့စည်းခဲ့ သည်ဖြစ်ရာ တပ်မတော်သည် လွတ်လပ်ရေး မရမီတစ်နည်း အားဖြင့် လွတ်လပ်သော အစိုးရအဖွဲ့အစည်း မပေါ်ပေါက်မီ မှာပင် ပေါ်ထွန်းပြီး ဖြစ်ကြောင်း တွေ့ရှိရ သည့်အပြင် တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော် ပင်ဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။ 

ယခုကဲ့သို့ တိုင်းရင်းသားများ ပါဝင်သည့် ပြည်ထောင်စု တပ်မတော် ဖြစ်ကြောင်း သမိုင်းကြောင်း အထောက်အထားနှင့် တင်ပြနေရ ခြင်းမှာလည်း မျက်မှောက် ကာလသတင်း အချက်အလက် ခေတ်တွင် တစ်ဖက်သတ်ဆန် သော၊ အစွန်းရောက်သော သတင်းမှား များဖြင့် သွေးသားချင်း ညီအစ်ကိုများကို လူမျိုးရေး သွေးခွဲမှုများ ရှိလာပြီး ထိုလုပ်ကြံ သတင်းများ သည်လည်း လျင်မြန်စွာ ပျံ့နှံ့လေ့ ရှိပါသည်။ အမှားကို အမှန်ထင်ပါက ပြည်ထောင်စု ကြီးအတွက် ကြီးမားသော အန္တရာယ် များသို့ ရှေးရှု ပါလိမ့်မည်။ ပြည်သူလူထု တစ်ရပ်လုံး အသိတရား ရှိရှိနှင့် သတိတရား ကိုလည်း လက်ကိုင် ထားနိုင်မှ တန်ကာကျ မည်ဖြစ်ရာ ပေးဆပ်ရမှု များစွာမရှိ သေးဘဲ အသိတရား၊ သတိတရား ရှိကြပါ စေကြောင်း ဆန္ဒပြုနေ မိပါသည်။

မြန်မာ့သမိုင်း ကြောင်းအရ ဆိုရှယ်လစ် စီးပွားရေး စနစ်တစ်ရပ်ကို ထူထောင်ခဲ့ကြပြီး မအောင်မြင်တော့သည့် အခြေအနေတွင် ဈေးကွက်စီးပွားရေး စနစ်၊ ပါတီစုံ ဒီမိုကရေစီ စနစ်ဖြင့် နိုင်ငံတော်ကို ထူထောင် တည်ဆောက်ရန် အခြေအနေတွင် ၁၉၈၈ ခုနှစ် နှောင်းပိုင်း ကာလတွင် တပ်မတော်က အသွင်ကူးပြောင်း ရေးကာလ တစ်ရပ်ကို ထိန်းကျောင်း ဆောင်ရွက်ခဲ့ ရပါသည်။ ထို့နောက် ဆယ်စုနှစ် နှစ်ခု ကျော်ကာလကို ဖြတ်သန်းလျက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ်နှင့် အတူ အုပ်ချုပ်မှု စနစ်၊ စီးပွားရေး စနစ်၊ နိုင်ငံတော် လုံခြုံရေး နှင့် ကာကွယ်ရေး စနစ်တို့ကို တပ်မတော်က ပြောင်းလဲ ဆောင်ရွက်ခဲ့ ရပါသည်။ ထိုကာလ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ကျော်ဖြင့် ငြိမ်းချမ်းရေးရ ယူလျက် နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကိုဆောင်ရွက်ခဲ့ ပါသည်။ ထိုကာလသည် တပ်မတော်အစိုးရ ဖြစ်သဖြင့် တိုင်းရင်းသား လက်နက်ကိုင် တို့နှင့်ငြိမ်းချမ်းရေး ရယူရာတွင် နိုင်ငံရေး ဆွေးနွေးမှု အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီရွေးကောက်ခံ အစိုးရပေါ်ပေါက် လာချိန်တွင် နိုင်ငံရေးအရ ညှိနှိုင်း ဆွေးနွေးရန် ရည်မှန်းထားသည် ဖြစ်သဖြင့် ယနေ့ကာလ ကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာရ ခြင်းဖြစ်ပါသည်။ ယခုအခါ NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ပင် ပေါ်ပေါက်လာခဲ့ ပြီးဖြစ်ပါသည်။ 

မျက်မှောက်ကာလကို ကြည့်ပါက ၂ဝ၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို စတင်လျှောက်လှမ်း ခဲ့ပါသည်။ ပထမသက်တမ်း ကာလ ရွေးချယ်ခံအစိုးရ အနေဖြင့် တပ်မတော်အစိုးရ အုပ်ချုပ်မှုပုံစံမှ ပြောင်းလဲရခြင်း၊ နိုင်ငံရော ပြည်သူလူထုပါ ဒီမိုကရေစီ အတွေ့အကြုံ မရှိခြင်း၊ နိုင်ငံတွင် ဒီမိုကရေစီ ရင့်ကျက်မှု မရှိသေးခြင်းတို့ကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များတွင် အခက်အခဲများစွာ တွေ့ခဲ့ရပါသည်။ သို့ဖြစ်၍ ပထမငါးနှစ် သက်တမ်းကာလ၊ ဒုတိယသက်တမ်း၏ ပထမနှစ်ကာလ တိုင်အောင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ထင်သလောက် ခရီးမပေါက် သေးသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။ ထို့ကြောင့်ပင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ''တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မာမာ၊ တည်တည်ငြိမ်ငြိမ် ဖြစ်စေလိုကြောင်း၊ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် တပ်မတော်က အားသွန်ခွန်စိုက် အကူအညီပေးရန် နှင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း " တပ်မတော်အရာရှိကြီး များနှင့်တွေ့ဆုံသည့် ၂၇-၂-၂ဝ၁၇ ရက်နေ့တွင် မိန့်ကြားခဲ့ခြင်း အပေါ် မှတ်သားနာယူရ ပါသည်။

တပ်မတော်သည် လွတ်လပ်ရေးရချိန်မှ ယနေ့အထိ နိုင်ငံ့အရေးကိစ္စရပ် များကို ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ခဲ့ရသည် ချည်းဖြစ်ပါသည်။ ၁၉၄၈-၁၉၄၉ ခုနှစ် ပြည်တွင်း ရောင်စုံသောင်းကျန်းမှု၊ ၁၉၅၈ ခုနှစ်
အာဏာရပါတီ၏ နိုင်ငံရေး အကွဲအပြဲ၊ ၁၉၆၂ ခုနှစ် ပြည်ထောင်စုပြိုကွဲမည့် အခြေအနေ၊ ၁၉၈၈ ခုနှစ် အရေးအခင်းတို့တွင် တပ်မတော်က နိုင်ငံတော် အကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်ခဲ့ရသည် ချည်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ပထဝီဝင်နိုင်ငံရေး အရ မဟာဗျူဟာကျသော တည်နေရာကို ပိုင်ဆိုင် ထားပါသည်။ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြားတွင် လည်းကောင်း၊ တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသအကြား တွင်လည်းကောင်း ပေါင်းကူးသဖွယ် မဟာဗျူဟာမြောက် တည်ရှိနေပါသည်။ မဟာဗျူဟာအရ အရေးပါသော နေရာကိုရရှိ ထားရာတွင် အခွင့်အလမ်း များကို လက်ဝယ်ပိုင်ဆိုင်ရယူ နိုင်ရန် ကြိုးပမ်း ရမည်ဖြစ်သကဲ့သို့ စိန်ခေါ်မှုဟူသော မလိုလားအပ်သည့် သက်ရောက်မှုများ ကိုလည်း သတိတရားဖြင့် ကာကွယ်တားဆီး ရမည်ဖြစ်ပါသည်။ ကြိုတင်ကာကွယ် တားဆီးနိုင်ပါက နိုင်ငံတော်အတွက် အတိုင်းထက်အလွန် အောင်မြင်မှုပင်ြ ဖစ်ပါမည်။ မြန်မာလူထု တစ်ရပ်လုံးသည် ထိုအခွင့်အလမ်း များကို ရယူနိုင်ရန် လိုအပ်ပါသည်။

ယနေ့အချိန် ကာလသည် ပါတီစုံဒီမိုကရေစီ စနစ်တစ်ရပ်ကို စတင်ထူထောင် လာရာမှ ခြောက်နှစ်တာ ကာလကိုဖြတ်သန်း နေရသောအချိန် ကာလဖြစ်ပါသည်။ မိမိဆန္ဒ သဘောထားများကို နိုင်ငံရေးစင်မြင့် ထက်တွင် အကြမ်းဖက်မှု၊ လက်နက်စွဲကိုင်မှု မပါရှိဘဲ တွေ့ဆုံညှိနှိုင်း အဖြေရှာရေး ဟူသော ဒီမိုကရေစီစနစ်၏ အနှစ်သာရကို ပီပြင်စွာ အကောင်အထည် ဖော်နိုင်ရန်၊ ထာဝရငြိမ်းချမ်း ရေးရရှိရန် ကြိုးပမ်းနေရဆဲ ကာလဖြစ်ပါသည်။

ထိုကာလတွင် တပ်မတော်သည် ပြည်ထောင်စု တပ်မတော်ဖြစ်သည် နှင့်အညီ ပြည်ထောင်စုကြီး၏ အကျိုးစီးပွားကို ထာဝရ စောင့်ရှောက်နေသည် သာဖြစ်ပါသည်။ မင်္ဂလာရှိသော (၇၂)နှစ်မြောက် တပ်မတော်နေ့ အခါ သမယတွင် တပ်မတော်နေ့ ဦးတည်ချက်များ ၌ ''နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန် အရပ်ရပ်ကို ထိပါးလာမှုများအား တပ်မတော်မှ ကာကွယ် စောင့်ရှောက်ရေး'' ဟူသောအချက် နှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာ တွင် ချမှတ်ထားသော တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ဖြင့် ''နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပါဝင် ဆောင်ရွက်ရေး'' ဟူသော ဦးတည်ချက်များ ပါဝင်နေသည်ကို မြင်တတ်ကြည့်တတ် ကြရန် လိုအပ်မည် ဖြစ်ပါသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏ မိန့်ကြားချက် ဖြစ်သော နိုင်ငံတော် ကာကွယ်ရေး ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် လေးနက်ပုံကို တပ်မတော်သားများ သာမက ပြည်သူ တစ်ရပ်လုံးက သိရှိနားလည် သင့်လှကြောင်း အကြံပြုလိုပါသည်။ ပြည်ထောင်စု တပ်မတော် ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ ပကတိလိုအပ်ချက် တစ်ရပ်ဖြစ်သော ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးနှင့်အတူ ပြည်ထောင်စု တပ်မတော် ကလည်း ဦးလည်မသုန် ဆောင်ရွက်နေမည်သာ ဖြစ်ပါသည်။ ပြည်ထောင်စု တပ်မတော်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တစ်အူထုံ့ဆင်း ညီအစ်ကိုရင်းများ ဖြစ်ကြသည့် သွေးချင်းသားချင်း ပြည့်ရင်နှစ် အစစ်အမှန် တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံ့ရင်းမြစ်များ ပေါင်းစုလျက် နိုင်ငံ့အားမာန် ထုတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိ ပေရာ ''တစ်အူထုံ့ဆင်း ညီကိုရင်း သွေးချင်းသား စစ်ပြည့်ရင်နှစ် ရင်းမြစ်ပေါင်းစု အားမာန်ထု ပြည်ထောင်စု တပ်မတော်'' ဟူ၍ (၇၂)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုညွှန်းဆို ရေးသားလိုက် ရပါသည်။ ။

မောင်မန်းညို (မဟာဝိဇ္ဇာ)

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger