မန္တလေး ၊ ၁၅-၃-၂၀၁၇
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (AFD) တို့က မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော် ရာတွင် မြို့ရေပေးရေး စနစ် တိုးတက် ကောင်းမွန်ရေး ၊ ရေဆိုးစွန့်ပစ်စနစ် နှင့် ရေမြောင်းများ တိုးတက် ကောင်းမွန်ရေး၊ အမှိုက်စွန့်ပစ် သိမ်းဆည်းရေး ကောင်းမွန်စေရေး နှင့် အဖွဲ့အစည်း ဆိုင်ရာ စွမ်းရည်တိုးတက် ကောင်းမွန်ရေးတို့ အတွက် ၂ဝ၁၆ခုနှစ်က ချေးယူထားခဲ့သော အမေရိကန်ဒေါ်လာ သန်း ၁၃ဝ ကို ချေးငွေပေးဆပ် ရမည့်ကာလမတိုင်မီ ရေခွန် (ရေဆိုးစွန့်ပစ် အပါအဝင်) တစ်ယူနစ် လျှင် ၁၇၅ ကျပ်နှုန်း တိုးမြှင့်ကောက်ခံ သွားဖွယ်ရှိကြောင်း မန္တလေး မြို့တော်စည်ပင် သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းမှု ဌာန စီမံချက် စာတမ်းများ အရ သိရသည်။
ချေးငွေပြန်လည် ပေးဆပ်ရမည့် ကာလတွင် ရေခွန်ရေခများ (ရေဆိုးစွန့်ပစ်မှု အပါအဝင်) တစ်ယူနစ်လျှင် ၁၇၅ ကျပ် တိုးမြှင့် ကောက်ခံပါက တစ်နှစ်လျှင် ရေခွန်ရေခ ငွေကျပ် ၈ဝ၅၅ သန်းခန့် ရရှိလာမည် ဖြစ်ကြောင်း၊ ရေဆိုးသန့်စင်သည့် စနစ်စီမံကိန်း ပြီးစီးပါက နေအိမ်များမှ ထွက်ရှိသည့် ရေဆိုးပမာဏ အလိုက် ရေဆိုးစွန့်ပစ် သန့်စင်ခ ကောက်ခံရရှိ လာနိုင်ခြင်း၊ အခြားလိုင်စင် အခွန်အခများ တိုးမြှင့်ရရှိလာနိုင်ခြင်း တို့ကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ရငွေ ပိုမိုရရှိလာမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အခွန်နှင့် သာမန်ရငွေမှာ ငွေကျပ် ၄၁၃၄၃ ဒသမ ၆၁၆ သန်းဖြစ်ပြီး ငွေလုံးငွေရင်း ရငွေမှာ ငွေကျပ် ၃၄ဝ၂၄ ဒသမ ၆၉၆ သန်း ဖြစ်သည့်အတွက် စုစုပေါင်းရငွေမှာ ငွေကျပ် ၇၅၃၆၈ ဒသမ ၃၁၂ သန်း ဖြစ်သောကြောင့် ဆိုင်းငံ့ကာလ ရှစ်နှစ်ဖြစ်သော ၂ဝ၂၄ ခုနှစ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်သော တည်ဆောက်ရေး လုပ်ငန်းများ၏ ကုန်ကျစရိတ်များကို အနည်းငယ် လျှော့ချပြီး ဆောင်ရွက်ပါက အသုံးစရိတ် လျှော့ချနိုင်ခြင်းနှင့် ရငွေပိုမိုတိုးတက် လာခြင်းတို့ကြောင့် ချေးယူထားသော ချေးငွေများကို သတ်မှတ်ကာလ အတွင်း ပြန်လည်ပေးဆပ် နိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာန စီမံချက်စာတမ်းများ အရ သိရသည်။
မင်းဆွေဦး
ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)
No comments:
Post a Comment