www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 10, 2017

လက်ခစားစနစ် (CMP) အထည်ချုပ်လုပ်ငန်းများမှ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ သန်း ၇၀၀၀ ကျော်ဖိုးတင်ပို့ထား



ရန်ကုန် ၊ ၁၀-၂-၂၀၁၇

လက်ခစားစနစ် (CMP) အထည်ချုပ် လုပ်ငန်းများကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများဆုံး လုပ်ကိုင်လျက် ရှိပြီး ယခု ဘဏ္ဍာနှစ် အတွင်း အမေရိကန် ဒေါ်လာသန်း ၇ဝဝဝ ကျော်တန်ဖိုးရှိ အဝတ်အထည် များ တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းကဏ္ဍ၌ ပြည်တွင်း ပုဂ္ဂလိကပိုင် ၁၇၁ ရုံ၊ နိုင်ငံခြားသားပိုင် ၁၉၆ ရုံနှင့် ပြည်တွင်း နှင့် နိုင်ငံခြား ဖက်စပ်စက်ရုံ ၂၂ ရုံ စုစုပေါင်း အထည်ချုပ်စက်ရုံ ၃၈၉ ရုံရှိနေပြီး ဝန်ထမ်း နှင့် အလုပ်သမား ဦးရေ လေးသိန်းကျော် ဝင်ရောက်လုပ်ကိုင် နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လက်ခစားစနစ် (CMP) အထည်ချုပ်လုပ်ငန်း များမှ ပြည်ပသို့ အထည်တင်ပို့မှုမှာ ဂျပန်နိုင်ငံ ဈေးကွက်သို့ ၃၃ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂ ဈေးကွက် ဂျာမနီနိုင်ငံသို့ ၂၅ ရာခိုင်နှုန်း၊ တောင်ကိုရီးယား နိုင်ငံသို့ ၂၅ ရာခိုင်နှုန်း၊ အမေရိကဈေးကွက် သို့ ၂ ဒသမ ၄ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသို့ ၂ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်သည်။ လက်ရှိတွင် မြန်မာ့အထည်ချုပ် လုပ်ငန်းထုတ်ကုန် များကို ဥရောပသမဂ္ဂ နိုင်ငံများမှ အော်ဒါမှာယူမှု မြင့်တက်လျက်ရှိပြီး ယခုနှစ်တွင် ဥရောပသမဂ္ဂ နိုင်ငံက ဂျပန်နိုင်ငံထက် ပိုမိုမှာယူနေကြောင်း သိရသည်။

ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံသို့ GSP အခွန်သက်သာခွင့် ပေးပြီးနောက်ပိုင်းတွင် ဥရောပသမဂ္ဂ နိုင်ငံများမှ အော်ဒါမှာယူမှု များပြားလာခြင်း ဖြစ်ပြီး ယခု ဖော်ဆောင်နေသည့် သီလဝါအထူး စီးပွားရေးဇုန် တွင် လက်ခစားစနစ် (CMP) ဖြင့် အထည်ချုပ်လုပ်ငန်း များပါဝင် နေသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ထပ်မံပေါ်ထွက် လာမည့်အပြင် ပြည်ပသို့ အထည်တင်ပို့မှု တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် လာဖွယ်ရှိကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာလကုန် အထိ ကိုးလတာကာလ အတွင်း အမေရိကန်ဒေါ်လာ သန်း ၇ဝဝဝ ကျော်တန်ဖိုးရှိ အဝတ်အထည် များကို တင်ပို့ ရောင်းချပေးခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တွင် တစ်နှစ်လုံး တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၆ဝဝဝ ကျော်သာ ရှိခဲ့သောကြောင့် ဘဏ္ဍာနှစ် ကိုးလတာကာလ အတွင်း တင်ပို့နိုင်မှုမှာ ယခင်ဘဏ္ဍာ နှစ်တစ်နှစ်လုံးထက် အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ ကျော်ဖိုး ပိုမိုတင်ပို့နိုင် ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းကဏ္ဍ အနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈ဝဝဝ ကျော်ဖိုးအထိ တင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက် နေကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger