www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 13, 2017

ကြက်ငှက်တုပ်ကွေး ကာကွယ်ရေးအတွက် ဇီဝလုံခြုံရေးနှင့် တရားမဝင်ကြက်ဥ၊ ကြက်သား တားဆီးရန်လို



မန္တလေး ၊ ၁၃-၂-၂၀၁၇

ကြက်ငှက်တုပ်ကွေး ကာကွယ်ရေးအတွက် ဇီဝလုံခြုံရေးတိုးမြှင့် ရန်နှင့် တရားမဝင် ကြက်ဥ၊ ကြက်သားများကို တားဆီးရန်လိုအပ်နေ ကြောင်း မန္တလေးတိုင်းဒေသကြီးမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 

ယခုရာသီသည် ကြက်ငှက်တုပ်ကွေး ရာသီဖြစ်ပြီး ယခင်နှစ်ကလည်း မုံရွာကြက်မွေးမြူရေးဇုန်ရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့၍ ကြက်ကောင်ရေ ကိုးသောင်းခန့် သုတ်သင်ရှင်းလင်းခဲ့ရသည်။

''အခုရာသီမှာ ကြက်ငှက်တုပ်ကွေးက အချိန်မရွေးဖြစ်နိုင်ပါတယ်။ ဇီဝလုံခြုံရေး တိုးမြှင့်ဖို့လိုသလို တရုတ်နိုင်ငံကနေ တရားမဝင် ဝင်ရောက်နေတဲ့ ကြက်ဥ၊ ကြက်သားတွေလဲ ဖမ်းဆီးအရေးယူဖို့ လိုပါတယ်''ဟု မန္တလေးတိုင်း ဒေသကြီး  မွေးမြူရေးလုပ်ငန်း အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါက်တာကျော်ထင် က ပြောပြသည်။

ယခင်နှစ်က မန္တလေးမြို့သို့တရားမဝင် အေးခဲကြက်သားများဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်းကာ ဖမ်းဆီး အရေးယူပြီး မီးရှို့ဖျက်ဆီး ခဲ့သည်။ ယခုလက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ တရားမဝင် ကြက်ဥများ လားရှိုး-မူဆယ် ကုန်းလမ်းကြောင်းနှင့် ဗန်းမော်-ကသာ ရေလမ်းကြောင်း တို့မှ မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ အမြောက်အမြား ဝင်ရောက်လျက်ရှိပြီး ဖမ်းဆီး အရေးယူမှုများ အားနည်းလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီးမွေး မြူရေးလုပ်ငန်းအဖွဲ့ချုပ် မှသိရသည်။ ကြက်ငှက်တုပ်ကွေး ကာကွယ်ရေးအတွက် ခြံအတွင်း လူအဝင်အထွက်၊ကြက်ဥကတ် အဝင်အထွက်၊ ဖိနပ်စီးဝင်ထွက်မှု နှင့် ကြက်စာ အဝင်အထွက်များ ကိုလည်း သီးသန့်စီခွဲခြား ကာပြုလုပ် သင့်ကြောင်း သိရသည်။

''ဇီဝလုံခြုံရေးအတွက် အဓိကက ကြက်ဥကတ်က အရေးကြီးတယ်။ အထဲကကတ်နဲ့ အပြင်ကကတ် ခွဲထားသင့်တယ်။ သေချာဆေးကြော တာတွေ၊ ဆေးစိမ်တာတွေ ပြုလုပ်ရမယ်။ ဗိုင်းရပ်စ် အများဆုံးပျံ့တာ ကြက်ဥကတ် တွေကပဲ'' ဟု ၎င်းက ဆက်လက် ပြောပြသည်။ 

ကြက်ခြံများအတွင်း ထုံးများဖြူးထားရန်နှင့် ငှက်ရိုင်းများ ဝင်ရောက်ခြင်းများမှလည်း ကာကွယ်ထားရန် လိုအပ်ပြီး မသင်္ကာဖွယ်ကြက်သေဆုံးမှုများဖြစ်ပွားပါကနီးစပ်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများသို့ သတင်းပေးပို့ ရန်လိုအပ်ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြင်ဦးလွင်မြို့နယ်သည် ကြက်မွေးမြူရေး လုပ်ကိုင်မှု အများဆုံး ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger