www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 2, 2017

အမျိုးသမီးများကို နာတာရှည်ရောဂါ ဖြစ်စေသည့် လေထုညစ်ညမ်းမှု



( ရှိန်းထက် )

ကမ္ဘာ ပေါ်တွင် လူသားတို့ဖန်တီး နေသည့် ပယောဂကြောင့် နှစ်စဉ် လူပေါင်း ခုနစ်သန်းခန့် သေဆုံးလျက် ရှိသည်။ နျူကလီးယား ကြောင့်လည်း မဟုတ်၊ စစ်ပွဲများကြောင့် လည်းမဟုတ်။ လူတိုင်း သတိမထားမိ အမှုမဲ့အမှတ်မဲ့ လျစ်လျူရှုထားသည့် လေထု ညစ်ညမ်းမှုကြောင့် ဖြစ်သည်။

လေထုညစ်ညမ်းမှုကို လူသားတို့က သတိမထားမိဘဲ ဆက်တိုက်ပြုလုပ် နေကြသည်။ လေထုထဲမှ မမြင်နိုင်သည့် အမှုန်လေးများက လူတို့ကို ဒုက္ခမပေး နိုင်ဟု ထင်ကြသည်။ သို့သော် ထိုအမှုန်လေးများ ကပင် လူသားတို့၏ သန်းနှင့်ချီသော အသက်ပေါင်း များစွာကို နှစ်စဉ်နုတ်ယူ နေကြသည်။

ဇန်နဝါရီ ၃၁ ရက်က အမေရိကန် သုတေသနစာတမ်း တစ်ခုထွက်ပေါ် လာသည်။ လေထု ညစ်ညမ်းမှုကြောင့် အမျိုးသမီးများ၌ အယ်လ်ဇိုင်းမား ရောဂါ အပါအဝင် နာတာရှည်ရောဂါ များစွာ ဖြစ်လာနိုင်သည် ဆိုသည့် တွေ့ရှိချက် ဖြစ်သည်။ သေးငယ်သည့် အမှုန်လေးများက လူသားတို့ခန္ဓာ ကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်ပြီး ဦးနှောက်ဆီသို့ ရောက်ရှိသွားသည်။ ဦးနှောက်ထဲသို့ ရောက်ရှိသွားသည့် ယင်းအမှုန်လေး များကြောင့် ဦးနှောက် စွမ်းဆောင်ရည် ကျဆင်းလာပြီး တဖြည်းဖြည်း နှင့် ဦးနှောက်ကို တင်းမာလာအောင် ဒုက္ခ ပေးတော့သည်။ ထိုမှတစ်ဆင့် ရောဂါပေါင်း များစွာကို အမည် အမျိုးမျိုးဖြင့် ခွဲထုတ်ပေး တော့သည်။

အမေရိကန် သုတေသန ပညာရှင်များက အသက် ၆၅ နှစ်မှ ၇၉ နှစ်အရွယ်ရှိ အမျိုးသမီး ၃၆၄၇ ဦးကို သုတေသနပြု လေ့လာခဲ့သည်။ ထိုအမျိုးသမီး များသည် စာရင်းပေးသွင်း သည့်အချိန်တွင် နာတာရှည်ရောဂါ တစ်ခုမျှ မခံစားရဘဲ ပြည်နယ်ပေါင်း ၄၈ ခုမှ လာရောက်ကြ သူများဖြစ်သည်။ ထိုအထဲမှ APOE 4 ဟုခေါ်သော ဗီဇရှိသည့် အမျိုးသမီး များသည် အယ်လ်ဇိုင်းမား ရောဂါကဲ့သို့ နာတာရှည်ရောဂါ များကို ခံစားရ နိုင်ခြေ အမြင့်ဆုံး ဖြစ်နေသည်ကို တွေ့ရှိရသည်။

အယ်လ်ဇိုင်းမား နှင့် လေထုညစ်ညမ်းမှု ဆက်စပ်နေသည်ကို တွေ့ရှိရသည့် ပထမဆုံး တွေ့ရှိချက် ဖြစ်ကာ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းဖြင့် အယ်လ်ဇိုင်းမား ရောဂါကို လျှော့ချနိုင်ကြောင်း တွေ့ရှိရသည်။ သေးငယ်သော မိုက်ခရိုအမှုန် လေးများထွက်သည့် အဓိက နေရာသည် စွမ်းအင်အတွက် ရုပ်ကြွင်း လောင်စာများကို အသုံးပြုသည့် စက်ရုံများ ဖြစ်သည်။ ထို့ပြင် ကားအင်ဂျင်မှ ထွက်သည့် မီးခိုးငွေ့ထဲ တွင်လည်း ယင်း သေးငယ်သည့် အမှုန်ငယ်လေးများ သန်းနှင့်ချီ ပါဝင်နေသေးသည်။ ထို့ကြောင့် နောက်ပိုင်း ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ သာမက ဖွံ့ဖြိုးဆဲနိုင်ငံ များ၌ မီးခိုးငွေ့ ထွက်သည့်ကားများ အသုံးပြုခွင့်ကို ပိတ်ပင်လာခြင်း ဖြစ်သည်။ တောင် ကိုရီးယား ကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံ၌ မီးခိုးငွေ့ထွက်သည့် ကားအသုံးပြုလျှင် ဒဏ်ကြေးကို အမြင့်ဆုံးအထိ ပေးဆောင်ရသည်။

ကမ္ဘာပေါ်၌ စွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုသည် မရှိမဖြစ် လိုအပ်သည့် အရာတစ်ခု ဖြစ်သည်။ သို့သော် ထိုစက်ရုံများကို မလျှော့ချ မချင်းတော့ လေထု ညစ်ညမ်းမှုကြောင့် လူသားတို့ သေဆုံးမှုကို လျှော့ချ နိုင်ဦးမည် မဟုတ်ပေ။ သိပ္ပံပညာရှင် များအနေဖြင့် စွမ်းအင်အတွက် ရုပ်ကြွင်း လောင်စာအစား အကောင်းဆုံး အစားထိုး သုံးစွဲမည့် ပစ္စည်းကို နျူကလီးယား အဖြစ် ရွေးချယ်ထာြး ကသည်။ သဘာဝ ပြည့်ဖြိုးမြဲ စွမ်းအင် အပြည့်အဝ အသုံးမပြု နိုင်သေးသည့် အချိန်တွင် တစ်ဆင့်ခံ အကောင်းဆုံး အစားထိုး အသုံးပြုရန် နျူကလီးယား စွမ်းအင်သည် အသင့်လျော်ဆုံး ဖြစ်သည်။

လောင်စာချက် စက်ရုံများထက် ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လုပ်မှုကို အဆပေါင်းများစွာ လျှော့ချပေး နိုင်သည်။ စွမ်းအင်ကိုလည်း ထိုစက်ရုံများ ဆယ်နှင့်ချီကာ ထုတ်လုပ် ပေးမှုထက် နျူကလီးယား စက်ရုံတစ်ရုံက
ပေးနိုင်သည်။ ထို့ပြင် အမှုန် ထုတ်လုပ်မှု ကလည်း အဆပေါင်း ရာနှင့်ချီ ကွာဟချက်ရှိ သေးသည်။ ထို့ကြောင့် အမေရိကန် သမ္မတဟောင်း အိုဘားမားက အိန္ဒိယအတွက် စွမ်းအင်ထောက်ပံ့ ပေးမည့် အစီအစဉ်ကို
နျူကလီးယား စက်ရုံဖြင့် အစားထိုး ပေးခဲ့ခြင်း ဖြစ်သည်။

ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ဖို့ဆိုလျှင် နျူကလီးယား နည်းပညာဖြင့် စွမ်းအင်ထုတ်လုပ် ခြင်းထက် ကုန်ကျစရိတ် ပိုများမည်၊ စွမ်းအင်ရရှိမှု ပို၍နည်းမည်။ အမှုန် ထုတ်လုပ်မှုနှင့် ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လုပ်မှု ကတော့မရှိပေ။ သို့သော် အလုံးစုံ မစွမ်းဆောင် နိုင်သေးသည့် အချိန်တွင် နျူကလီးယား စွမ်းအင်သည် အကောင်းဆုံး ဖြစ်သည်။ တရုတ်တွင် အဓိကလေထု ညစ်ညမ်း နေရသည့် အကြောင်းရင်းမှာ လောင်စာချက် စက်ရုံများကြောင့် ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံ မြို့တော်ပေကျင်း အပါအဝင် မြောက်ဘက် ပြည်နယ်များ အထိ လေထုညစ်ညမ်း မှုကို နှစ်စဉ် အဆိုးရွားဆုံး ခံစားနေရခြင်း ဖြစ်သည်။ ကုလသမဂ္ဂ၏ လေထု ညစ်ညမ်းမှု အညွှန်းကိန်းထက် ထက်ဝက်ခန့် အထိ ကျော်လွန် နေသည့် စံသတ်မှတ်ချက် များကို တရုတ်နိုင်ငံ၌ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလက ရရှိခဲ့သည်။ ကမ္ဘာပေါ်၌ လေထု အညစ်ညမ်းဆုံး မြို့တော်ဘွဲ့ ကိုလည်း ပေကျင်းမြို့ က ခံယူထားသည်။

အာရှဒေသသည် အလျင်အမြန် ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက် ကလည်း နှစ်စဉ်မြင့်မား လာသည်။ ထို့ကြောင့် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုသည် ပိုမိုမြင့်တက် လာပြီး လေထုညစ်ညမ်း မှုကလည်း မြင့်တက်လာသည်။ ကမ္ဘာပေါ်၌ လေထု ညစ်ညမ်းမှုကြောင့် သေဆုံးမှု အများဆုံး နေရာကို ပြပါဆိုလျှင် အာရှဒေသကို ပြရမည် ဖြစ်သည်။

အနောက် ကမ္ဘာခြမ်းက သိန်းချီသေဆုံး သည့်အချိန်တွင် အာရှကတော့ သန်းချီ သေဆုံးနေသည်။ တရုတ်က သေဆုံးမှု စာရင်းကို ထိပ်ဆုံးနေရာ ယူထားသည်။ နေ့စဉ် တရုတ်နိုင်ငံ၌ လူဦးရေ ၄ဝဝဝ ခန့် သေဆုံး နေရကြောင်း ၂ဝ၁၅ ခုနှစ် သုတေသန စစ်တမ်းများက ဖော်ပြထားပြီး ပေကျင်း နှင့် ရှန်ဟိုင်း ဆိုလျှင် မီးခိုးလွှမ်းခြုံ ထားသည့် မြို့တော်ဟု တင်စားရ လောက်အောင် နှစ်စဉ် မီးခိုးငွေ့များဖြင့် ဖုံးအုပ်ခံထား ရသည့် မြို့တော်ဖြစ်သည်။

တရုတ်အစိုးရက အစောပိုင်းတွင် ၄င်းတို့ ကျောက်မီးသွေး စက်ရုံများက မီးခိုးငွေ့များကို ထုတ်လုပ်ခြင်း မဟုတ်၊ လေထုညစ်ညမ်း မှုကို ပြုလုပ်ခြင်း မဟုတ်ဟု ငြင်းဆန်ကြ သော်လည်း ယခုတော့ တရုတ် အာဏာပိုင်များ ကိုယ်တိုင် ဝန်ခံနေရပြီ ဖြစ်သည်။ သို့သော် ကျောက်မီးသွေး စက်ရုံ အသုံးပြုမှု ကိုတော့ ယခုအချိန်ထိ မရပ်တန့် နိုင်သေးပေ။ တရုတ်၏ စွမ်းအင် ၇၅ ရာခိုင်နှုန်း က ကျောက်မီးသွေး စက်ရုံများမှ လာသောကြောင့် ဖြစ်သည်။ 

ထို့ကြောင့် တရုတ်တွင် လေထု ညစ်ညမ်းမှုကြောင့် သေဆုံးသည့် စာရင်း တစ်နိုင်ငံ တည်း၌ သန်းချီဖြစ် နေရခြင်း ဖြစ်သည်။ နှစ်စဉ် လေထု ညစ်ညမ်းမှုကြောင့် အသစ်သစ်သော ရောဂါများကို တွေ့မြင်နေရပြီး ၂ဝ၁၇ ခုနှစ်သည် အယ်လ်ဇိုင်းမား ရောဂါနှင့် လေထု ညစ်ညမ်းမှု ဆက်စပ် နေသည်ကို တွေ့ရှိသည့်နှစ် ဖြစ်သည်။

နာတာရှည်ရောဂါ လျှော့ချရန်သည် လေထုထဲသို့ PM 2.5 အမှုန်များ ထုတ်လုပ်မှုကို လျှော့ချရန် လိုသည်။ ယနေ့ ကမ္ဘာ ပေါ်၌ ထိုအမှုန် များကြောင့် နာတာရှည် ရောဂါခံစား နေရသည့် လူဦးရေ ၄၈ သန်းခန့် ရှိသည်။ ခုနစ်သန်းခန့်မှာ နှစ်စဉ်သေဆုံး နေသည်။ ၇ ဒသမ ၇ သန်းမှာ အသစ်သစ်သော နာတာရှည်ရောဂါ များကို ခံစားနေကြ ရသည်။ ထိုအထဲတွင် အမျိုးသမီး အရေအတွက် သည် ပိုများလာပြီး လေထု ညစ်ညမ်းမှုနှင့် အမျိုးသမီး ကျန်းမာရေးသည် တိုက်ရိုက် ဆက်စပ်နေပြီ ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger