www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 6, 2017

ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး


ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး

ကမ္ဘာပေါ်တွင် ရေချိုအရင်းအမြစ် များ၏ ၇ဝ ရာခိုင်နှုန်း ခန့်ကို စိုက်ပျိုးရေး ကဏ္ဍအတွက် အသုံးပြုလျက် ရှိရာ ရေအရင်းအမြစ် များ၏ ၂ဝ ရာခိုင်နှုန်းကို ရေဝပ်ဒေသ များက အဓိကပံ့ပိုး ပေးထားသည်။ ရေဝပ်ဒေသ များသည် စိုက်ပျိုးရေး အတွက် ရေသိုလှောင် သိမ်းဆည်းပေးခြင်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက် စေခြင်း၊ ရေဝပ်ဒေသ တွင်ကျက်စားသော ရေပျော်ငှက် များက စိုက်ပျိုးသီးနှံ များအား ဝတ်မှုန် ကူးပေးခြင်းနှင့် သီးနှံဖျက်ပိုးမွှား များအား သုတ်သင်ပေးခြင်း စသည်တို့ကြောင့် စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံတွင် ရေဝပ်ဒေသ ဂေဟစနစ်များ ထိန်းသိမ်းရေး သည် အရေးပါသော အခန်းကဏ္ဍ၌ တည်ရှိသည်။

ကမ္ဘာမြေပေါ် မှီတင်းနေထိုင် ကြသော လူသားများ အပါအဝင် သက်ရှိသတ္တဝါ အားလုံးတို့သည် ကမ္ဘာ့ဂေဟစနစ်၏ ဝန်ဆောင်မှုအပေါ် မှီခိုလျက် နေ့စဉ်ဘဝများကို ဖြတ်သန်းရှင်သန် ကြလေရာ ကမ္ဘာမြေပြင်၏ ၄ဝ ရာခိုင်နှုန်း ခန့်ကို မြို့ပြ အဆောက်အအုံများ၊ စိုက်ပျိုးမြေနှင့် စားကျက်မြေ အဖြစ် လူသားတို့က အသုံးပြုထား ကြသည်။ ကမ္ဘာ့လူဦးရေ တိုးပွားမှုနှုန်းကို ဆန်းစစ်ကြရာ ခရစ်နှစ် ၁၉ဝဝ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ သန်းပေါင်း ၁၅ဝဝ ရှိခဲ့သည်မှ ၂ဝ၁၂ ခုနှစ်တွင် လူဦးရေသန်းပေါင်း ၇ဝဝဝ ပြည့်ခဲ့ပြီး နှစ်စဉ် လူဦးရေ တိုးနှုန်းသည် ပျမ်းမျှ ၇၅ သန်း ရှိကြောင်း တွေ့ရသည်။ တိုးတက်လာသော လူဦးရေအတွက် ကမ္ဘာမြေမှ အရင်းအမြစ်များ ထုတ်ယူသုံးစွဲမှု များပြားလာခြင်း၏ အကျိုးဆက်အဖြစ် သစ်တောသစ်ပင်၊ သမုဒ္ဒရာ၊ ရေချို အရင်းအမြစ်နှင့် အခြားသော သဘာဝ အရင်းအမြစ် များ၏ ဂေဟစနစ် ဝန်ဆောင်မှုသည် ၁၉၇ဝ ပြည့်နှစ် အခြေအနေ ထက် ၃၅ ရာခိုင်နှုန်းခန့် လျော့နည်းကျဆင်း ခဲ့ကြောင်း ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ရန်ပုံငွေ အဖွဲ့ (WWF)၏ ထုတ်ပြန်ချက် ဖော်ပြထားသည်။

ကမ္ဘာ့လူဦးရေ တိုးတက် လာခြင်းကြောင့် စားနပ်ရိက္ခာ လိုအပ်ချက် မြင့်မား နေချိန်တွင် စိုက်ပျိုးသီးနှံ အထွက်နှုန်း ကျဆင်းလျက် ရှိသည့် အကြောင်းရင်းမှာ လူတို့၏ ပယောဂကြောင့် ကမ္ဘာ့မြေဆီလွှာ ပျက်စီး လျော့နည်းရခြင်း ကြောင့်ဖြစ်သည်။ ကမ္ဘာ့မြေဆီလွှာ ပျက်စီးလျော့နည်း လျက်ရှိသည့် ပမာဏမှာ နှစ်စဉ်ပျမ်းမျှ တန်ချိန် သန်းပေါင်း ၂၄ဝဝဝ နှုန်း ရှိကြောင်း သိရသည်။ လက်ရှိ လူဦးရေ တိုးတက်မှုနှင့် မြေအသုံးချမှု နှုန်းအတိုင်း ဆက်လက် ဖြစ်ပေါ် နေမည်ဆိုပါက လာမည့် ၂ဝ၅ဝ ပြည့်နှစ် အတွက် ခန့်မှန်းထားသည့် လူဦးရေ သန်းပေါင်း ၉၆ဝဝ အတွက် လုံလောက်စေရန် ယခု တည်ရှိနေသော ကမ္ဘာမြေ အရွယ်အစား နှစ်နေရာစာမျှ တိုးချဲ့မှသာ လုံလောက်နိုင်မည် ဖြစ်ကြောင်း ပညာရှင်များက သတိပေးထား ကြသည်။

ကမ္ဘာ့ရေဝပ် ဒေသများ ခန်းခြောက်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှုကို လေ့လာကြရာ၌ အီရန်နိုင်ငံရှိ အာမီယာ (Urmia) ရေကန်မှ တွေ့ရှိချက် များအား နမူနာအဖြစ် ဖော်ပြထားသည်။ အာမီယာ ရေကန်သည် အရှေ့အလယ်ပိုင်း ဒေသတွင် အကြီးဆုံးရေကန် ဖြစ်ပြီး ရေပြင် အမြင့်ဆုံးသို့ ရောက်ရှိချိန်တွင် တောင်-မြောက် ကီလိုမီတာ ၁၄ဝဝ ရှည်လျား၍ အရှေ့-အနောက် ၈၅ ကီလိုမီတာ ကျယ်ဝန်းသည်။ ၄င်းရေကန်ကို အပြည်ပြည် ဆိုင်ရာ အရေးကြီး ရေဝပ်ဒေသ အဖြစ် ရမ်ဆာ ကွန်ဗင်းရှင်းက ၁၉၇၁ ခုနှစ်တွင် ကြေညာခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ဇီဝအဝန်း နယ်မြေအဖြစ် ယူနက်စကိုက သတ်မှတ်ထားသည်။ မြစ်ကြီး ၁၃ စင်း စီးဝင်လျက် ရှိသော ရေကန်ပတ်လည် ကီလိုမီတာ ၅ဝဝ ဝန်းကျင်၌ လူဦးရေ ၇၆ သန်းခန့် နေထိုင်လျက် ရှိကြရာ လူဦးရေ ၆ ဒသမ ၄ သန်းသည် ကန်၏ ရေဝေရေလဲ ဒေသအတွင်း စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်လျက် ရှိသည်။

အာမီယာကန် ရေပြင်ဧရိယာကို ၁၉၉၅ ခုနှစ်က တိုင်းထွာချက်အရ စတုရန်းကီလိုမီတာ ၆၁ဝဝ ကျော်ရှိခဲ့ ရာမှ ၂ဝ၁၁ ခုနှစ်က တိုင်းထွာခဲ့သော ကောင်းကင်ဓာတ်ပုံ အချက်အလက် များအရ ကန်ရေပြင် ဧရိယာသည် ၂၃၆၆ စတုရန်း ကီလိုမီတာသို့ ကျဆင်းသွားသည်ဟု ခန့်မှန်းထားသည်။ ကန်အတွင်း ရေလျော့နည်း ရသည့် အကြောင်းရင်း များမှာ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ၆၅ ရာခိုင်နှုန်း၊ ကန်အတွင်းသို့ စီးဝင်သော ချောင်းများတွင် ဆည်တည် ဆောက်၍ ရေသုံးစွဲခြင်းကြောင့် ၂၅ ရာခိုင်နှုန်းနှင့် သဲနုန်းပို့ချခြင်း ကြောင့် ၁ဝ ရာခိုင်နှုန်း ဖြစ်သည်။

ကန်ရေ ခန်းခြောက်မှုကို ဖြစ်ပေါ်စေသော အကြောင်းရင်းမှာ ရေဝေရေလဲ ဒေသများတွင် ကန်အတွင်းသို့ စီးဝင်သော ရေအရင်းအမြစ် ပြောင်းလဲခြင်းနှင့် ရာသီဥတု ပူပြင်းမှုတို့သည် အဓိက ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်း အဓိက လုပ်ကိုင်လျက် ရှိသော မြန်မာနိုင်ငံရှိ ဇီဝအဝန်းနယ်မြေ များနှင့် ရေဝပ်ဒေသများရှိ ရေဝေရေလဲ ဒေသများတွင် ရေခန်းခြောက် စေသော အကြောင်းတရား လျော့နည်းအောင် ဝိုင်းဝန်း ကြိုးပမ်းကြခြင်းဖြင့် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ကျင်းပခဲ့သော ကမ္ဘာ့ရေဝပ်ဒေသ များနေ့ ဆောင်ပုဒ်ဖြစ်သည့် ''သဘာဝဘေးဒဏ် လျှော့ချရေး ရေဝပ်ဒေသများမှ ဆောင်ရွက်ရေး'' ကို လက်တွေ့ ဖော်ဆောင်ကြ ပါရန် မြဝတီ က တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

(အယ်ဒီတာ့အာဘော်)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page