www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 3, 2017

ဖိလစ်ပိုင်ရေပြင်၌ ကင်းလှည့်ပေးရန် တရုတ်ကို တောင်းဆိုခဲ့သည့် ဒူတာတေ


Chinese Coast Guards rammed Filipino fishermen’s boat at Scarborough Shoal

( ရှိန်းထက် )

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေ သည် မထင်မှတ်ထားသည့် နောက်ထပ် ခြေလှမ်းတစ်လှမ်း ကို မြန်ဆန်စွာ လှမ်းလိုက်ပြန်ပြီ ဖြစ်သည်။ တောင်ဘက် ၄င်းတို့နိုင်ငံ၏ ပင်လယ် ကမ်းရိုးတန်းကို တရုတ် ရေတပ်အား ကင်းလှည့်ပေးရန် တောင်းဆို လိုက်သည်။

ISIS တို့နှင့် အဆက်အသွယ် ရှိသည့် အဘူဆေယက်စ် စစ်သွေးကြွ များ၏ ပြန်ပေးဆွဲ လုပ်ရပ်များကို စိုးရိမ် ရသည့်အတွက် ဖိလစ်ပိုင် စစ်တပ်သည် နှစ်စဉ်ပင်လယ် ဓားပြရန်မှ ကာကွယ်ရန် ပူးပေါင်းစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ပြီး ကင်းလှည့်ခြင်း များကို ဆောင်ရွက် ရသည်။ အစပိုင်းတွင် ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက စင်ကာပူ၊ ဘရူနိုင်းတို့နှင့် ပူးပေါင်း၍ ပင်လယ်ဓားပြ တိုက်ဖျက်ရေး အတွက် ကင်းလှည့်ပြီး လေ့ကျင့်မှု များကို တိုးချဲ့မည်ဟု ဆိုသည်။

ယခု သမ္မတ ဒူတာတေ က မဆီမဆိုင်ပင် တရုတ်ကို ၄င်း၏ ရေပြင် ကင်းလှည့်ပေးရန် တောင်းဆို လိုက်ခြင်း ဖြစ်သည်။ မလေးရှား၊ ဘရူနိုင်း၊ စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံ တို့သာမက ဂျပန်နိုင်ငံ ကပင် အံ့အားသင့်သွား ရသည့် ဖြစ်ရပ်ဖြစ်သည်။ ယခင်က အမေရိကန်နှင့် ဂျပန်တို့သည် ထိုကင်းလှည့် လေ့ကျင့်မှုများ အတွက် ပင်တိုင် ပါဝင်သူများ ဖြစ်သည်။ ယခုတော့ အားလုံးကို ပစ်ပယ်ပြီး ဒူတာတေက တရုတ်ဘက်သို့ ခြေစုံပစ် ဝင်နေသည်။

တရုတ်ဘက် ကတော့ တိကျသည့် အဖြေတစ်ခုမျှ ပြန်ပြောထားခြင်း မရှိသေးသော်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင် ကတော့ ဝမ်းမြောက်ဝမ်းသာ စွာပင် လက်ခံလိမ့်မည် ဖြစ်သည်။ ဖိလစ်ပိုင်ကို စစ်ရေးအရ တရုတ်တို့ လွှမ်းမိုးလိုသော ကြောင့်ဖြစ်သည်။ ဟန်ကိုယ့်ဖို့ ဆိုသည့်အတိုင်း တရုတ်တို့ ဆန္ဒကို သိက္ခာနှင့် ထိန်းနေရပြီး မကြာမီမှာပင် လက်ခံကြောင်း ထုတ်ပြောတော့မည် ဖြစ်သည်။

တောင်တရုတ် ပင်လယ်ပြင် အရေးကြောင့် စစ်ရေးတင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်တို့၏ လှုပ်ရှားမှု အားလုံးသည် ဖိလစ်ပိုင်၌ အခြေစိုက်ရပြီး ဒုတိယမှာ ဂျပန်၌ ဖြစ်သည်။ ဖိလစ်ပိုင်၌ အခြေစိုက်ခွင့် မရှိတော့လျှင် အမေရိကန်တို့ အဖို့ ခရီးလမ်းကြောင်း ပိုမိုရှည်လျား သွားမည်ဖြစ်ပြီး တောင်တရုတ် ပင်လယ်ပြင် အရေး ပါဝင်နေမှု ကန့်သတ်ချက်များနှင့် သက်ရောက်မှု ပိုနည်းသွားမည် ဖြစ်သည်။

ယခု တရုတ်ရေတပ်၏ ကင်းလှည့်မှုကို ဒူတာတေ ကမ်းလှမ်းလိုက်ခြင်း သည် တရုတ်ကို စစ်ရေးအရ အပြည့်အဝ ယုံကြည်နေခြင်းဖြစ်ကြောင်း သက်သေပြ လိုက်ခြင်း ဖြစ်သည်။ တောင်ဘက် ပင်လယ်ပြင် သည် တောင်ကိုရီးယား သင်္ဘောနှင့် ဗီယက်နမ် သင်္ဘောတို့ ပြန်ပေးဆွဲခံ ရပြီး ကတည်းက မလေးရှား၊ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင် တို့က ပူးပေါင်း ကင်းလှည့်ရန် သဘောတူညီ ထားကြသည့် နေရာဖြစ်သည်။

ယခု ဖိလစ်ပိုင်က တရုတ်ဆီသို့သာ ဝကွက်အပ်ပြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှားနှင့် မလေးရှားတို့ လုံခြုံရေးအတွက် စိုးရိမ်နေရသည့် အခြေအနေ ဖြစ်သည်။ တရုတ်တို့က ဖိလစ်ပိုင် ရေပိုင်နက်၌ ကင်းလှည့်ခွင့် ရမည်ဆိုလျှင် အားကောင်းသည့် ၄င်းတို့၏ ရေဒါစနစ်များနှင့် အိမ်နီးချင်းနိုင်ငံ များ၏ စစ်ဘက်ကို ထောက်လှမ်းလာ နိုင်သေးသည်။ အတိတ်က အမေရိကန် တို့ အသုံးပြုခဲ့ ကြသည့် ခိုးကြောင်ခိုးဝှက် ပင်လယ်ပြင် ထောက်လှမ်းရေး လုပ်ရပ်များကို ဖိလစ်ပိုင်ကြောင့် တရုတ်တို့က တရားဝင် ရရှိတော့မည် ဖြစ်သည်။ ထို့ပြင် ဖိလစ်ပိုင်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများ အတွက်ပင် စိုးရိမ်နေရသည်။ နိုင်ငံတစ်နိုင်ငံ၌ နှစ်နိုင်ငံစစ်တပ် တို့ရှိနေခြင်းက ကြာလာလျှင် သံသယစိတ် များကြောင့် တင်းမာမှုများ ပိုမိုဆိုးရွား လာနိုင်သည်။

အမေရိကန်သည် ၄င်းတို့၏ နည်းပညာများကို အလုံခြုံဆုံး ထားနေရင်းမှ တရုတ်တို့ လက်ထဲသို့ ပါသွားတတ်သည်။ ၂ဝ၁၆ ခုနှစ်က ကနေဒါ၌ အခြေစိုက်ပြီး အမေရိကန် F-22 ဂျက်တိုက်လေယာဉ် နည်းပညာကို ခိုးယူရန် ကြိုးစားသည့် တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးမိသည်။ စီးပွားရေး လုပ်ငန်းရှင် အယောင်ဆောင် ထားသော ထိုသူလျှိုသည် နောက်ဆုံးတွင် တရုတ်စစ်ဘက် အတွက် အလုပ်လုပ်ပေး နေခြင်းဖြစ်ကြောင်း ဝန်ခံလိုက်သည်။

ထို့ပြင် ဆိုက်ဘာ တိုက်ခိုက်မှုများ ကလည်း နှစ်စဉ် သိန်းချီ ရှိနေသောကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မယုံကြည်နိုင် သည်မှာလည်း အထူးအဆန်း မဟုတ်ပေ။ ထိုကြားထဲ ကမ္ဘာ့ပထမဆုံး စူပါပါဝါနိုင်ငံ ဖြစ်ရေး အပြိုင် ကြိုးပမ်းမှု ကလည်း ရှိနေသောကြောင့် တစ်နိုင်ငံ အကြောင်း တစ်နိုင်ငံက အမြဲတမ်း မျက်စိ ဒေါက်ထောက် ကြည့်နေရသည်။

ယခု ဒူတာတေ၏ လုပ်ရပ်က အမေရိကန်နှင့် တရုတ်နိုင်ငံကို ထိပ်တိုက်တွေ့ပေး နေသကဲ့သို့ ဖြစ်နေသည်။ ဒူတာတေ က ထရမ့်ကို ထောက်ခံသော်လည်း တရုတ်ကို ယုံကြည်သည် က ပိုများသည်။ ထို့ပြင် တရုတ်နှင့် ပတ်သက်လျှင် အိုဘားမား ထက် ထရမ့်က သဘောထား တင်းမာမှု အဆပေါင်းများစွာ ပိုများသည်။ ထို့ကြောင့် ဒူတာတေ၏ တောင်ဘက် ပင်လယ်ပြင် ကို တရုတ်စစ်တပ် ကင်းလှည့်ပေးရေး တောင်းဆိုချက် သည် တရုတ်နှင့် အမေရိကန် တို့ကို ပိုမိုတင်းမာသည့် လမ်းကြောင်းသို့ ပို့ပေး နေသကဲ့သို့ ဖြစ်နေသည်။ ဒူတာတေက တရုတ်နှင့် အမေရိကန်ကို ရည်ရွယ်ချက် ရှိရှိ ချဉ်းကပ်ပြီး ၄င်း၏ အကျိုးအတွက် အမြတ်ထုတ်ယူ နေချင်ပုံပေါ်သည်။

အမေရိကန် ကလည်း ဖိလစ်ပိုင်ဆိုလျှင် ၄င်း လက်လွှတ်၍ မဖြစ်နိုင်သည့် နိုင်ငံ။ တရုတ်ကလည်း ဖိလစ်ပိုင်ဆိုလျှင် အမေရိကန်၏ အင်အားကို ယုတ်လျော့သွား စေရန် အကောင်းဆုံး ပျော့ကွက်။ ထိုကြားထဲ ဒူတာတေ၏ တရုတ်ဘက်ကို ပါသည်ဆိုသည့် ထိုးကျွေးကွက် များကလည်း တရုတ်ကို ဘဝင်တွေ့ စေသည်။ တောင်တရုတ် ပင်လယ်ပြင် အရေးကို တရုတ်က ခြယ်လှယ် နေသည်ကို ဘာမျှမပြော။ စကားဘိုရော့ ကျွန်းစုများ၌ တရုတ်စစ်ဘက် ကင်းလှည့် နေခြင်းကိုလည်း ဒူတာတေ နှုတ်ပိတ်နေသည်။

ထိုမျှမက တရုတ်ကိုပင် ၄င်း၏ စီးပွားရေး လုပ်ငန်းရှင် များနှင့်သွားပြီး အမေရိကန် ဒေါ်လာ ဘီလီယံနှင့် ချီသည့် ကုန်သွယ်ရေး စာချုပ်များပင် ချုပ်ခဲ့သေးသည်။ အပြန်အလှန် အားဖြင့် တရုတ်က အလွတ်တမ်း ကန်းရိုးတန်း ကင်းလှည့်ရေယာဉ် များကို ထောက်ပံ့ပေးသည်။ ထို့ပြင် ဒူတာတေ လုပ်နေသည့် မူးယစ်စစ်ပွဲများ ကိုပင် ထောက်ခံသည့် အနေဖြင့် သောင်းနှင့် ချီသည့် ရိုင်ဖယ်သေနတ် များကို တရုတ်က ထောက်ပံ့ပေးဦးမည် ဖြစ်သည်။

ယခု ဒူတာတေက တရုတ်စစ်တပ်ကို ကင်းလှည့် ပေးရန် လူသိရှင်ကြား တောင်းခြင်းမှာ ဆိုဖွယ်ရာ မရှိတော့ပေ။ တရုတ်တို့ ရေကန်အသင့် ကြာအတင့် ဖြစ်နေတော့သည်။ ထရမ့်ကလည်း ဒီအတိုင်း လက်ပိုက်ကြည့် နေမည်မဟုတ်ပေ။ ဂျပန်ကလည်း ၄င်း၏ မဟာမိတ်ဟောင်း ကို တရုတ်လက်ထဲ လွယ်လွယ်နှင့် အပါခံနိုင်မည် မဟုတ်ဘဲ တစ်နည်း တစ်ဖုံဖြင့် ပြန်လည်ရယူ နိုင်ရန် ကြိုးစားမည် ဖြစ်သည်။

အကယ်၍ ဒူတာတေသာ တရုတ်နှင့် အမေရိကန်တို့ ကြားထဲက လှပစွာ အကွက်ရွှေ့ နိုင်ခဲ့လျှင် မည်သည့် နိုင်ငံနှင့်မျှ ရန်ဘက်ဖြစ်မည် မဟုတ်။ မဟာမိတ်များ အဖြစ်သာရှိပြီး ထောက်ပံ့ရေး ပစ္စည်းများ သူ့ထက်ငါ ထောက်ပံ့ရင်း နှင့်ပင် ဖိလစ်ပိုင် ပိုအမြတ်ထွက် လာမည် ဖြစ်သည်။ ဒူတာတေက စကားဘိုရော့ ကျွန်းစုကို ထိုးကျွေးပြီး ၄င်းလိုချင်သည့် အရာများကို တရုတ်ဆီမှ တဖြည်းဖြည်းချင်း အရယူနေခြင်း ဖြစ်သည်။ ယခု ထရမ့်ဆီမှလည်း မကြာမီ ဖိလစ်ပိုင်တို့ ထောက်ပံ့ရေး အကူအညီများ ရရှိမည်ဖြစ်ပြီး ဂျပန်ဆီမှလည်း အနည်းနှင့်အများ ရရှိဦးမည် ဖြစ်သည်။ ထို့ကြောင့် ဒူတာတေ၏ တရုတ်ကို ကင်းလှည့်ပေးရေး တောင်းဆိုချက် သည် အမေရိကန်နှင့် တရုတ်ကို ထိပ်တိုက်တွေ့ ပေးပြီး ကြားထဲက ၄င်းအတွက် အမြတ်ထွက်မည့် နည်းလမ်းများကို ပါးနပ်စွာ ရှာဖွေနေခြင်း ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger