www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 10, 2017

မုတ္တမပင်လယ်ကွေ့ဒေသ ကို ရေတိမ်ဒေသအဖြစ် သတ်မှတ်ရန် မွန်ပြည်နယ်အစိုးရ သဘောတူ



မော်လမြိုင် ၊ ၁၀-၁-၂၀၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ်ရှိ မုတ္တမ ပင်လယ်ကွေ့ ဒေသအား မြန်မာနိုင်ငံ၏ တတိယမြောက် ရေတိမ်ဒေသ အဖြစ် သတ်မှတ်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့ က သဘောတူ လိုက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြ ထားကြောင်း သိရသည်။

အဆိုပါ သဘော တူညီချက်ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ကျင်းပသည့် မွန်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ သဘောတူခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၉ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ထံ သဘောတူသည့် အကြောင်းကြားစာ ပေးပို့တင်ပြ ထားကြောင်း သိရသည်။

နှစ်စဉ် ဖေဖော်ဝါရီ ၂ ရက်ကို ကမ္ဘာ့ရေတိမ်ဒေသနေ့ အဖြစ် သတ်မှတ်ထား သဖြင့် မုတ္တမ ပင်လယ်ကွေ့ ဒေသအား ယင်းနေ့၌ ရေတိမ်ဒေသ အဖြစ် ပြည်ထောင်စုအဆင့် မှ သတ်မှတ်နိုင်မည် ဆိုပါက မုတ္တမပင်လယ်ကွေ့ ဒေသသည် မြန်မာနိုင်ငံ၏ တတိယ မြောက် ရေတိမ်ဒေသ တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း က ပြောသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ မြေဧက ၁၈၉၃ဝ ဧကနှင့် ဘီးလင်းမြို့နယ်ရှိ မြေဧက ၃၄၅၈ဝ ဧကကို မုတ္တမ ပင်လယ်ကွေ့ ရေတိမ်ဒေသ အဖြစ် သတ်မှတ် သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် သစ်တောဦးစီးဌာန
မှတ်တမ်းများအရ သိရသည်။

''ရေတိမ်ဒေသ သတ်မှတ်လိုက်ရင် တချို့တွေ ထင်တာက သူတို့လုပ်ကိုင် နေတဲ့ လယ်မြေကို သိမ်းဆည်း လိုက်မယ်။ လက်ရှိ ရေလုပ်ငန်း၊ ငါး၊ ပုစွန် ဖမ်းဆီးမှုတွေ ဆက်လုပ်လို့ မရဘူးလို့ ထင်နေကြတယ်။ အမှန်တကယ်က အဲဒီလို မဟုတ်ဘူး။ ရေတိမ်ဒေသ သတ်မှတ်လိုက်တာနဲ့ ဒေသခံတွေအတွက် အများကြီး အကျိုးရှိလာမယ်'' ဟု သထုံခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်အောင် က ပြောသည်။

မုတ္တမ ပင်လယ်ကွေ့ ဒေသကို ရေတိမ်ဒေသ အဖြစ် သတ်မှတ်နိုင်ရန် IUCN ၊ NAG ၊ HELVETAS ၊ BANCA စသည့်အဖွဲ့များ မှလည်း ကူညီပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရေတိမ်ဒေသ တစ်ခု သတ်မှတ်နိုင်ရန်  Ramsar Criteria (ရမ်ဆာစံနှုန်း) ကိုးခုရှိသည့်အနက် တစ်ခုနှင့်သာ ကိုက်ညီပါက နိုင်ငံတကာ အရေးပါသောရေတိမ်ဒေသ (Wetlands of International Importance- The Ramsar Site) တစ်ခုအဖြစ် အဆိုပြုနိုင်မည် ဖြစ်ရာ မုတ္တမ ပင်လယ်ကွေ့ ဒေသသည် ရမ်ဆာစံနှုန်း ခြောက်ခုနှင့် ကိုက်ညီသဖြင့် မြန်မာနိုင်ငံတွင် ရမ်ဆာစံနှုန်း အများဆုံးရှိသည့် ဒေသဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေတိမ်ဒေသ အဖြစ် ၂ဝဝ၄ ခုနှစ်က ပဲခူးတိုင်း ဒေသကြီးရှိ မိုးယွန်းကြီးအင်း၊ ၂ဝ၁၅ ခုနှစ်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးကန် တို့ သတ်မှတ်ခံခဲ့ရပြီး ဆွစ်ဇာလန် အစိုးရ၏ ထောက်ပံ့မှုဖြင့် ရေတိမ်ဒေသ ဖော်ထုတ်ပြီးစီး ခဲ့သည့် ဒေသများမှာ ထိုင်းနိုင်ငံတွင် ၁၄ နေရာ၊ ကမ္ဘောဒီးယား နိုင်ငံတွင် လေးနေရာ၊ ဗီယက်နမ်နိုင်ငံ တွင် ရှစ်နေရာနှင့် လာအိုနိုင်ငံတွင် နှစ်နေရာ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger