www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 19, 2017

တရုတ်၏ ထောက်ခံမှုမပါဘဲ ကမ္ဘာ့အင်အားအကြီးဆုံး ခေါင်းဆောင်နေရာကို ယူမည့် ထရမ့်ပ်


 Workers standing in front of inflatable chickens resembling Donald Trump in a factory in Jiaxing which will be used to usher in the Year of the Rooster.

Trump Rooster in China

( ရှိန်းထက် )

ဘီလျံနာသူဌေးကြီး ဒေါ်နယ်ထရမ့်ပ် သည် ဇန်နဝါရီ ၂ဝ ရက်တွင် အမေရိကန် ပြည်ထောင်စု သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးလျှင် ကမ္ဘာ့ အင်အားအကြီးဆုံး နိုင်ငံ့ခေါင်းဆောင် ဖြစ်လာတော့မည် ဖြစ်သည်။ အမေရိကန် သမိုင်းတွင် လူစိတ် အဝင်စားဆုံးနှင့် ထောက်ခံမှု အနည်းဆုံး သမ္မတဖြစ်ပြီး ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံး တရုတ်နိုင်ငံမှ သံတမန်ရေး အရ အပေါ်ယံ ထောက်ခံမှုပင် မရခဲ့သည့် သမ္မတလည်း ဖြစ်သည်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ငြင်းဆန်ရန် အရိပ်အယောင် စတင်ခဲ့သည့် အချိန်မှစ၍ တရုတ်နိုင်ငံနှင့် ထရမ့်ပ်တို့၏ ဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့ပြီး အကယ်၍ ထရမ့်ပ်က တရုတ်(တိုင်ပေ) ကိုသာ အားပေး အားမြှောက် ပြုလုပ်ပါက တရုတ်အနေဖြင့် ပြင်းထန်သည့် တုံ့ပြန်မှုမျိုး ပြုလုပ်မည်ဟု ဆိုထားသည်။

မကြာမီက တရုတ် လေယာဉ်တင် သင်္ဘော လျောင်နင် နှင့် ၄င်းရေတပ် သင်္ဘောများ ထိုင်ဝမ်ရေလက်ကြား က ဖြတ်သန်းပြီး အင်အားပြ ခဲ့သောကြောင့် တရုတ်(တိုင်ပေ) တွင် တရုတ်တို့ လေကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှုများမှ ကာကွယ်ရန် စစ်ရေးကြိုတင် လေ့ကျင့်နေပြီ ဖြစ်သည်။

တရုတ်တပ်မတော် PLA တွင် အတိုးတက်ဆုံး ကဏ္ဍကို ပြပါဆိုလျှင် ရေတပ် အခန်းကဏ္ဍကို အရင်ဆုံး ပြရမည်ဖြစ်သည်။ အားကောင်း လာသည့် ရေတပ် အင်အားကြောင့် ပင် တရုတ်တို့သည် အမေရိကန်ကို ထိပ်တိုက်တွေ့ရန် စိုးရိမ်ခြင်း မရှိတော့ဘဲ သူတစ်လှမ်း ကိုယ်တစ်လှမ်း လှမ်းနေခြင်း ဖြစ်သည်။

တရုတ် နိုင်ငံသားများ ကိုယ်တိုင်ကပင် ၄င်းတို့၏ ရေတပ်မတော် သည် အမေရိကန်ကို လုံးဝကြောက်ရွံ့ရန် မလိုကြောင်း ဖြေကြသည်။ ထို့ပြင် မကြာမီ ကျင်းပတော့မည့် တရုတ်နှစ်သစ်ကူး ပွဲတော်အတွက် တရုတ် စက်ရုံများက ကြက်ရုပ် လေပူဖောင်းများကို ထရမ့်ပ်ပုံဖြင့် ထုတ်နေသည်။ အမှာစာများက ထပ်တလဲလဲ ရောက်နေသည် ဟု လေပူဖောင်း ရုပ်ထုတ်သည့် စက်ရုံပိုင်ရှင် ကပင် ဝမ်းသာအားရ ပြောပြီး ထိုနေရာတွင် သာမက တရုတ် စစ်သမိုင်း ပြတိုက်တွင်လည်း ထရမ့်ပ်သည် အပျော်တမ်း သေနတ်ဖြင့် ပစ်ရန် လူစိတ်ဝင်စားခြင်း ခံနေရသည့် ပစ်မှတ်တစ်ခု ဖြစ်နေပြန်သည်။

ယခုတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် ထရမ့်ပ်တို့ မိန့်ခွန်းများတွင် အပြန်အလှန် စကားစစ်ထိုးပွဲ ပုံစံလေးများ ရှိလာပြီဖြစ် သည်။ ဇန်နဝါရီ ၁၇ ရက်က ကမ္ဘာ့စီးပွားရေး ညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် က ပထမဆုံး အနေဖြင့် မိန့်ခွန်း ပြောကြားပြီး ၄င်း၏ စကားများက ထရမ့်ပ်ကို ပစ်မှတ်ထားခဲ့ကာ Trade War ဟုခေါ်သော ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာခဲ့လျှင် မည်သူမှ အောင်နိုင်သူ အဖြစ် ပေါ်ထွက်လာမည် မဟုတ်ဘဲ နိုင်ငံတိုင်း ထိုးနှက်ချက် များကိုသာ ခံစားရ မည် ဖြစ်ကြောင်း ပြောသည်။ အကယ်၍ ကုန်သွယ်ရေး စစ်ပွဲဖြစ်လာခဲ့လျှင် တရုတ် စီးပွားရေးအပေါ် တိုက်ရိုက်အကျိုး သက်ရောက်မှု ရှိလာမည်ဖြစ်ပြီး ကျဆင်းနေသည့် တရုတ်စီးပွားရေး ပိုမိုဆိုးရွား လာမည် ဖြစ်သည်။

ထရမ့်ပ်ကတော့ ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွားမည် ကိုလည်း ဂရုမစိုက်ဘဲ ၄င်းနိုင်ငံ အကျိုးစီးပွား အတွက်သာ အာရုံစိုက်နေသည်။ ထရမ့်ပ်က ''အမေရိကန်က ပြည်ပမှာ ဘီလီယံနဲ့ချီတဲ့ စီးပွားရေး တွေကို ဆုံးရှုံးနေရတယ်။ အထူးသဖြင့် တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ မက္ကဆီကိုတို့မှာ ဖြစ်တယ်။ ဘီလီယံ ၅ဝဝ လောက် ဆုံးရှုံးနေတယ်'' ဟု အခိုင်အမာ ဆိုထားခဲ့သည်။

ထရမ့်ပ် ရည်ရွယ်ချက် က တရုတ်တွင် ရောက်ရှိနေသည့် အမေရိကန်၏ အဓိက စီးပွားရေး လုပ်ငန်းများ အားလုံးကို ပြန်လည် ခေါ်ဆောင်ပြီး ၄င်းနိုင်ငံ အကျိုးစီးပွား အတွက် အသုံးချလိုသည်။ အမေရိကန် စီးပွားရေး သမားများကလည်း လုပ်ခလစာ သက်သာပြီး အခွန်နည်းသည့် တရုတ်တွင်သာ ၄င်းတို့၏ စီးပွားရေး လုပ်ငန်းများကို အခြေချ လိုသည်။ အမေရိကန်တွင် အလုပ်သမား တစ်ဦး ခေါ်ရသည့် လစာက တရုတ်တွင် ခြောက်ဦးစာ ဖြစ်သောကြောင့် ဖြစ်သည်။

ထရမ့်ပ်ကလည်း ထိုစီးပွားရေး သမားများ၏ အမြတ်များမည့် အကြံကြောင့်ပင် အမေရိကန်တွင် အလုပ်လက်မဲ့ များလာပြီး သန်းနှင့်ချီသည့် အလုပ်အကိုင်များ ဆုံးရှုံး နေရသည်ဟု ဆိုသည်။ ထို့ပြင် ပြည်ပတွင် စီးပွားရေး လုပ်ငန်းများ အခြေစိုက်သော ကြောင့် နိုင်ငံတော် ဘဏ္ဍာငွေ နစ်နာရကာ ၄င်းသာ သမ္မတဖြစ်လာခဲ့ ပါက ထိုလုပ်ငန်းများကို အမေရိကန် ထဲသို့ ပြန်ဝင်အောင် လုပ်ပြီး အခွန် ၃၅ ရာခိုင်နှုန်း ကောက်ကာ အမေရိကန် စီးပွားရေးကို အင်အားကြီး အောင် လုပ်ပြမည်ဟု ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ကာလ ကတည်းကပင် ပြောထားသူ ဖြစ်သည်။

ထို့ပြင် အမေရိကန်၏ ပြည်တွင်း စက်မှုကဏ္ဍကို ပြည်ပစက်မှု ကဏ္ဍနှင့် ထုတ်ကုန်ကဏ္ဍက ယှဉ်ပြိုင်နိုင်မှု မရှိရလေအောင် ထရမ့်ပ် ကြိုးစားနေပြီး သူပြောထားသည့် အမေရိကန် ပထမဦးစားပေး (American First) ဟူသည့် စကားအတိုင်း ဖြစ်သည်။ ထရမ့်ပ်သည် တရုတ်ကုန်စည် များက အမေရိကန် ဈေးကွက်ကို ဖျက်ဆီး နေသည်ဟု ယုံကြည်ထားသူ ဖြစ်ပြီး တရုတ်မှဝင် လာသည့် ကုန်ပစ္စည်းများကို အခွန်တိုးကောက် ရန်လည်း စဉ်းစားထားသူ ဖြစ်သည်။

ထို့ပြင် တရုတ်တို့တွင် ဒေါ်လာဈေးနှင့် ၄င်း၏ ယွမ်ငွေကြေးကို မမျှတအောင် ကိုင်တွယ်သည့် ပုံကိုလည်း ထရမ့်ပ်က သဘောမကျပေ။ အမေရိကန် ဒေါ်လာဈေးကို မြှင့်တင်ထားပြီး ယွမ်ငွေကြေး တန်ဖိုးကို လျှော့ချ
ထားခြင်းကြောင့် ပြည်ပပို့ကုန် လုပ်ငန်းရှင် များအတွက် ပိုများသည့် အမြတ်များနှင့် စီးပွားဖြစ် နေခြင်းကိုလည်း ထရမ့်ပ်ကြည့် မရပေ။ ထရမ့်ပ် အမြင်က အမေရိကန် ငွေကြေးကို အသုံးချပြီး တရုတ်တို့ ကြီးပွား နေသည်ဆိုသည့် သဘောဖြစ်သည်။ ထို့ကြောင့် ၄င်း၏ နိုင်ငံထဲသို့ ဝင်လာမည့် တရုတ်ပို့ကုန်များကို ကန့်သတ်ရန် ထရမ့်ပ် စီစဉ်နေခြင်း ဖြစ်သည်။ ထရမ့်ပ်ခေါင်းထဲ တွင်ရှိသည်က ကုန်သွယ်ရေး စစ်ပွဲမက၍ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘဲ စီးပွားရေးသမား တစ်ဦး၏ ဦးနှောက်ဖြင့် ၄င်းနိုင်ငံ အကျိုးစီးပွားကို ဘယ်လို တိုးတက်အောင် လုပ်မလဲ နှင့် တရုတ်ကို ဘယ်လိုရိုက်ချလျှင် ကောင်းမလဲဟူသည့် အတွေးများသာ ရှိသည်။

အမေရိကန်တွင် ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး လွှတ်တော် ခွင့်ပြုချက် မယူဘဲ သမ္မတ က တိုက်ရိုက် ဆုံးဖြတ်ချက် ရှိသောကြောင့် တရုတ်နှင့် စီးပွားရေးအရ ပတ်သက်လာလျှင် ထရမ့်ပ် လုပ်ချင်တာလုပ်ခွင့် ရှိမည်ဖြစ်သည်။

ထရမ့်ပ်ကြိုတင် စဉ်းစားရမှာက တရုတ်တို့၏ တန်ပြန် တိုက်ခိုက်မှု ဖြစ်သည်။ တရုတ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဈေးကွက်တစ်ခု ဖြစ်သောကြောင့် အမေရိကန် တို့၏ ဒေါ်လာသန်း ရာထောင်ချီ ရှိသည့် iPhone ဈေးကွက်၊ ကားဈေးကွက် နှင့် ဘိုးအင်းကဲ့သို့ လေယာဉ် ဈေးကွက်များကို ပိတ်ပင်ကန့်သတ် လာနိုင်သည်။ ထိုအခါ အမေရိကန် စီးပွားရေး အတွက်လည်း ထိခိုက် လာမည်ဖြစ်သည်။

အကယ်၍ ကုန်သွယ်ရေး စစ်ပွဲသာဖြစ်ခဲ့ ပါက ထရမ့်ပ်က တရုတ်ကုန်စည် များကို ကန့်သတ်ပြီး အခွန် တိုးကောက်လျှင်၊ ဥပဒေများဆွဲပြီး တရုတ်ရှိ အမေရိကန် စက်မှု လုပ်ငန်းများကို ၄င်း၏နိုင်ငံထဲသို့ ဆွဲသွင်းခဲ့လျှင် တရုတ်ကလည်း အမေရိကန်၏ ဘီလီယံနှင့် ချီတန်သည့် ထုတ်ကုန်များကို ကန့်သတ်မည် ဖြစ်သည်။ အပြန်အလှန် စီးပွားရေး တိုက်ခိုက်မှုများ ဖြစ်နေမည့် ကုန်သွယ်ရေး စစ်ပွဲဖြစ်သည်။

တရုတ်ကလည်း ထရမ့်ပ်လုပ်မည့် အရာများကို စဉ်းစားပြီး ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရန် စီမံကိန်း များလည်း ဆွဲထားနိုင်ပေသည်။ တကယ်တမ်း ကုန်သွယ်ရေး စစ်ပွဲ ဖြစ်လာခဲ့ပါက ကိုယ်ကျိုးကြည့် ကြမည့် ထရမ့်ပ် ဦးဆောင်သော အမေရိကန် နှင့် ရှီကျင့်ဖျင် ဦးဆောင်သော တရုတ်ကြောင့် ၄င်းတို့နှစ်နိုင်ငံ နစ်နာမှုသာမက ကြားထဲက ဖွံ့ဖြိုးဆဲနိုင်ငံ များလည်း ထိခိုက် ဆုံးရှုံးမှုနှင့် နစ်နာမှုများစွာ ဖြစ်လာနိုင် ပါကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger