www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 26, 2017

တောင်တရုတ်ပင်လယ်ပြင် အရေးတွင် ထိပ်တိုက်တွေ့တော့မည့် အမေရိကန် နှင့် တရုတ်


တောင်တရုတ်ပင်လယ်ပြင် အရေးတွင် ထိပ်တိုက်တွေ့တော့မည့် အမေရိကန် နှင့် တရုတ်

( ရှိန်းထက် )

ဒေါ်နယ်ထရမ့်ပ် အမေရိကန်သမ္မတ အဖြစ် ဇန်နဝါရီ ၂ဝ ရက်မှ စတင်တာဝန်ယူသည့် အချိန်တွင် မပြီးပြတ်သေးသည့် နိုင်ငံခြားရေးရာ ကိစ္စရပ်များကို ပုံစံပြောင်း ကိုင်တွယ်ရန် ထရမ့်အနေဖြင့် မဖြစ်မနေ ကြိုးပမ်းရမည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုထားသည်။

အာရှမှ မြောက်ကိုရီးယား အရေးနှင့် တောင်တရုတ် ပင်လယ်ပြင်အရေး သည် မပြီးပြတ် သေးသည့် ကမ္ဘာ့ထိပ်တန်း ရေးရာ ကိစ္စရပ်များ ဖြစ်သည်။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခံရသည့် မက်တစ် အာရှဒေသသို့ ပထမဆုံး ခရီးထွက်လာရန် အကြောင်းဖန် လာရသည်။ ထရမ့်ကလည်း ပုံစံမပေါ် လာသည့် အမေရိကန်၏ အာရှရေးရာ မူဝါဒများကို ပြောင်းလဲ ကိုင်တွယ်ရန် မက်တစ် ကိုအကြံပြု ထားသည်။ ကနဦး ဝေဖန်ချက် များအတိုင်း မြောက်ကိုရီးယား ကို ထိန်းချုပ်နိုင်ရန် အမေရိကန် ကာကွယ်ရေး ဝန်ကြီး မက်တစ်က ဂျပန်နှင့် တောင်ကိုရီးယား သို့ လာရောက်မည် ဖြစ်သည်။ ထရမ့်လက်ထက် ပိုမိုခိုင်မာသည့် ဆက်ဆံရေးကို ရရှိရန် အတည်ပြုသည့် မက်တစ်၏ ခရီးစဉ်ဖြစ်ပြီး တောင်တရုတ် ပင်လယ်ပြင် အရေးကို အာရုံစိုက်ကြောင်း ပြသသည့် အမေရိကန် အစိုးရသစ်၏ ပထမဆုံး အာရှရေးရာ ခရီးစဉ်ဖြစ်သည်။

အိုဘားမား လက်ထက်တွင် တောင်တရုတ် ပင်လယ်ပြင် အရေးကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ပေ။ တရုတ်တို့ ကျွန်းတုများ တည်ဆောက်ပြီး လက်နက်များ တပ်ဆင်နေမှုကို ကင်းလှည့်ရုံက လွဲ၍ ဘာမှမလုပ် နိုင်ဘဲ လက်ပိုက်ထိုင်ကြည့် ခဲ့ရသည်။ နိုင်ငံတကာက ထိုကျွန်းတုများ ဆောက်လုပ်မှုကို ရှုတ်ချသည်ဟု ဆိုရုံက လွဲပြီး ဘာမှမလုပ်နိုင် သကဲ့သို့ ကုလသမဂ္ဂ ကလည်း တရုတ်နှင့်တွေ့မှ မည်သို့မျှ ထိရောက်အောင် မစွမ်းဆောင်နိုင် တော့ပေ။

တရုတ်တို့ကတော့ တောင်တရုတ် ပင်လယ်ပြင်ကို သူတို့ပိုင်သည်ဟု ဆိုပြီး ရေအောက် သိပ္ပံသုတေသန စခန်းများ၊ ကျွန်းတုများနှင့် စစ်စခန်းများကို တည်ဆောက် နေသည်။ တောင်တရုတ် ပင်လယ်ပြင် နိုင်ငံတကာ ရေပိုင်နက် လမ်းကြောင်းကိုပင် တရုတ်တို့က အလွတ်မပေးဘဲ သူတို့ပိုင်သည်ဟု ဆိုကာ မောင်ပိုင်စီး ထားသည်။ အိုဘားမား လက်ထက်တွင် ပျော့ပျောင်းသည့် မူဝါဒများကြောင့် တရုတ်တို့ အနိုင်ယူနိုင်ခဲ့သည် ဟု ဆိုနိုင်သည်။

ယခုတော့ ထရမ့်သမ္မတ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ပြောပြီးသားစကား ရှိထားသည့် အတွက် ထရမ့်သမ္မတ ဖြစ်လာလာချင်းပင် တရုတ်အစိုးရက ကြေညာချက် တစ်ခုကို ထုတ်ပြန်သည်။ တောင်တရုတ် ပင်လယ်ပြင် အရေးကို မည်သူက ကန့်ကွက် ကန့်ကွက် တရုတ်အစိုးရ က ဆက်လက် လုပ်ဆောင်မည်ဟု ပါရှိသည်။ ထရမ့်လက်ထက် အမေရိကန်၏ ဝင်ရောက် စွက်ဖက်မည့် အရေးကို ရည်ညွှန်းခြင်း ဖြစ်သည်။

ထရမ့်ကလည်း သမ္မတရာထူးကို ယူပြီး တစ်ပတ်ပင် မပြည့်သေးသည့် အချိန်တွင် တောင်တရုတ် ပင်လယ်ပြင် ကို တရုတ်တို့ မောင်ပိုင်စီး ထားမှုအား လက်ခံနိုင်မည် မဟုတ်ကြောင်း၊ ထိုလမ်းကြောင်း က ထရီလီယံနှင့် ချီသည့် ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှု၏ လေးပုံတစ်ပုံ တန်ကြေးရှိကြောင်း၊ထို့ကြောင့် နိုင်ငံတကာ ရေပိုင်နက်ကို အမေရိကန်က မဖြစ်ဖြစ်သည့် နည်းဖြင့် ကာကွယ်သွားမည် ဖြစ်ကြောင်း ပြောသည်။

ကွန်မြူနစ်တရုတ် ထက်ပင် ပိုမိုပြတ်သား နေသည့် ဒီမိုကရေစီ နိုင်ငံရေးသမား ထရမ့်နှင့် ကွန်မြူနစ် တရုတ်တို့ တောင်တရုတ် ပင်လယ်ပြင်တွင် မကြာမီ ထိပ်တိုက်တွေ့ကြ တော့မည်ဖြစ်သည်။ အိုဘားမား လက် ထက်က ဖိလစ်ပိုင် သမ္မတသစ် ရိုဒရီဂိုဒူတာတေ ကြောင့် အရှေ့တောင် အာရှတွင် တရုတ်နှင့် ယှဉ်ပြိုင်ရာဝယ် အားနည်းချက်များ ဖြစ်ပေါ်ခဲ့သည်။

ယခုတော့ ထိုအားနည်းချက် ကွက်လပ်က ထရမ့်ကြောင့် အလိုအလျောက် ပြန်ပြည့်သွားပြီ ဖြစ်သည်။ အိုဘားမား လက်ထက်က အမေရိကန် နှင့် နိုင်ငံရေး၊ စစ်ရေး ဆက်ဆံရေး များကို လျှော့ချခဲ့သည့် ဒူတာတေ သည် ထရမ့် သမ္မတ ဖြစ်လာကာမှ ဆက်ဆံရေးများကို ပြန်လည် ဆောင်ရွက်မည်ဟု ပြောသည်။ ထို့ပြင် ထရမ့် သမ္မတ ဖြစ်လာမှုကို ဝမ်းပမ်းတသာ ကြိုဆိုသည့်သူများ ထဲတွင် ရုရှားနှင့် ဖိလစ်ပိုင်သည် ထိပ်ဆုံးက ဖြစ်သည်။

ထို့ကြောင့် ဖိလစ်ပိုင်၌ရှိသည့် စစ်စခန်းများ အတွက် အမေရိကန်တို့ စိုးရိမ်စရာ မရှိတော့ဘဲ ဒူတာတေနှင့် ဆက်ဆံရေးကို တရုတ်နှင့်အပြိုင် အမေရိကန်တို့ ဖိလစ်ပိုင်၌ ထပ်မံအခြေချခွင့် ရမည်ဖြစ်သည်။ ယခုတော့ ဘီလီယံနှင့် ချီသည့် ကုန်သွယ်ခွင့် များကို တရုတ် နှင့် ဒူတာတေ ဖန်တီးရယူထားပြီး စစ်ရေးအရ တရုတ်ဆီမှ နောက်ထပ် အကူအညီများ ကိုလည်း ဖိလစ်ပိုင်တို့ မျှော်လင့်နေသည်။

စစ်ရေး လေ့ကျင့်မှုများ အထိ ရောက်ရှိရန် တရုတ် နှင့် ဖိလစ်ပိုင်တို့ နီးကပ်နေပြီး အိုဘားမား လက်ထက်ကဆိုလျှင် အမေရိကန်နှင့် ဖိလစ်ပိုင် စစ်ရေးလေ့ကျင့် မှုများကို ဆုံးရှုံးရမလို ဖြစ်သည်။ ထရမ့်သမ္မတ ဖြစ်လာသည့်အခါ စစ်ရေးလေ့ကျင့်မှု များလည်းပြန်ရ၊ ယခင် အခွင့်အရေးများ အားလုံးလည်း ပြန်ရ အားလုံး အဆင်ပြေ သွားသည်။ ဒူတာတေက ထရမ့်ကို ၄င်းနှင့် သဘောထားချင်း တိုက်ဆိုင်သည့် သမ္မတတစ်ဦး အဖြစ် သတ်မှတ်ထားပြီး ဒူတာတေ ကိုလည်း ဝါရှင်တန်သို့ လာရောက် လည်ပတ်ရန် ထရမ့်၏ပ ထမဆုံး ဖိတ်ကြား ခံရသည့် သမ္မတ ဖြစ်သည်။

တောင်တရုတ် ပင်လယ်ပြင် အငြင်းပွားမှုနှင့် ပတ်သက်သည့် အထဲတွင် အမေရိကန် စစ်စခန်းတို့ အကြီးမားဆုံး တည်ရှိနေသော နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် အမေရိကန်တို့ ဖိလစ်ပိုင်ကို မည်သည့် နည်းနှင့်မျှ လက်လွှတ်ခံ၍ မရပေ။ ထို့ကြောင့် ထရမ့်ကလည်း ဖိလစ်ပိုင်ကို တရုတ်လက်ထဲသို့ မည်သည့်နည်း နှင့်မျှ အရောက်မခံဘဲ အိမ်ဖြူတော် သို့ပင် ဖိတ်ခေါ် ထားခြင်းဖြစ်သည်။

ယခုတော့ တောင်တရုတ် ပင်လယ်ပြင်တွင် တရုတ် နှင့် အမေရိကန်တို့ ထိပ်တိုက် တွေ့တော့မည် ဖြစ်သည်။ တရုတ်ကလည်း ခံစစ်အတွက်နှင့် ထိုးစစ် အတွက်သာမက စီးပွားရေးအရပါ အကောင်းမွန်ဆုံး နေရာဖြစ်သည့် တောင်တရုတ် ပင်လယ်ပြင်ကို လက်မလွှတ်နိုင် ဖြစ်နေ သကဲ့သို့ အမေရိကန်ကလည်း အာရှ-ပစိဖိတ် ဒေသတွင် ၄င်း၏သြဇာ မဆုံးရှုံးရေးနှင့် ၄င်းကိုလွှမ်းမိုးရန် အခွင့်အရေး ကောင်းကြီး တစ်ခုဖြစ်နေသည့် တရုတ်တို့၏ တောင်တရုတ် ပင်လယ်ပြင်စီမံကိန်းကို မဖြစ်ဖြစ်သည့် နည်းနှင့် တားဆီးမည် ဖြစ်သည်။

ထရမ့်က အမေရိကန်သာ ပထမဟု ကြွေးကြော်ထားသူ ဖြစ်သဖြင့် တရုတ်၏ လွှမ်းမိုးမှုကို စီးပွားရေးအရရော စစ်ရေးအရပါ ရရှိလာစေရန် အခွင့်အရေး နည်းနည်းမျှ ပေးလိမ့်မည် မဟုတ်ပေ။ အိုဘားမား လက်ထက်က စီစဉ်ထားသည့် ၂ဝ၂ဝ ပြည့်နှစ်အရောက် အမေရိကန်စစ်အင်အား ထက်ဝက် အာရှ-ပစိဖိတ် ကို ရောက်ရှိလာမည် ဆိုသည့် ရည်မှန်းချက် ထရမ့်လက်ထက်တွင် အကောင်အထည် ပေါ်လာနိုင်သည်။ ဂျပန်၌ စစ်ရေးအရ အင်အားတိုးချဲ့ လာမည့် အရိပ်အယောင်များ ပြနေပြီး မြောက်ကိုရီးယား အတွက်သာမက တောင်တရုတ် ပင်လယ်ပြင် စစ်ရေးအတွက် ပါ ကြိုတင်ပြင်ဆင်မှု ဖြစ်သည်။

တရုတ်တို့တွင် အမေရိကန် လေတပ်အင်အား အကောင်းဆုံး တိုက်လေယာဉ် များနှင့် စွမ်းဆောင်ရည်ချင်း တူသည့် တိုက်လေယာဉ် မျိုးဆက်များကို ပိုင်ဆိုင်သည်ဟု အမေရိကန် စစ်ဘက်က ယူဆထားသည့် အတွက် F-35 မျိုးဆက်ကို အမေရိကန်စစ်ဘက်က အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ အကုန်အကျခံကာ တည်ဆောက်ပြီး တပ်တော်သွင်း ထားသည်။

ထို့ကြောင့် တရုတ်နှင့် အနီးဆုံး ဂျပန်ရှိ ၄င်းတို့၏ စစ်စခန်းသို့ ကမ္ဘာ့အကောင်းဆုံး ဆိုသည့် တိုက်လေယာဉ်များကို တပ်ဖြန့်ချထားခြင်း ဖြစ်သည်။ ထရမ့်က တစ်စင်းလျှင် အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ကျော်တန်ကြေးရှိသည့် F-35 ထုတ်လုပ်မှုကို ကန့်ကွက်သော်လည်း ဂျပန်သို့ တင်ပို့မှုကို မကန့်ကွက်ခဲ့ပေ။ တရုတ်နှင့် တောင်တရုတ် ပင်လယ်ပြင် စစ်ရေး ပြိုင်ဆိုင်မှုတွင် အဓိကကျသည့် အခန်းကဏ္ဍမှ F-35 တိုက်လေယာဉ်များ ပါဝင်လာနိုင်သည် ဟု ထရမ့် တွေးနေသောကြောင့် ဖြစ်ကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger