www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 26, 2017

ဒူးနာရောဂါ သတိပြုစရာ


ဒူးနာရောဂါ သတိပြုစရာ

ကြည်လွင်မြင့် (မုဒြာ)

အသက် ၅ဝ ကျော် လူကြီးတစ်ဦးသည် အပြင်သွားစရာ ကိစ္စရှိသဖြင့် သွားပြီး အိမ်ပြန်ရောက်သည့် အခါတိုင်း ခြေဆေးလေ့ ရှိသည်။ အပြင်ထွက်ပြီး ပြန်ရောက်တိုင်း ခြေဆေးလေ့ ရှိသည်မှာ သူ၏ အကျင့်ဖြစ်သည်။ မကြာမီပင် သူ့မှာ ဒူးနာရောဂါ ဖြစ်လာသည်။ ဖြစ်စက ဒူးထဲမှ ညောင်းသလိုလို ခံစားရပြီး လှေကားအဆင်း အတက်များသော နေရာတစ်ခု သွားပြီးနောက်တွင် သိသိသာသာ နာလာသည်။ ထို့နောက်တွင်တော့ သူ့မှာ ဒူးနာရောဂါစွဲသွား တော့သည်။ စွဲသွားသည် ဆိုခြင်းမှာ ဒူးနာရောဂါ မပျောက်တော့ဘဲ စွဲစွဲမြဲမြဲ ဖြစ်နေသောကြောင့် ဖြစ်သည်။ အထိုင်အထ ပြုလုပ်တိုင်း ဒူးထဲမှနာနေ တော့သဖြင့် လက်ဖြင့်ထောက်၍ သို့မဟုတ် တစ်ခုခုကိုကိုင်မှ ထိုင်ရထရသော အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။

အနောက်တိုင်း ဆေးပညာအရ အသက်ကြီးလာလျှင် ဒူးအရွတ်များကြားမှ ထွက်သော ချောဆီသည် ဒူးနှင့်ခုံညင်း ပွတ်တိုက်မှုမှ ကာကွယ်ပေးသည်။ အရိုးပွပြီး ဒူးအနေအထား ပုံမမှန်ဖြစ်ကာ ချောဆီထွက် အားလည်းနည်း သွားသောအခါ တွင် ဒူးနာရောဂါ ဖြစ်သည်ဟု အဆိုရှိသည်။ အချို့မှာလည်း လူအလွန်ဝ လာသဖြင့် ဒူးဆက်က မထမ်းနိုင်တော့ သဖြင့် အရွတ်များ၊ ဆိုင်းကြောများ ရောင်ရာမှ ဒူးနာရောဂါ ဖြစ်ရသည်ဟု ဆိုသည်။

ဒဏ်ကြောင့်ဖြစ်သော ဒူးနာလည်းရှိသည်။ ဘောလုံးသမားများ၊ အပြေး အားကစား သမားများ၊ ဘတ်စကက်ဘော၊ ဘော်လီဘော ကစားသူများတွင် အချင်းချင်း ခိုက်မိဒဏ်ကြောင့် ဒူးနာရောဂါ ရတတ်သည်။ ဘောလုံးသမား ဆိုလျှင် ပို၍ဆိုးသည်။ ဖိနပ်ဦးဖြင့် ကန်မိသဖြင့် ခုံညင်းကို ပင့်ထားသော ဒူးအရွတ်ပြတ် သွားသဖြင့် ရာသက်ပန် နားလိုက်ရသူများ ပင်ရှိသည်။ ဒူးနာမှန်သမျှ တွင် ခိုက်မိဒဏ်ကြောင့် ဖြစ်သောဒူးနာမှာ အဆိုးဆုံး ဖြစ်သည်။

အားကစားသမားချင်း တူသော်လည်း တောင်တက် စက်ဘီးစီးသမား များနှင့် အပြေးသမားများ၊ ခြင်းလုံးခတ် ကစားသူများမှာ ဒူးနာရောဂါ ဖြစ်ခဲသည်ကို တွေ့ရသည်။ သူတို့၏ ကစားနည်းမှာ ဒူးကိုပုံမှန်ကွေးဆန့် လေ့ကျင့်ပေး သလိုဖြစ်သဖြင့် ဒူးနာရောဂါ ဖြစ်နေသူပင် ပျောက်ကင်း သွားနိုင်သည်ဟု ဆိုသည်။ ဒူးကို စက်ဘီးစီး ကဲ့သို့ ပုံမှန်ကွေးဆန့် ပြုလုပ်ပေးခြင်းသည် ဒူးထဲမှ ချောဆီထွက် စေရန် လှုံ့ဆော်ပေးသဖြင့် ဒူးနာရောဂါကို သက်သာစေ သည်ဟု ဆိုသည်။

ခြေထောက်ကို ရေမကြာခဏ ဆေးသူများနှင့် ခြေဖဝါး ရေစိုသော အလုပ်လုပ်သူများ ဒူးနာရောဂါ ရတတ်သည်။ ခြေထောက်ရေစို သောအခါ ခြေမျက်စိ အောက်ပိုင်းမှ အပူသည် ဒူးသို့တက်သွား ရာမှ ဒူးနာရခြင်း ဖြစ်သည်။ခြေထောက် ခြေဖဝါး ရေစိုခြင်း၊ ရေဆေးခြင်းသည် ညအိပ်ရာဝင် ဒူးအောက် ရေလောင်းခြင်းနှင့် မတူပေ။ ဒူးဆစ်မှ အောက်ပိုင်း ရေလောင်းခြင်းသည် အပူများ၊ အပုပ်အခိုးများ မျက်စိသို့ မတက်စေရန် ကာကွယ်ခြင်း ဖြစ်သည်။ ခြေမျက်စိ အောက်ပိုင်း ရေဆေးခြင်းသည် မျက်စိသို့ အခိုးပို၍ တက်စေသည်ကို သတိပြုရန် လိုသည်။

ရိုးရာဆေးပညာ သဘောအရ ဝမ်းမီးက အစာကြေချက် ပြီးနောက် စွန့်ပစ်ရမည့်ဝမ်းနှင့် အပုပ်အခိုးများသည် အောက်ပိုင်းသို့ လှည့်စမြဲဖြစ်သည်။ ကျင်ကြီးစွန့်၍ လည်းကောင်း၊ လေလည်၍ လည်းကောင်း၊ ခြေဖဝါးမှ ချွေးထွက်၍ လည်းကောင်း အပုပ်အခိုးများကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ပစ်သည်။ ခြေဖဝါးမှ အပုပ်အခိုး မထွက်သူသည် ခြေဆီမထွက်ဘဲ ခြေဖဝါး၊ ခြေဖနောင့်များတွင် အက်ကွဲ ကြောင်းများ ထင်လာပြီး တေဇော၊ ဝါယော အပူကန်လက္ခဏာများ ပြလာလေသည်။ ထိုသူများသည် ခြေသလုံးများ ညောင်းကိုက်ရာမှ စ၍ ဒူးအထိတက်လာလျှင် ဒူးနာခြင်း၊ ခါးအထိ တက်လာလျှင် ခါးနာခြင်း၊ ကျောက်ကပ် အပူခိုခြင်း၊ လက်ပြင်မှ ဇက်အထိ တက်လာလျှင် ဇက်ကြောထိုးခြင်း၊ ဦးခေါင်းအထိ အပူအပုပ် အခိုးများတက် လာသောအခါတွင် မျက်စိမှုန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းများ ဖြစ်ပွား နိုင်ပေသည်။

ညအိပ်ရာမဝင်မီ (နောက်ဆုံး အစာစားပြီးချိန်နှင့် နှစ်နာရီခြား) အစာသစ်အိမ်မှာ အစာမရှိ၊ အစာဟောင်းအိမ်သို့ အစာများ ရောက်မည့်အချိန်တွင် ဒူးအောက်ပိုင်း ရေဆေးခြင်းသည် လူကို အကျိုးပြုသည်။ ညဦးပိုင်းတွင် ကောင်းစွာအိပ်စက် စေနိုင်သည်။ ခြေဖဝါးအောက်ပိုင်း အပူများစီးဆင်း သွားစေရန် ဒူးအထက်ပိုင်း (ပေါင်လယ်ခန့်) မှ အောက်သို့ ရေလောင်းချရမည်။ ရေနွေးဖြင့် ခြေမဆေးရ၊ ရေဖလားဖြင့် ခုနစ်ခွက် လောင်းရမည်ဟု ရှေးက အယူရှိသည်။ သို့မှသာ အပူကုန်မည်၊ အပုပ် အခိုးအငွေ့များအောက်သို့ ဆင်းမည်ဟု ယူဆရသည်။

နေ့လယ်နေ့ခင်း အချိန် အပြင်သွားပြီး ခြေထောက်မှာ ညစ်ပတ်လာသဖြင့် ရေမဆေးမဖြစ် ဆေးရမည်ဆိုလျှင် လိုက်နာရမည့် အချက်များမှာ-
  • ၁။ ခြေထောက် ရေမဆေးမီ ရေအေးတစ်ခွက် အရင်သောက်ပါ။
  • ၂။ လုံချည် သို့မဟုတ် ထဘီကို သေချာစွာ ခါးတောင်းကျိုက်ပြီး ဒူးအထက်မှစ၍ အောက်ပိုင်းသို့ ရေလောင်းချပါ။
  • ၃။ ရေအေးဖြင့်သာ ရေဆေးပါ၊ ရေနွေးမစပ်သင့်ပါ။
  • ၄။ ရေဖလားဖြင့် ခုနစ်ခွက်မှ အထက် လောင်းဆေးပါ။
  • ၅။ လည်ချောင်းနာနှင့် အာသီးရောင် ရောဂါရှိသူများ ခြေထောက်ရေလောင်း နေစဉ် ပါးစပ်ထဲတွင် ရေကိုငုံထားပါ။ ဤနည်းဖြင့် အာသီးရောင်ခြင်းကို ကာကွယ်နိုင်သည်။
  • ၆။ ရေလောင်းပြီးနောက် ခြောက်သော အဝတ်ဖြင့် ခြေနှစ်ဖက်လုံးကို ရေပြောင်စင်အောင် သုတ်ပါ။ အခိုးများ ထွက်လာသည် အထိ သုတ်ပေးပါ။
  • ၇။ မျက်နှာသစ်လိုလျှင် မျက်နှာအရင် သစ်ပြီးမှသာ ခြေထောက်ကို ရေဆေးပါ။ ခြေဆေးပြီးမှ မျက်နှာ မသစ်ပါနှင့်။

ဤနည်းများအတိုင်း ကျင့်သုံးလျှင် ခြေထောက်ရေဆေး ခြင်းကြောင့် ဒူးနာရောဂါဖြစ်ခြင်း ကိုလည်း ကာကွယ်ရာ ရောက်ပါသည်။ အသက်ငယ်ငယ်ဖြင့် ဒူးနာသူများသည် ခြေထောက် မကြာမကြာ ရေဆေးလေ့ ရှိသူများဖြစ် ကြောင်း တွေ့ရပါသည်။

အချို့ဒူးနာသူများကို X-Ray ဓာတ်မှန်ရိုက်ကြည့် သောအခါ ခုံညင်းအောက်ခံ တေ့ဆက် ဖြစ်နေသော ဒူးအရိုးကြီးတွင် အချွန်အတက် ကျီးပေါင်းများကို တွေ့ရတတ်သည်။ ထိုသူများသည် အထိုင်အထတွင် လုံးဝသတိထား ရသည်။ လှေကားအတက်တွင် သိပ်မနာ။ လှေကားအဆင်းတွင် ပို၍နာလေ့ရှိသည်။ ဒူးဆစ်အတွင်း အဆီခန်းရာမှ အရိုးပွလာပြီး ကျီးပေါင်းတက် လာခြင်း၏မူလ တရားခံမှာ အထိုင်များပြီး လမ်းလျှောက်နည်း ခဲ့ခြင်းကြောင့် ဖြစ်သည်။ လူတိုင်း တစ်နေ့လျှင် တစ်နာရီခန့် သို့မဟုတ် နှစ်မိုင်ခန့် လမ်းလျှောက်ပေးလျှင် ဒူးဆစ်အဆီခန်းခြင်း နှင့် အရိုးပွခြင်းမှ ကာကွယ်နိုင်သည်။ ဒူးနာရောဂါရှိသူ များသည် ဝမ်းတွင်းသားနှင့် အနီရောင်ရှိသော အသားများကို လည်း ရှောင်ကြဉ်သင့်သည်။ ထိုအသားများသည် အနောက်တိုင်း ဆေးပညာ အလိုအရ Uric Acid များသောအစာများ ဖြစ်ပြီး တိုင်းရင်းဆေး ပညာအရလည်း အပုပ်စာနှင့် တေဇော၊ ဝါယောကြွစေ သောအစာများ ဖြစ်သည်။ ထိုအစာများကို လုံးဝရှောင်ကြဉ်ပြီး အသီးအနှံနှင့် ငါးကို စားသုံးသင့်သည်။

ဒူးနာရောဂါ ရှိသူများနှင့် သင့်တင့်သော အသီးအနှံမှာ ဓာတ်စာအပြင် ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ပဲရာဇာနှင့် မြေထောက်ပဲများ၊ ဒန့်သလွန်သီး၊ ကျောက်ဖရုံသီး၊ ပဲလင်းမြွေသီး၊ ဂေါ်ရခါးညွန့်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မျှစ်ချို၊ ပဲစောင်းလျားသီး၊ ရှောက်သီး၊ ကျွဲကောသီး၊ ထောပတ်သီး၊ ကမ္ဗလာသီး၊ လိမ္မော်သီး၊ မုန်လာဥဖြူ၊ မုန်လာဥနီ စသည်များကို စားပေးသင့်သည်။ ဒူးနာအတွက် လိမ်းသောဆေးမှာ-
  • (၁) ချင်းခြောက်အမှုန့် ၂ ကျပ်ခွဲသား
  • (၂) လင်းနေအမှုန့် ၂ ကျပ်သား
  • (၃) မုန်ညင်းဆီစစ်စစ် ၁ဝ ကျပ်သား
  • (၄) ပရုတ်မှုန့် ၁ ကျပ်သား

ဆေးဖော်နည်းမှာ သန့်ရှင်းသော ချင်းတက်နှင့် လင်းနေတို့ကို ပရဆေးဆိုင်မှ ဝယ်ယူပြီး သံဆုံတွင် ထောင်း၍ အမှုန့်ပြုလုပ်ပါ။ နေလှန်းထားပါ။ သေချာစွာ ခြောက်သွေ့သော အခါ မုန်ညင်းဆီ စစ်စစ်ကို ဒယ်အိုးတွင် ၁ဝ ကျပ်သားထည့်၍ မီးနွေးနွေးဖြင့် တည်ထားပါ။ အမြှုပ်တက်ပြီး ဆူလာသောအခါ ချင်းခြောက်နှင့် လင်းနေ အမှုန့်များကို ထည့်ပြီးချထားပါ။ အငွေ့သေသော အခါမှ ပရုတ်မှုန့်ထည့်ပြီး လေလုံအောင် အုပ်ထားပါ။ အကယ်၍ မုန်ညင်း ဆီစစ်စစ် မရနိုင်ခဲ့လျှင် မိမိအရပ်ဒေသထွက် နှမ်းဆီစစ်စစ်ကို ဆေးချက်ရန် အသုံးပြုနိုင်ပါသည်။ မုန်ညင်းဆီ ကဲ့သို့ပင် နှမ်းဆီသည်လည်း ပူ၍အခိုးပွင့် စေသော သတ္တိရှိသည်။

ဒူးဆစ်အတွင်းမှ အရွတ်များ မခြောက်စေရန် အတွက် လိမ်းဆေးအဆီကို နေ့စဉ် လိမ်းပေးသင့်သည်။ ထိုဆေးကို ညအိပ်ရာဝင်ချိန်တိုင်း လိမ်းပါ။ လိုအပ်လျှင် ဆေးလိမ်းပြီး ပတ်တီးစည်းထားပါ။ ဒူးနာရောဂါ မှန်သမျှ သက်သာ စေနိုင်သော ဆေးနည်း ဖြစ်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger