www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 5, 2017

ရခိုင်ပြည်နယ်သို့ အာဆီယံနိုင်ငံများမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်


နေပြည်တော် ၊ ၅-၁-၂၀၁၇

ရခိုင်ပြည်နယ်သို့ အာဆီယံနိုင်ငံ များမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ယမန်နေ့ရက်စွဲဖြင့် သတင်း ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ယင်း သတင်းထုတ်ပြန်ချက် တွင် ရခိုင်ပြည်နယ် သို့ အာဆီယံနိုင်ငံများမှ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရာတွင် လိုက်နာရန် အချက်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂-၁-၂ဝ၁၇ ရက်စွဲဖြင့် အာဆီယံနိုင်ငံ များ၏ သံရုံးများအား အကြောင်းကြား ခဲ့ကြောင်း၊ အာဆီယံ နိုင်ငံများ အနေဖြင့် ရခိုင်ပြည်နယ်သို့ အကူအညီများ ပေးပို့ရာတွင် သံတမန်လမ်းကြောင်း မှတစ်ဆင့် အကြောင်းကြားပြီး မှသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အကူအညီများ ရောက်ရှိချိန်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး အခွန် ကင်းလွတ်ခွင့်၊ အကောက်ခွန် ရှင်းလင်းရေး ကိစ္စရပ်များ အတွက် သက်ဆိုင်သည့်ဌာန အသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်သဖြင့် အကူအညီ ပေးသည့် ပစ္စည်း အမျိုးအစား၊ အရေအတွက်၊ အလေးချိန် တို့ကို ကြိုတင် အကြောင်းကြားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အကူအညီ များကို ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်း နှစ်ခုလုံးအား ခွဲခြားမှုမရှိဘဲ ပေးရန် လိုအပ်ပြီး ကူညီရေး ပစ္စည်းများ ရန်ကုန်လေဆိပ် နှင့် ဆိပ်ကမ်းများသို့ ရောက်ရှိချိန်တွင် ထိုပစ္စည်းများကို ရခိုင်ပြည်နယ် သို့ ပို့ဆောင်ရေး အတွက် သက်ဆိုင်သည့် ဌာနများနှင့် အလှူရှင်နိုင်ငံ များကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရက ထိုအကူအညီ များကို အသိုင်းအဝိုင်း နှစ်ခုလုံး သို့ ဖြန့်ဖြူးပေး သွားမည်ဖြစ်ကာ အလှူရှင်နိုင်ငံ အနေဖြင့် ဒေသတစ်ခု သို့မဟုတ် ရွာတစ်ရွာသို့ အလှူပစ္စည်းများ ဖြန့်ဖြူးပေးလို ပါက ထိုနေရာများသို့ ရောက်ရှိရေး အတွက် လိုအပ်သော ပေါင်းစပ်ညှိနှိုင်း မှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အလှူရှင်နိုင်ငံ အနေဖြင့် ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား လုပ်လိုပါက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပွင့်လင်း မြင်သာမှု ရှိစေရေး အတွက် အကူအညီ ပစ္စည်းများ ပေးအပ်နိုင်မှု အခြေအနေကို သက်ဆိုင်ရာ သံရုံးများအား နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြောင်းကြား သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ပါရှိသည်။

အာဆီယံနိုင်ငံများ အနေဖြင့် ငွေသားဖြင့် လှူဒါန်းလိုပါက မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ငွေစာရင်းသို့ ပေးပို့လှူဒါန်း နိုင်ပြီး ရခိုင်ပြည်နယ်သို့ လှူဒါန်းလိုသူများ အနေဖြင့် ထိုအချက်များကို အလေးအနက် လိုက်နာရန် လိုအပ်ကြောင်း၊ အာဆီယံနိုင်ငံများ အနေဖြင့် ရခိုင်ပြည်နယ်သို့ အကူအညီများ ပေးရာတွင် ထိုအချက်များကို အလေးအနက်ထား လိုက်နာရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အသိပေး အကြောင်းကြား ထားကြောင်း၊ မြန်မာနိုင်ငံ အစိုးရ၏ မူဝါဒနှင့်အညီ အင်ဒိုနီးရှား နိုင်ငံမှ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ ကူညီမှုများ ပေးအပ်ရန် တရားဝင် အဆိုပြု ကမ်းလှမ်းထားပြီး လိုအပ်သလို ဖြန့်ခွဲ ပို့ဆောင်နိုင်ရေး နှစ်နိုင်ငံ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger