www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 18, 2016

ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့နယ်အတွင်းရှိ KIA အကြမ်းဖက် သောင်းကျန်းသူများ အခိုင်အမာတပ်စွဲထားသည့် ပွိုင့်-၁၁၀၃ ၊ ဂီဒုန်စခန်း (KIAအမည်) နှင့် ဆက်စပ်တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက ရှင်းလင်း သိမ်းပိုက်ရရှိ


ပွိုင့်-၁၁၀၃ ဂီဒုန်စခန်း ကို တပ်မတော်က သိမ်းပိုက်ရရှိစဉ်


KIA အကြမ်းဖက် သောင်းကျန်းသူများ အခိုင်အမာ တပ်စွဲထားသည့် 
ပွိုင့်-၁၁၀၃ ဂီဒုန်စခန်း ကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၈-၁၂-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် နံနက် ၇ နာရီ ၁ဝ မိနစ်ခန့်မှ စတင်၍ မြန်မာ့တပ်မတော် စစ်ကြောင်းများက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ ရယူ၍ KIA အကြမ်းဖက် သောင်းကျန်းသူများ အခိုင်အမာ တပ်စွဲထားသည့် ဂီဒုန်စခန်းအား ချဉ်းကပ်တိုက်ခိုက် ချေမှုန်းခြင်း ဆောင်ရွက်ခဲ့ရာ KIA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မြေအနေအထား အသာစီး ရှိမှုကိုရယူ၍ အပြင်းအထန် ခုခံခဲ့သော်လည်း ရှေ့ကာကင်း ခန့်မှန်း မြေပုံညွှန်း (LH- ၆၃၇၇၅၅)အား မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် လည်းကောင်း၊ ပင်မကုန်း ပွိုင့်-၁၁ဝ၃ ဂီဒုန်စခန်း နေရာ ခန့်မှန်း မြေပုံညွှန်း (LH-၆၃၉၇၅၅) အား မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း အသီးသီးသိမ်းပိုက် ရရှိခဲ့သည်။

ဆက်လက်၍ တပ်မတော် စစ်ကြောင်း များက ဆုတ်ခွာသွားသည့် KIA အကြမ်းဖက် သောင်းကျန်းသူများ နောက်သို့ လက်နက်ကြီး ပစ်ကူရယူ၍ ထက်ကြပ်လိုက်လံ ချေမှုန်းခဲ့ရာ ခန့်မှန်းမြေ ပုံညွှန်း (LH-၆၄၂၇၆ဝ) စခန်းနေရာအား ညနေ ၆ နာရီတွင် လည်းကောင်း၊ ခန့်မှန်း မြေပုံညွှန်း (LH-၆၄၂၇၆၂) နှင့် ခန့်မှန်း မြေပုံညွှန်း (LH-၆၄၂၇၆၃) နေရာ စခန်းများအား ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် နံနက် ဝ၉ဝဝ နာရီနှင့် နောက်ဆုံး ခန့်မှန်း မြေပုံညွှန်း (LH-၆၄၅၇၆၅) လိပ်ပြာကုန်း စခန်းအား နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် လည်းကောင်း အသီးသီး သိမ်းပိုက် ရရှိခဲ့ပါသည်။

ဖြစ်စဉ်တွင် မိမိ တပ်မတော်ဘက်မှ အရာရှိ နှင့်စစ်သည်တချို့ ကျဆုံး၊ ဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား သက်ဆိုင်ရာ တပ်မတော်စစ်ဆေးရုံကြီး များသို့ နေ့ချင်းပြီး ပို့ဆောင်ကုသမှု ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရှိရသည်။ KIA အကြမ်းဖက် သောင်းကျန်းသူများ ဘက်၌ လက်ရှိသတင်း ရေးသားသည့် ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်အထိ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု များပြားကြောင်း သိရှိရပြီး ၁၂ဝ မီလီမီတာ စိန်ပြောင်းကြီး နှစ်လက် အပါအဝင် လက်နက်မျိုးစုံ ၄၁ လက်နှင့် ခဲယမ်း ဆက်စပ်ပစ္စည်း များ သိမ်းပိုက်ရရှိခဲ့ပြီး ပတ်ဝန်းကျင် နေရာများအား အသေးစိတ် ဆက်လက် ရှင်းလင်းဆဲ ဖြစ်ကြောင်း သိရှိရသည်။

ဂီဒုန်စခန်းမှာ KIA အကြမ်းဖက် သောင်းကျန်းသူ တပ်ရင်း(၂၅၂)၏ နေရာဖြစ်ကြောင်း ဖော်ထုတ်ရရှိ သော်လည်း ၂ဝ၁၃ ခုနှစ်၊ လဂျားယန် ဒေသရှိ ၄င်းတို့၏ ပွိုင့်-၇၇၁ နှင့် ပွိုင့်-၁၁ဝ၂ စခန်းများအား တပ်မတော်က သိမ်းပိုက်ပြီး သည့် အချိန်တွင် တည်ရှိခဲ့ခြင်း မရှိကြောင်း၊ ၂ဝ၁၄ ခုနှစ်/ ၂ဝ၁၅ ခုနှစ် အတွင်း၌လည်း နယ်မြေချဲ့ထွင် တပ်စွဲထားသော နေရာ မဟုတ်ကြောင်း၊ ၂ဝ၁၆ ခုနှစ်မှ စ၍ ဆွမ်ပရာဘွမ်၊ မလိယန်ဒေသ၊ ဖားကန့်ဒေသ၊ ရှာဒူဇွပ်ဒေသ၊ မိုးညှင်းဒေသ များနှင့် မိုးကောင်း၊ ဆားမှော်ဒေသ တစ်ဝိုက် KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ နယ်မြေချဲ့ထွင် စခန်းတိုးယူမှု ကြောင့် တပ်မတော် စစ်ကြောင်းများနှင့် ထိပ်တိုက်တွေ့ဆုံ နေစဉ်အတွင်း ဝိုင်းမော်မြို့နယ် နှင့် အနီးဆုံး မြေအနေအထား အရ အရေးကြီးပြီး ဝိုင်းမော်မြို့မှ တစ်ဆင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် လမ်းကြောင်းနှင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး လမ်းကြောင်းအား ထိန်းချုပ်ခြင်း နှင့် မြစ်ကြီးနားမြို့အား အနာဂတ် တွင် ဝိုင်းမော်မှ တစ်ဆင့် ရေလမ်း၊ ကားလမ်း တို့မှ စိမ့်ဝင်ထိုးဖောက် ခြိမ်းခြောက်ခြင်း စသည့် ရည်ရွယ်ချက် များဖြင့် စခန်းတိုးချဲ့ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြား ကြောင်း သိရှိရသည်။

၎င်းအပြင် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ လှုပ်ရှားတပ်မ၊ ဖလပ်ဘွမ် ခန့်မှန်း မြေပုံညွှန်း (LH-၆၉၄၆၃၈) နှင့် ၂ဝ၁၃ ခုနှစ်နောက် ပိုင်း စံပိုင် ခန့်မှန်း မြေပုံညွှန်း (LH-၆၁၃၈၈၅) တစ်ဝိုက်မှ တရုတ် မြန်မာ နယ်စပ်မှတ်တိုင် အမှတ်(၆)အနီး ခန့်မှန်း မြေပုံညွှန်း (MJ-ဝ၂၂၉၉၅) သို့ ပြောင်းရွှေ့ သွားသည့် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တပ်ရင်း(၃) နှင့် နယ်စပ်မျဉ်း အခြေခံလျက် အလွယ်တကူ လွတ်လပ်စွာ သွားလာနိုင်ရေး၊ အုပ်ချုပ်မှု လမ်းကြောင်း လုံခြုံမှုရှိစေရေး အတွက် ရည်ရွယ်သည့် အရေးကြီး စခန်းကြီးတစ်ခု အဖြစ်လည်း တည်ဆောက်ထား သည်ဟု ယူဆရကြောင်း သိရှိရသည်။

တပ်မတော်လှုပ်ရှား စစ်ကြောင်းများနှင့် စခန်းထိုင် လှုပ်ရှား စစ်ကြောင်းငယ် များမှလည်း မိမိ အမာခံ သတင်းပေးများ ထံမှ ရရှိသည့်သတင်း အချက်အလက် များအရ နယ်မြေ စိုးမိုးရေးနှင့် ရန်သူစခန်း ဖော်ထုတ် ရရှိရေး မနေမနား ဆောင်ရွက်သော်လည်း ဂီဒုန်စခန်းမှာ မြေ အနေအထား အသာစီးရှိခြင်း၊ သစ်ပင်၊ သစ်တော နှင့်ဝါးရုံများ ထူထပ်စွာ ပေါက်ရောက်ခြင်း များအပြင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် အနီး ဖုံးကွယ်မှု၊ အကာအကွယ် ကောင်းတို့ဖြင့် လျှို့ဝှက်စွာ စိမ့်ဝင် ဆောင်ရွက်ခြင်း ကြောင့် ဖော်ထုတ်သတင်း ရရှိမှု အားနည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လတွင် လှုပ်ရှား စစ်ကြောင်းငယ် တစ်ခု မှ အင်ခရန် ခန့်မှန်း မြေပုံညွှန်း (LH-၆၃၄၇၄၅) တစ်ဝိုက်ရှိ ဂီဒုန်စခန်း၏ ရှေ့ကာကင်း တပ်စိတ် နေရာအား စတင်တွေ့ရှိ၍ ရှင်းလင်းခဲ့ရာမှ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်အထိ ထိတွေ့မှု ပေါင်း ၄၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

KIA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မြောက်ပိုင်း မဟာမိတ်အသွင်ဖြင့် စုဖွဲ့၍ အစိုးရနှင့် တပ်မတော်အား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်း ဖြစ်စေရန် ရည်ရွယ်၍ မိမိတပ်မတော် မုံးကိုးစခန်းအား နိုဝင်ဘာလ ၂ဝ ရက်မှ ဒီဇင်ဘာလ ၆ ရက်အထိ ၁၇ ရက် တိုင်တိုင် သာလွန်အင်အား စုဖွဲ့ပြီး အပြီးတိုင် ချဉ်းကပ်တိုက်ခိုက် ခဲ့သော်လည်း အောင်မြင်မှု မရှိသည့်အပေါ် ဂီဒုန်စခန်းသို့ မြောက်ပိုင်း မဟာမိတ် အဖွဲ့အချို့ကို ထပ်မံခေါ်ယူ အားဖြည့်လျက် ၄င်းတို့၏ မူလ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ရေး လှုပ်ရှားလာမှု များကြောင့် တပ်မတော် အနေဖြင့် ရင်ဆိုင် ထိန်းချုပ်ခြင်းမှ ထိုးစစ်အသွင် ဖြင့် တပ်မတော်(လေ) မှ လေကြောင်းပစ်ကူ၊ အနီးကပ်ပစ်ကူ အပါအဝင် လက်နက်ကြီး မျိုးစုံတို့ဖြင့် KIA အကြမ်းဖက် သောင်းကျန်းသူတို့ က အမာခံစခန်း အဖြစ် ကြွေးကြော် သတ်မှတ်ထားသည့် ဂီဒုန်စခန်း နှင့် ပတ်ဝန်းကျင် စခန်းငယ်များအား ရက်ပိုင်းအတွင်း အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် နိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မိမိသိမ်းပိုက် ရရှိမှုကြောင့် ဝိုင်းမော်နယ်မြေမှ တစ်ဆင့် မြစ်ကြီးနား-ဗန်းမော် ဆက်သွယ်ရေး လမ်းကြောင်း၊ မြစ်ကြီးနား-ဝိုင်းမော် -ဆဒုံး ဆက်သွယ်ရေး ကားလမ်း အပါအဝင် နယ်စပ်မျဉ်းအား အခြေခံလျက် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၊ လှုပ်ရှားတပ်မ၊ ဖလပ်ဘွမ် နှင့် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၊ တပ်ရင်း(၃)၊ မှတ်တိုင်(၆) အကြား KIA အကြမ်းဖက် သောင်းကျန်းသူ တို့၏ အမာခံ ဆက်သွယ်ရေး လမ်းကြောင်းအား ဖြတ်တောက် နိုင်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger