www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 2, 2016

CIA ဒါရိုက်တာ၏ သတိပေးခြင်းခံခဲ့ ရသည့် အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်ပ်


CIA Director John Brennan tells the BBC that Trump's ideas are terrible

( ရှိန်းထက် )

အီရန်နျူကလီးယား သဘောတူညီမှု သည် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနှင့် အီရန်အစိုးရ တို့ နှစ်ပေါင်း များစွာ အကြိတ်အနယ် ဆွေးနွေးပြီးမှ ရရှိလာသည့် သဘောတူညီမှု ဖြစ်သည်။ ယခု အမေရိကန်တွင် ဒေါ်နယ်ထရမ့်ပ် သမ္မတသစ် ဖြစ်လာမည့် အချိန်တွင် အီရန်နှင့် သဘောတူညီ ထားသော နျူကလီးယား ကိစ္စမှာ စိုးရိမ်ရေမှတ်သို့ ရောက်လာသည်။

ထရမ့်ပ် ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် အီရန် နျူကလီးယား သဘောတူညီချက် သည် အရေးမပါ သေးသည့် အနေအထား ဖြစ်သည်။ ထိုကိစ္စကို သူသမ္မတ ဖြစ်ခဲ့လျှင် တစ်စစီ ဖျက်ဆီးပစ်မည်ဟု ဒေါ်နယ်ထရမ့်ပ် က ဆိုခဲ့ဖူးသည်။ ထို့ကြောင့် ၂ဝ၁၇ ခုနှစ် နှစ်စတွင် စတင် တာဝန်ထမ်းဆောင်မည့် ထရမ့်ပ်၏ သမ္မတရာထူးအတွက် လူတိုင်းက စိတ်လှုပ်ရှား နေကြခြင်း ဖြစ်သည်။ ထိုကြားထဲ အီရန်နှင့် တင်းမာသည့် သဘောထားကို ဆုပ်ကိုင်ထားသည့် ဗိုလ်ချုပ်ကြီး မတ်ဒေါ့ ကို ကာကွယ်ရေးဝန်ကြီး ရာထူး ပေးမည်ဟု ထရမ့်ပ်ဆီ မှ အသံထွက်လာ သောအခါ အီရန်နျူ ကလီးယား သဘောတူစာချုပ် အရေးသည် ပထမ ထည့်သွင်းစဉ်းစား ရမည့်အထဲတွင် ပါလာသည်။

ယခု CIA ဒါရိုက်တာ ဂျွန်ဘရန်နန် က ထရမ့်ပ်ကို စတင်သတိပေး လိုက်ပြီဖြစ်သည်။ အီရန် သဘောတူညီချက် သည် ကမ္ဘာကြီးကို နျူကလီးယားစစ်ပွဲ တစ်ခုဆီမှ ဆွဲထုတ်လိုက်သည့် သမိုင်းဝင်သည့် အောင်မြင်မှု တစ်ခု ဖြစ်သည်။ ထို သဘောတူညီချက် ကိုသာ ထရမ့်ပ်က ဖျက်ဆီးပစ်ပါက နျူကလီးယား စစ်ပွဲတစ်ခုဆီသို့ နောက်ပြန်သွား နိုင်သည် ဟု နိုဝင်ဘာ ၃ဝ ရက်တွင် BBC နှင့် အင်တာဗျူး လုပ်သည့်အခိုက် ဘရန်နန်က သတိပေးခဲ့ခြင်း ဖြစ်သည်။

ထရမ့်ပ်သည် ရုရှားနှင့်ပူးပေါင်း ဆောင်ရွက်ရန် အလိုလားဆုံး ဖြစ်နေပြီး တခြားအရာ များသည် ထရမ့်ပ်အတွက် ဒုတိယ အဆင့်၌သာ ရှိသည်။ ဆီးရီးယားအရေးကို အမေရိကန်က အပြစ်ဖို့ နေချိန်တွင် အမေရိကန် သမ္မတသစ် ထရမ့်ပ်က ပူတင် ကို ချီးကျူးစကားဆိုပြီး အနီးကပ်ဆုံး ပူးပေါင်းရန် ကြိုးစားနေသည်။ ဆီးရီးယားကို ချုပ်ကိုင်နိုင်ရန် စစ်တိုက်ပေး နေသည့် ပူတင် ကို ထရမ့်ပ် ယုံကြည်လွန်း နေသည်ဟု လည်း ဘရန်နန် က ဝေဖန်ထားသည်။ ဆီးရီးယား ပြည်တွင်းစစ်တွင် အပြစ်မဲ့ ပြည်သူများ သေဆုံးရခြင်းသည် ရုရှားတို့၏ လေကြောင်း တိုက်စစ်များ ကြောင့်သာ ဖြစ်သည်ဟု အမေရိကန်တို့က အပြင်းထန်ဆုံး ဝေဖန် ထားသည်။

ထို့ပြင် အမေရိကန် ရွေးကောက်ပွဲ ကိုလည်း ရုရှားဟက်ကာ တို့က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြသည်။ ထိုသတင်းသည် အစပိုင်းက ကောလာဟလ သတင်းတစ်ခု အဖြစ်သာ ထွက်ပေါ်ခဲ့ပြီး ယခုမှ CIA အကြီးအကဲ၏ တရားဝင် ထုတ်ပြန်ခြင်း ဖြစ်သည်။ သို့သော် ထရမ့်ပ်က သူ၏ရုရှား နှင့်ဆက်ဆံမည့် မူဝါဒကို ပြောင်းလဲရန် လေသံပင် မဟခဲ့ပေ။ ထရမ့်ပ်၏ ရုရှားနှင့် ပြောင်းလဲလာသော ဆက်ဆံရေးသည် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ နေတိုး အပေါ်သို့ တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသည်။ နေတိုးမှာ ရုရှား၏ ပထမဆုံးရန်သူ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ယခု ထရမ့်ပ်၏ ရုရှားအပေါ် ပြောင်းလဲမှုကြောင့် နေတိုးသည် ဥရောပနိုင်ငံများ လုံခြုံမှုရှိရေး အတွက် ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော်တစ်ရပ် တည်ထောင်ရန် ပိုမိုကြိုးစား နေရပြီဖြစ်သည်။

နေတိုးနှင့် ရုရှားတို့၏ စစ်အင်အားသည် ကွာခြားသောကြောင့် ထိပ်တိုက် တွေ့ဆုံလျှင် ရုရှားတို့က အားသာသည်။ ထို့ကြောင့် ယခုဥရောပ ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော်ကို ထူထောင်နိုင်ရန် နေတိုး တို့ကြိုးပမ်း နေခြင်းဖြစ်သည်။ ဥရောပသည် ယင်းနှင့် ဘီလီယံ ရာနှင့်ချီကာ ကုန်သွယ်နေသည့် မဟာမိတ် အမေရိကန် နေရာတွင် ထရမ့်ပ် ၏ ဥရောပကို အနည်းငယ် ကျောခိုင်းထားသည့် မူဝါဒများကြောင့် ကုန်သွယ်ရေး မဟာမိတ်သစ် တစ်ဦးနှင့် အစားထိုးနိုင်ရန် ရှာဖွေနေရသည်။

ဥရောပသမဂ္ဂသည် ရုရှားတို့ ၂ဝ၁၄ ခုနှစ် ခရိုင်းမီးယား ကျူးကျော်မှုကြောင့် စီးပွားရေးပိတ်ဆို့မှု များကို အမေရိကန်နှင့် လက်တွဲ ချမှတ်ထားခဲ့သူ ဖြစ်သည်။ ယခု အမေရိကန် သမ္မတသစ် ကြောင့် ရုရှားတို့ စီးပွားရေး လမ်းပွင့်သွား တော့မည်ဖြစ်သည်။ ခရိုင်းမီးယား အရေးကို စစ်ရာဇဝတ်ပြစ်မှု အဖြစ် ဥရောပသမဂ္ဂ နှင့် အိုဘားမား အစိုးရက မြင်ပြီး စီးပွားရေး အရေးယူပိတ်ဆို့မှု များကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယခုထို ပိတ်ပင်မှု အားလုံးကို အမေရိကန် သမ္မတသစ် က ဖွင့်ပေးမည့်အပြင် လမ်းသစ် များကိုလည်း ဖောက်ဦးမည် ဖြစ်သည်။ ထရမ့်ပ် က အမေရိကန်၏ စီးပွားရေးကို ပထမ ဦးစားပေးကြည့်သည့် လမ်းစဉ်ဟု ခေါင်းစဉ် တပ်ထားပြီး တခြားတစ်ဖက် ကကြည့်လျှင် မတရားမှုများကို အားပေး အားမြှောက် ပြုလုပ်ပေးရာ ရောက်နေသည်။ နောက်ဆုံး အမေရိကန်၏ နိုင်ငံရေး ပုံရိပ်သည် ကျဆင်းရတော့မည် ဖြစ်သည်။

ယခင်က အမေရိကန်သည် လူ့အခွင့်အရေး ကို အလေးထားသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများကို ရှေ့တန်းတင်သည်။ သူ့အကျိုး စီးပွားထက် လူ့အခွင့်အရေး ကို မျက်နှာသာ ပိုပေးခဲ့သည်။ ဆင်းရဲသည့်နိုင်ငံ များကို အကူအညီ ပေးသည်။ ယခုထရမ့်ပ် ၏ မျိုးချစ်စိတ်ကြောင့် အာရှနိုင်ငံများ အပါအဝင် တခြား အမေရိကန်တို့ ငွေကြေး အထောက်အပံ့များ ပေးခဲ့သည့် ဖွံ့ဖြိုးဆဲ နိုင်ငံများအပေါ် အကူအညီများ မရပ်တန့် သွားလျှင်တောင် နည်းသွားတော့မည် ဖြစ်သည်။ထိုကဲ့သို့ အသုံးစရိတ် များကို ချွေတာ၍ သူ့နိုင်ငံကို တစ်ဖန်ပြန်လည် ကောင်းမွန် လာအောင် ပြုလုပ်မည်ဟု လည်း ထရမ့်ပ်က ကြွေးကြော်ထားသည်။ စစ်ရေးတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။ ကမ္ဘာအနှံ့ တပ်ဖြန့်ချထားသည့် အမေရိကန်၏ စစ်အသုံးစရိတ် များကို ထရမ့်ပ်က ချုံ့ပစ်မည် ဟုလည်း ဆိုထားပြန်သည်။ သို့သော် အရှေ့အလယ်ပိုင်း အရေးကို အတင်းမာဆုံး ကိုင်တွယ်မည်ဖြစ်သည်။

နောက်ဆုံး ဆော်ဒီနိုင်ငံသား များကို စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုကြောင့် တရားစွဲဆိုခွင့် ရရေးကို အိုဘားမား က ဗီတိုအာဏာသုံး ပယ်ချ လိုက်သည်ကို ထရမ့်ပ်က ပြန်လည် အကောင်အထည်ဖော် နိုင်သေးသည်။ အာရပ်ကမ္ဘာကို ထရမ့်ပ်က သီးခြားထားပြီး အထီးကျန်ဆန် နေစေချင် သည်။ သို့သော် အီရန်အရေးကို ထရမ့်ပ် မဖြစ်မနေ ဂရုစိုက် ရလိမ့်မည် ဖြစ်သည်။

အီရန် နျူကလီးယား သည် လက်နက် အဆင့်ဆီသို့ ရောက်ရှိရန် အဆင့် အနည်းငယ်သာ လိုသည်။ ထို့ကြောင့် နောက်ကြောင်းကို အီရန်တို့ ပြန်လှည့်ခဲ့လျှင် နျူကလီးယား စစ်ပွဲလမ်းကြောင်း ဆီသို့ နောက်တစ်ကြိမ် ပြန်လည် ခေါ်ဆောင်သွား နိုင်သည်။ ထိုအရာကို ထရမ့်ပ် မစဉ်းစား၍ မဟုတ်၊ စဉ်းစားသည်။ ထရမ့်ပ်က အာရပ်ကမ္ဘာကို စစ်ရေးအရ အဖြေရှာရန် စိတ်အားထက်သန် နေသောကြောင့် ဖြစ်သည်။ ယခု အာရပ်ကမ္ဘာ တွင် အမေရိကန်၏ မဟာမိတ် ဆော်ဒီ အပါအဝင် တခြားနိုင်ငံများ အားလုံးပင် ထရမ့်ပ် သမ္မတဖြစ်လာသည့် အရေးကြောင့် သတိထား စောင့်ကြည့် နေရသည်။ ထိုကြားထဲ ရုရှားနှင့် ထရမ့်ပ် ပူးပေါင်းမည့်အရေး ကြောင့်လည်း ပိုမိုစိုးရိမ်နေရ ပြန်သည်။

ရုရှားသမ္မတ ပူတင် ကလည်း ခရိုင်းမီးယား အရေးမှာပင် သူ့ယုံကြည်ချက် အတိုင်း မည်သူ့ကိုမျှ ဂရုမစိုက်တတ်သူ၊ ယခု ထရမ့်ပ်ကလည်း သူပြောချင်တာပြော လုပ်ချင်တာ လုပ်တတ်သည့် သူ နှစ်ယောက်စလုံးသာ ပေါင်းမိလျှင် တရုတ်နှင့် ရုရှား ယခင်ကတွဲလုံး မိနေသည်ထက်ပင် ပိုဆိုး လာနိုင်သည်။

ထိုကြားထဲတွင် ရုရှားသမ္မတ ပူတင်၏ မဟာဗျူဟာ ရည်ရွယ်ချက် တစ်ခု ရှိနေသည်။ သူ့စစ်တပ်ကို တစ်ကမ္ဘာလုံးသို့ ဖြန့်ကြက်နိုင်မည့် ရည်ရွယ်ချက် ဖြစ်သည်။ အမေရိကန် ၏ နေရာကိုပင် ရုရှားတို့ဝင်ယူရန် ကြိုးစား လာနိုင်သည်။ ထို့ကြောင့် CIA ဒါရိုက်တာ ဘရန်နန် က ရုရှားကို ယုံကြည်မှု မလွန်ကဲရန် သတိပေးထားပြီး အီရန် နျူကလီးယား အရေးကို သတိထား ကိုင်တွယ်ရန် သတိပေးထားခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

1 comment:

  1. မျိုးချစ်စိတ်သာထက်သန်နေ အမေရိကန်ဆိုတာ လူမျိုးမှမဟုတ်တာ လူမျိုးပေါင်းသောင်းခြောက်ထောင်ရောနေတဲ့ ရာဝင်အိုးကြီးလေ အာ့ကြောင့် အာ့ဒေါ်နယ်ဒက် ရူးများနေသလား

    ReplyDelete

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger