www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 22, 2016

ဒီဇင်ဘာ ၂၀ ရက်တွင် နိုင်ငံသုံးခု၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ


Berlin's mayor Michael Mueller, German Chancellor Angela Merkel, German Interior Minister

( ရှိန်းထက် )

ဒီဇင်ဘာ ၂ဝ ရက်သည် ကမ္ဘာပေါ်၌ အစ္စလာမ်မစ် မူဝါဒ မှတ်တိုင်သစ် တစ်ခု စိုက်ထူနိုင်ခဲ့သည့် နေ့တစ်နေ့ ဖြစ်သည်။ တူရကီ၊ ဂျာမနီနှင့် ဆွစ်ဇာလန် သုံးနိုင်ငံစလုံး၌ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး တူရကီ၌ တူရကီနိုင်ငံ ဆိုင်ရာ ရုရှားသံအမတ် ကို ပြပွဲခန်းမ လူပုံအလယ်တွင် အစ္စလာမ်မစ် အစွန်းရောက် တူရကီ ရဲအရာရှိက ပစ်သတ်ခဲ့သည်။

ဂျာမနီ၌ ခရစ္စမတ်ဈေးတန်း ကို ထရပ်ကား ဝင်တိုက်ပြီး လူ ၁၂ ဦးသေဆုံးကာ ၅ဝ ကျော်ဒဏ်ရာ ရရှိသည်။ ဆွစ်ဇာလန်၌ လည်း အစ္စလာမ်မစ် စင်တာကို သေနတ်ဖြင့် ဝင်ပစ်သောကြောင့် လူသုံးဦး ဒဏ်ရာရရှိ ခဲ့သည်။

ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဖြစ်ပွားသော အဖြစ်အပျက် သုံးခုစလုံးသည် အကြမ်းဖက် လုပ်ရပ်ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် အသီးသီးက အတည်ပြုပြီး ဂျာမနီ၌ အကြမ်းဖက် လုပ်ရပ်များများ ဖြစ်လေ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်လ် ၏ ခေါင်းပေါ်တွင် ဝန်ထုပ်ဝန်ပိုး ပိုကြီးလေ ဖြစ်သည်။ အဆိုပါ တိုက်ခိုက်ခံရ မှုတွင် မာကယ်လ် ကိုယ်တိုင်က အကြမ်းဖက် ကားမောင်း သမားသည် ဒုက္ခသည် အနေဖြင့် ဂျာမနီကို ဝင်ရောက်လာသူ ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ 

အတိအကျ ဆိုရလျှင် အကြမ်းဖက် သမားသည် ပါကစ္စတန်လူမျိုး ဖြစ်ပြီး ဘော်လ်ကန် ဒုက္ခသည် လမ်းကြောင်းမှ ဝင်ရောက်လာခြင်း ဖြစ်သည်။ ဂျာမနီ၌ မာကယ်လ် ၏ တံခါးဖွင့်မူဝါဒ ကျင့်သုံးသည့် အချိန်မှစ၍ ၂ဝ၁၅ ခုနှစ်တွင် ဒုက္ခသည်ပေါင်း တစ်သန်းကို လက်ခံခဲ့သည်။ ထိုအချိန်မှ စ၍ ပြဇာတ်ရုံ အပြင်ဘက် ဗုံးဖောက်ခွဲမှု၊ ရထားပေါ် တက်ပြီး ဓားဖြင့်ခုတ်မှု၊ သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု နှင့် ယခု ထရပ်ကား ဖြင့်ဝင်တိုက်မှု စသည့် အကြမ်းဖက်မှုများ ဆက်တိုက် ပေါ်လာသည်။

ထို့ပြင် မကြာမီကပင် ရထားဘူတာရုံ ၌ ရထားပေါ်မှ ဆင်းလာသော ဂျာမန် အမျိုးသမီး တစ်ဦးကို အရှေ့ အလယ်ပိုင်းမှ ရွှေ့ပြောင်း ဝင်ရောက်လာသူ လူငယ်တစ်စုက လှေကားအပေါ်မှ ကန်ချသောကြောင့် ဂျာမန် ပြည်ထဲရေးက ထိုလူငယ်များကို ဖမ်းမိရေးအတွက် အလုပ်ရှုပ်ခဲ့ ရသည်။ ၂ဝ၁၆ ခုနှစ် နှစ်သစ်ကူး ပွဲတော်တွင် လိင်အကြမ်းဖက်မှုမှ အစပြုကာ ဂျာမနီ၌ ရွှေ့ပြောင်း ဒုက္ခသည်များသည် စတင်နာမည် ပျက်လာပြီး ယခုအခါတွင် အဆိုးရွားဆုံး အကြမ်းဖက်မှုများ အထိပင် ဖြစ်ပေါ်နေ လေသည်။

ဂျာမန် ၀န်ကြီးချုပ် မာကယ်လ် က ဒေသန္တရ ရွေးကောက်ပွဲ များတွင် ထို အကြမ်းဖက်မှု ဂယက်များကြောင့် ရှုံးနိမ့်ခဲ့ရပြီး လူထု ထောက်ခံမှု ကျဆင်းနေသူ ဖြစ်သည်။

အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ပ် က ယဉ်ကျေးလွန်းသည့် လူ့အဖွဲ့အစည်း၏ သဘောထား များသည် အစ္စလာမ်မစ်များ အပေါ်တွင် ပြောင်းလဲသင့် နေပြီဟု ဆိုသောကြောင့် ISIS အမြစ်ဖြတ်ရေး အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာပြန်သည်။ ယခင် ကတည်းက ရုရှားသည် ISIS တို့အား နေ့တိုင်းပင် ဒုံးကျည် ရာနှင့်ချီပြီး ပစ်နေရာက ယခုတော့ ၄င်းတို့ထိုးစစ်ကို နှစ်ဆမြှင့်တင် တော့မည်ဖြစ်သည်။

ဆွစ်ဇာလန်၌ ဇူးရစ် အစ္စလာမ်မစ် စင်တာ တိုက်ခိုက်ခံ ရမှုသည် ဆွစ်ဇာလန် ကဲ့သို့ ငြိမ်းချမ်းသည့် နိုင်ငံအတွက် အကြမ်းဖက် လှုံ့ဆော်မှု တစ်ခုဖြစ်သည်။ ISIS တို့သည် ယခုနောက်ပိုင်းတွင် အကြမ်းဖက်မှုကို ပြုလုပ်နိုင်ရန် လိုအပ်သည့် အထောက် အထား များကို မပေးနိုင် တော့ဘဲ အလွယ်တကူ ရနိုင်သည့် အရာများဖြင့်သာ အကြမ်းဖက်မှုကို ပြုလုပ်ရန် အားပေး လာကြသည်။ ထရပ်ကားဖြင့် လူကြားထဲ ဝင်တိုက်သည့် အကြမ်းဖက်မှုများ ကဲ့သို့ဖြစ်သည်။ ဇူလိုင် ၁၄ ရက်တွင် ပြင်သစ် ကမ်းခြေမြို့ ဖြစ်သော နီးစ်၌ ၁၉ တန် အလေးချိန် ရှိသည့် ထရပ်ကားဖြင့် လူအုပ်ထဲကို ဝင်တိုက် သောကြောင့် လူပေါင်း ၈၄ ဦးခန့် သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ် ကတည်းက အလွယ်တကူ ရနိုင်သည့် ထရပ်ကားဖြင့် အကြမ်းဖက်မှု ကဲ့သို့ဖြစ်စဉ်များ နောက်ဆက်တွဲ ဖြစ်လာနိုင်သည် ဟု လူတိုင်းက စိုးရိမ်ကြသည်။

ယခု ဘာလင် တိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ် ဖြစ်သည်။ ISIS တို့သည် အရှေ့ အလယ်ပိုင်းတွင် ရန်ပုံငွေချို့တဲ့ မှုကို ခံစားနေ ရသောကြောင့် အင်အားချည့်နဲ့ လာသည်။ ယခင်က ၄င်းတို့အဓိက ဝင်ငွေရသည့် ရေနံ လမ်းကြောင်း ကလည်း သိပ်အလုပ် မဖြစ်တော့ပေ။ ရုရှားနှင့် အမေရိကန် တို့က ထို လမ်းကြောင်းများကို ညဘက်တွင်လည်း ဗုံးကြဲ နေသောကြောင့် ဖြစ်သည်။

ယခု ISIS တွင် တိုက်ခိုက်ရန် အတက်ကြွဆုံး ဖြစ်နေသူများမှာ နိုင်ငံခြားသား တိုက်ခိုက်ရေး သမားများ ဖြစ်သည်ဟု အလင်းဝင် လာသော ISIS ဘက်တော်သားဟောင်း များက ပြောသည်။ ၄င်းတို့၏ ရည်မှန်းချက်သည် စစ်တိုက်ရန် တစ်ခုတည်း အတွက်သာ အမိမြေကို စွန့်ခွာလာခဲ့သည့် အတွက် ပြောမရဆုံး ခေါင်းမာသူများ ဖြစ်သည်။ ယခု ISIS တို့အဖွဲ့ထဲတွင် နိုင်ငံခြား တိုက်ခိုက်ရေး သမားပေါင်း ၂ဝဝဝဝ ကျော်ရှိသည်။

ပြီးခဲ့သည့် နှစ်လခန့်က အီရတ်မှ ဆီးရီးယားသို့ ထွက်ပြေးလာသည့် ယာဉ်အစီး ရာနှင့်ချီရှိသည့် ISIS ယာဉ်တန်းကို အမေရိကန်တို့ ဗုံးကြဲစဉ်က နိုင်ငံခြား တိုက်ခိုက်ရေး သမားပေါင်း ရာနှင့်ချီ သေဆုံး ခဲ့ပြီးသည်အထိ ယခုအချိန်တွင် နိုင်ငံခြား တိုက်ခိုက်ရေး သမားပေါင်း ၂ဝဝဝဝ ကျော် ရှိနေသေးသည်။

ယခု ပါကစ္စတန်ဘက်ကို အခြေစိုက်ရန် ISIS တို့ ပစ်မှတ်ထားနေပြီး အရှေ့အာရှ ကိုလည်း အကြမ်းဖက်ရန် မျက်စိကျနေသည်။ အရှေ့အာရှ သည် လုံခြုံရေး အားနည်းချက် များ ရှိနေသကဲ့သို့ သန္ဓေတည် နေသည့် အကြမ်းဖက်မူဝါဒ ကိုင်စွဲထားသူ မူဆလင် များလည်း ရှိနေသောကြောင့် ISIS တို့၏ ပစ်မှတ်ထဲတွင် ထိပ်ဆုံးမှ ပါဝင်လာနိုင်သည် ဟု စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း က သတိပေး ထားသည်။

ISIS တို့၏ အကြမ်းဖက်မှုသည် ပြင်သစ်နိုင်ငံ နီးစ်မြို့၌ တိုက်ခိုက်မှု ပြီးနောက် အနည်းငယ် ငြိမ်သက်နေသည်။ ယခုမှ တစ်နေ့တည်း တစ်ပြိုင်တည်း ပြန်လည်ပေါ်ထွက် လာခြင်းဖြစ်သည်။ ကမ္ဘာ့ မီဒီယာများ အားလုံးလိုလို ကလည်း အကြမ်းဖက်မှု သုံးခုစလုံးကို တစ်ပြိုင်တည်း ခေါင်းကြီးပိုင်းတွင် ဖော်ပြထား ကြသည်။

ISIS တို့လိုချင်သည် မှာလည်း ထိုအရာဖြစ်သည်။ ၄င်းတို့ ထင်ရှားကျော်ကြား နေသေးသည်။ သြဇာ ရှိနေသေးသည်။ ထိုပုံရိပ်များ ဖြင့်ပင် လူသစ် စုဆောင်းရန် အကောင်းဆုံး ဆွယ်တရားများ ဖြစ်သည်ဟု ISIS တို့က လက်ခံ ထားခြင်းဖြစ်သည်။ ၄င်းတို့ ထင်သလိုလည်း ထိုနည်းလမ်းက အောင်မြင်ခဲ့သည်။ ပြည်ပရှိ အခြားနိုင်ငံမှ လူများကိုပင် ယခုအချိန်ထိ ISIS တို့ လူသစ်ထပ်မံ စုဆောင်းနိုင်တုန်း ဖြစ်သည်။

ထိုအထဲတွင် ကြားထဲက ကံမကောင်းဖြစ် သွားသော နိုင်ငံများမှာ ရုရှား၊ ဂျာမနီနှင့် ဆွစ်ဇာလန် နိုင်ငံတို့ဖြစ်သည်။ ဂျာမနီအဖြစ် ကလည်း မြွေပွေးကိုမှ ခါးပိုက်ထဲ ထည့်ထားရသည့် အဖြစ်ကြုံ နေရသည်။ အခြား နောက်ထပ် ပြောင်းရွှေ့ ဝင်ရောက်လာသည့် ဒုက္ခသည်များ အထဲမှ မည်သူက စစ်သွေးကြွ ဆိုသည်ကိုလည်း မသိ။ အကုန်လုံးကို စစ်ဆေးရလျှင်လည်း အယောက် တစ်သန်းလုံးကို စစ်ဆေးရမည် ဖြစ်သည်။ ထို့ကြောင့် ဂျာမနီ၌ ရွှေ့ပြောင်း ဒုက္ခသည် ဟုဆိုလျှင် နှာခေါင်းရှုံ့ ချင်လာသည့် အဖြစ်က အထူးအဆန်း မဟုတ်တော့ပေ။

အကြမ်းဖက်မှု အခံရဆုံးနှင့် လူသေမှု အများဆုံး ဖြစ်သည့် ပြင်သစ်က အရေးပေါ် ကာလကို ယခုအချိန်ထိ သတ်မှတ်ပေး ထားပြီး လုံခြုံရေး အပြည့် ပေးထားသည်။ ထို့ကြောင့် ယခုအချိန်ထိ အကြမ်းဖက် မှုသည် အနောက် ကမ္ဘာခြမ်း၌ အသက်ဝင် နေသေးသည်ဟု ဆိုနိုင်ပြီး ဒီဇင်ဘာ ၂ဝ ရက်သည် သမိုင်းဝင်နေ့ရက် တစ်ရက်ဖြစ် သွားရပြီ ဖြစ်ကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger