www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 6, 2016

အလက်ပိုမြို့ ကို သူပုန်တို့လက်မှ သိမ်းပိုက်နိုင်တော့မည့် ဆီးရီးယားအစိုးရ



Russia renews heavy bombing of Aleppo

( ရှိန်းထက် )

ဆီးရီးယား၏ အကြီးဆုံးမြို့မှာ အလက်ပို ဖြစ်သည်။ အလက်ပို သည် နိုင်ငံ၏ စီးပွားရေးမဏ္ဍိုင်ကြီး တစ်ခု ဖြစ်သကဲ့သို့ စက်မှုဖွံ့ဖြိုး တိုးတက်မှု အားကောင်း သောကြောင့် ဆီးရီးယားဟု ဆိုလျှင် အတိုးတက်ဆုံး ဖြစ်သော အလက်ပိုမြို့ကို ပြေးမြင်ကြမည် ဖြစ်သည်။

သို့သော် ယခု အတိုးတက်ဆုံး နေရာကပင် အာဆတ်ကို ဖြုတ်ချမည့် သူပုန်များအား မွေးထုတ်ပေးခဲ့ပြီး ၂ဝ၁၂ ခုနှစ်သည် ဆီးရီးယား တော်လှန်ရေး စတင်သည့်နှစ်ဟု ဆိုရမည် ဖြစ်သည်။ အစိုးရနှင့် သူပုန်တို့ စစ်ပွဲများ ဆင်နွှဲကြသည်။ သူပုန်တို့ကို အမေရိကန် ဦးဆောင်သော အနောက်အုပ်စုက ကျောထောက်နောက်ခံ ပေးထားပြီး အာဆတ် အစိုးရကို အနောက်အုပ်စုနှင့် ဥရောပတို့၏ ရန်သူတော်ကြီး ရုရှားက ပံ့ပိုးပေးသည်။

ရုရှားသာ မဝင်လျှင် ယခုအချိန်တွင် အမေရိကန်တို့ ကျောထောက် နောက်ခံ ပေးထားသော ဆီးရီးယားသူပုန် တို့ တော်လှန်ရေးကြီး အောင်မြင်နေပြီ ဖြစ်သည်။ လက်တွေ့တွင် ရုရှားကြောင့် ဆီးရီးယား ပြည်တွင်းစစ် တစ်ဆစ်ချိုး ပြောင်းလဲသွား ခဲ့ရသည်။ သူပုန်တို့သည် အလက်ပိုကို သိမ်းပိုက်ပြီး ထိုမှတစ်ဆင့် အာဆတ်၏ သမ္မတနန်းတော် အထိ သိမ်းပိုက်ရန် ဗျူဟာများ ခင်းထားပြီးကာမှ ရုရှားကြောင့် သူတို့ ရည်ရွယ်ချက် ပျက်စီးသွား ရသည် သာမက စစ်ရေးမှာ အခြေမလှ ဖြစ်နေရသည်။

သူပုန်တို့ အလက်ပိုကို ထိန်းချုပ်မှု ၆ဝ ရာခိုင်နှုန်းလောက် ဆုံးရှုံးလိုက်ရပြီး အစားအစာ ပံ့ပိုးမှု၊ လက်နက်ပံ့ပိုးမှု အားအနည်းဆုံး အနေအထားတွင် ရောက်ရှိနေသည်။ သူပုန် တို့အတွက် အထိနာဆုံး ထိုးစစ်သည် ရုရှားတို့၏ လေကြောင်းထိုးစစ် ဖြစ်သည်။ ရုရှားလေကြောင်း ထိုးစစ်ပြုလျှင် အနည်းဆုံး သူပုန်တို့ လူအင်အား ဆယ်နှင့်ချီ၍ ဆုံးရှုံးရသည်။ ထိုကြားထဲ နှစ်ဖက်မြေပြင် တိုက်ပွဲများတွင် ရေထောက်ပံ့ ပေးရေး ပိုက်လိုင်းများကို နှစ်ဖက်စလုံးက ဖြတ်တောက် ခြင်းဖြင့် လက်နက် တစ်ခုသဖွယ် အသုံးပြုကြသော အခါ အလက်ပို ပြည်သူများ သာမက ထိုနေရာ၌ အခြေချ နေထိုင်သော သူပုန်တို့ အတွက်ပါ အထိနာလှသည်။

ယခု အလက်ပိုတွင် ပိတ်မိနေသူ ပြည်သူ သိန်းနှင့် ချီရှိသည်။ ထိုအထဲမှ ပြည်သူ သောင်းနှင့်ချီ၍ အစာပြတ်လပ်မှု များဖြင့် တွေ့ကြုံ နေရသည်။ ကုလသမဂ္ဂ ရိက္ခာပံ့ပိုးရေး ယာဉ်တန်း လေကြောင်း တိုက်ခိုက်ခံရမှု နှင့် ရုရှားရိက္ခာ ပံ့ပိုးရေးရဟတ်ယာဉ် တိုက်ခိုက်ခံရပြီး ကတည်းက အလက်ပို ပြည်သူများဆီသို့ ရိက္ခာ ထောက်ပံ့ရေးများ မရောက်သည်မှာ ယခုအချိန်ထိ ဖြစ်သည်။ ရုရှားတို့၏ လေကြောင်း တိုက်ခိုက်မှု များက ဆေးရုံများလည်း မရှောင်၊ ပြည်သူလည်း မရှောင် သဖြင့် ယခု အလက်ပို တွင်ရှိသည့် ဆေးရုံတိုင်းသည် ရုရှားတို့၏ လေကြောင်း တိုက်ခိုက်မှု ခံရသည့် အပြိုအပျက် ဆေးရုံများသာ ဖြစ်သည်။ ဆေးဝါးများ ကလည်း လုံလောက်မှုမရှိ။ ဒီဇင်ဘာ ၂ ရက်က ရုရှားတို့က လေကြောင်း ထိုးစစ်ဆင်မှု များကို ထပ်မံပြုလုပ် ဦးမည်ဟု ဆိုပြန်သည်။

ကုလသမဂ္ဂ ကတော့ အလက်ပို တိုက်ခိုက်မှု များသည် ကမ္ဘာ့အကြီးမားဆုံး လူသတ်ဖြတ်မှု ကြီးဖြစ်ပွားရာ သင်္ချိုင်းကြီး တစ်ခုဖြစ်တော့ မည်ဟု သတိပေးထား သော်လည်း ရုရှားကတော့ ကုလသမဂ္ဂ၏ သတိပေးမှုကို သာမက နိုင်ငံတကာ၏ ဝေဖန်မှုများကို ဂရုစိုက်သူ မဟုတ်ပေ။ နိုင်ငံတကာ တရားရုံး ICC ကိုပင် အမေရိကန်တို့ ထိန်းချုပ်မှုကို ခံထားရသည့် တရားရုံးဟုဆိုပြီး အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုကို ပယ်ဖျက် တော့မည်ဟု ဆိုခဲ့သူ ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာနှင့် ကုလသမဂ္ဂ တို့၏ ဖိအားပေးမှုသည် ရုရှားအတွက် အသုံးမဝင်ခဲ့ပေ။ ယခု ဆီးရီးယား သည် ရုရှား၏ ထိန်းချုပ်မှု အောက်ကို မကြာမီ ရောက်ရှိ လာတော့မည် ဖြစ်သည်။ အလက်ပိုကိုသာ အာဆတ် အစိုးရတပ်များ သိမ်းပိုက်နိုင်လျှင် ပြည်တွင်းစစ်တွင် သူပုန်တို့ကို ၇ဝ ရာခိုင်နှုန်းခန့် နိုင်ပြီဟု ဆိုနိုင်သည်။ သူပုန်တို့ အတွက် ယခုအဓိက လိုအပ်နေသည့် အရာမှာ ရိက္ခာနှင့် စစ်လက်နက် ပစ္စည်း ထောက်ပံ့မှု ဖြစ်သည်။

အီရတ်၌ မိုဆူး ကို သိမ်းပိုက်စဉ် တုန်းက ရရှိခဲ့သည့် ISIS စစ်သွေးကြွ တို့ဆီက လက်နက်များသည် ဆီးရီးယားသူပုန် များကို အနောက်အုပ်စုက ထောက်ပံ့ပေး ထားသော စစ်လက်နက် ပစ္စည်းများဖြစ်သည်။ ထိုလက်နက် များသည် ဥရောပနိုင်ငံထုတ် များဖြစ်သည်။ ထို့ကြောင့် သူပုန်တို့ကို ထောက်ပံ့ပေး ထားသော လက်နက်များက ISIS တို့ဆီ မည်သို့ရောက်ခဲ့ သလဲ အမေရိကန်တို့ အဖြေရှာခဲ့ ရသည်။ သူတို့က ဆီးရီးယား အစိုးရကို တိုက်ရန် သင်တန်းများ ပေးသည်။ လက်နက်များ ပံ့ပိုးပေးသည်။ ထိုသူများက ဆီးရီးယား အစိုးရကို တိုက်ဖို့ထက် ISIS အဖြစ် အသွင်ပြောင်းသွား ခဲ့ကြသည်။ ယခုအချိန်ထိ ဆီးရီးယား တွင် အမေရိကန်တို့ ကိုယ်တိုင်ပင် မည်သူက ISIS၊ မည်သူက သူတို့ ထောက်ပံ့ပေး ထားသော သူပုန်ဟု သေချာစွာ မခွဲခြားနိုင်သေးပေ။ ထို့ကြောင့် ထောက်ပံ့မှုများက ISIS တို့ဆီသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူပုန်တို့ကိုယ်တိုင် ကပင် ISIS တို့နှင့် အလိုတူ အလိုပါ ဖြစ်နေခဲ့ခြင်းက ပို၍ပင်ဆိုး နေသေးသည်။

ယခုတော့ သူပုန်များအား အမေရိကန် တို့၏ ထောက်ပံ့မှု များသည် ကန့်သတ်ချက် များစွာရှိသွားပြီ ဖြစ်သည်။ အာဆတ်အစိုးရ ကတော့ လက်နက်လိုသမျှ ရုရှားဆီက ရနေသည်။ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း လိုတရ ဖြစ်နေသည်။ ထို့ပြင် ရုရှားတို့၏ စစ်မြေပြင်သုံး စက်ရုပ်များက ဆီးရီးယား စစ်မြေပြင်၌ လက်တွေ့ တိုက်ပွဲဝင် ခဲ့ကြသေးသည်။ သူပုန် ဆယ်နှင့်ချီပင် သုတ်သင်နိုင် ပြီး ရုရှားတို့အတွက် Autorobot လောကတွင် အောင်မြင်မှုတစ်ခု စိုက်ထူနိုင်ခဲ့သည်။ ယခု သူပုန်တို့အတွက် သတင်းဆိုး တစ်ပုဒ်က နောက်တက်လာမည့် အမေရိကန် သမ္မတသစ် ထရမ့်ပ် ဖြစ်လာသည့် သတင်းဖြစ်သည်။ ထရမ့်ပ်က ရုရှားလိုလားသူ ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ဆီးရီးယားတွင် သူပုန်တို့ကို သူဆက်လက် ထောက်ပံ့ပေးနေလျှင် အမေရိကန်နှင့် ရုရှားစစ်ပွဲ ကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။ ထရမ့်ပ်က လုံးဝထောက်ပံ့ ပေးလိမ့်မည် မဟုတ်ပေ။

ယခင်ကမှ အကူအညီနည်း နေသောသူပုန်တို့ အနေဖြင့် ထရမ့်ပ် တက်လာလျှင် အကူအညီ မဲ့ရတော့မည်။ ဥရောပ ကလည်း ထင်သလောက် သူတို့ကို အထောက်အပံ့ ပေးနိုင်လိမ့်မည် မဟုတ်။ ယခုပင် သူတို့ထိန်းချုပ် ထားသည့် အလက်ပို ၏ပိုင်နက် ၅ဝ ရာခိုင်နှုန်းကျော်ကို ပေးလိုက်ရပြီ ဖြစ်သည်။ သူပုန်တို့ ကြာရှည်စွာ သက်ဆိုးရှည်နိုင်ရန် အခွင့်အရေး နည်းသွားပြီ ဖြစ်သည်။ ထို့ကြောင့် မကြာမီ ဆီးရီးယားသည် ရုရှားလက်ထဲသို့ ရောက်ရှိ လာတော့မည်။ ထရမ့်ပ်က ရုရှားနှင့် မိတ်ဖက်ဖြစ်ချင် နေသောကြောင့် ရုရှားလုပ်သမျှကို ဆီးရီးယားတွင် ထိပ်တိုက်ရင်ဆိုင် လိမ့်မည် မဟုတ်ပေ။

ထို့ပြင် ရုရှားနှင့် ပေါင်းလိုက်လျှင် ISIS စစ်သွေးကြွ ချေမှုန်းရေးမှာ ဆီးရီးယားတွင် မြန်မြန် အကောင်အထည် ပေါ်လာနိုင်သည် ဟုလည်း သူက ဆိုထားသူ ဖြစ်သည်။ ထို့ကြောင့် အာဆတ် အစိုးရတပ်တို့ အလက်ပိုကို မကြာမီမှာပင် သိမ်းပိုက်နိုင်ရန် ပိုမိုသေချာသွားပြီး သူပုန်တို့ အတွက် နေဝင်ချိန် နီးကပ်လာနေပြီ ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger