www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 21, 2016

ကမ္ဘာကျော် ဥမှင်လှိုဏ်ခေါင်းများ


 

လူသားဗိသုကာ ပညာနဲ့  သဘာဝ အတားအဆီး တွေကို မရ၊ ရတဲ့နည်းနဲ့  ဖြတ်သန်းကျော်လွှား ကြပုံဟာ အားရစရာပဲ ဆိုတာကို ကမ္ဘာကျော် ဥမှင်လှိုဏ်ခေါင်း ကြီးတွေက သက်သေပြ နေပါတယ်။ ဥပမာ ၂၀၁၆ ဇွန် ၁ ရက်က စတင် ဖွင့်လှစ်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံ၊ အဲလ်ပ်စ် တောင်တန်း ဥမှင်လှိုဏ်ခေါင်း ဟာဆိုရင် ကမ္ဘာ့ အရှည်ဆုံးနဲ့ အနက်ဆုံး ဥမှင် အဖြစ် စံချိန်တင်ခဲ့ ပါတယ်။ အဲဒါ Gotthard Base Tunnel အဲလ်ပ်စ်တောင်တန်း ကိုဖြတ်ပြီး အရှည် (၅၇) ကီလိုမီတာ ရှိတဲ့ ဥမှင်ကြီး ဖြစ်ပါတယ်။ 

ဆွစ်ဇာလန်နိုင်ငံ အတွက်တော့ (၂၁) ရာစုမှာ အထူးခြားဆုံး တည်ဆောက်မှု ဖြစ်ခဲ့ပါတယ်။ ဒီဥမှင်ကြီးကို အချိန် ၁၇ နှစ်ကြာ တည်ဆောင်ခဲ့ ရပြီး ကုန်ကျမှု အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ဖြစ်ပါတယ်။ ဒီဥမှင်ကြီးရဲ့ ဖွင့်ပွဲကို ဂျာမန်နိုင်ငံရဲ့ အဓိပဓိ အိန်ဂျယ်လာ မာကယ် နဲ့  ပြင်သစ် သမ္မတ ဖရန်ကိုဟော်လန် တို့ အပါအ၀င် ဥရောပနိုင်ငံ အတော် များများရဲ့  နိုင်ငံ အကြီးအကဲတွေ တက်ရောက်ချီးမြှင့် ခဲ့ကြပါတယ်။ အနက်ပေ (၇၅၄၇) ကနေ တူးထားတဲ့ ဒီဥမှင်ကြီးဟာ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့  အီတလီ နိုင်ငံတို့ ကိုဖြတ်သန်း သွားပြီး လမ်းပေါ် မောင်းချိန်ထက် အချိန် (၁) နာရီ သက်သာစေမှာ ဖြစ်ပါတယ်။ (၅၇) ကီလိုမီတာ အကွာအဝေးကို တစ်နာရီ ၁၅၅ မိုင်နှုန်း မောင်းတဲ့ ရထားတွေက မိနစ် (၂၀) နဲ့  ဖြတ်နိုင်ကြ ပါတယ်။ ဒီဇင်ဘာ (၁၁) မှာ ဒီ Gotthard Base Tunnel ကို ခရီးသည်တင် ရထားတွေ ပထမဆုံး စတင်ခုတ်မောင်း ခဲ့ပါတယ်။ ဒီဥမှင်ကြီးကို တည်ဆောက်တဲ့ အခါ ကြေးနီ ကေဘယ်ကြိုး ကြီးတွေ အရှည် ၃၂၀၀ ကီလိုမီတာ အထိ အသုံးပြုခဲ့ ပါတယ်။ 

နောက်တစ်ခုက Channel Tunnel ပါ။ UK နဲ့  ဥရောပတိုက်ငယ် ကို ဆက်သွယ်ပေး ထားတဲ့ ဒီဥမှင်လှိုဏ်ခေါင်း ဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံး ပင်လယ်ရေအောက် ဥမှင်လှိုဏ်ခေါင်း ဖြစ်ပါတယ်။ ပင်လယ်ရေအောက် အပိုင်းကိုက ၂၃ ဒသမ ၅ မိုင် ရှိပါတယ်။ တစ်ကယ်တော့ ပြင်သစ် အင်ဂျင်နီယာ Albert Mathieu ဆိုသူဟာ ၁၈၀၂ ခုနှစ် ကတည်းက အင်္ဂလိပ် ရေလက်ကြား ကိုဖြတ်ပြီး ရေအောက်ဥမှင် လှိုဏ်ခေါင်း တည်ဆောက်ဖို့  အဆိုတင်သွင်း ခဲ့ပါတယ်။ သူ့ ရဲ့ အဆိုထဲမှာ ရေလက်ကြား အလယ်လောက်မှာ ကျွန်းအတု ဖန်တီး တည်ဆောက်ပြီး ရထားတွေကို ပြုပြင်ဖို့ လိုအပ်လာရင် မြင်းဆွဲ လှည်းတွေနဲ့  သွားရောက်နိုင်ဖို့  ပါရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက မဆောက်ဖြစ်ခဲ့ဘဲ ၁၉၈၈ မှာမှ စတင်တည် ဆောက်နိုင်ခဲ့ပြီး ၁၉၉၄ မှာ ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ အရှည် (၃၁) မိုင်ရှိတဲ့ ဒီဥမှင် လှိုဏ်ခေါင်းကြီးကို အင်္ဂလိပ်နဲ့  ပြင်သစ် တို့ က တစ်ပိုင်းစီ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ 

နော်ဝေနိုင်ငံ က Laerdal Tunnel ဥမှင်လှိုဏ်ခေါင်း ကြီးလည်း ကမ္ဘာကျော်ပါပဲ။ နော်ဝေနိုင်ငံ အနောက်ပိုင်းမှာ ရှိပြီး ကမ္ဘာ့အရှည်ဆုံး ကားလမ်းသုံး ဥမှင်လှိုဏ်ခေါင်းကြီး ဖြစ်ပါတယ်။ ဒီဥမှင်ကြီးရဲ့ အရှည်က ၁၅ ဒသမ ၂ မိုင် ရှိပြီး အမေရိကန် ဒေါ်လာ ၁၅၃ သန်း အကုန်အကျခံပြီး တည်ဆောက်ခဲ့ တာပါ။ ရှည်လွန်းတဲ့ အတွက် အလုံပိတ်ခြင်းကို ကြောက်သူ တွေ အထိတ်တလန့် မဖြစ်အောင်၊ မူးဝေတတ်သူတွေ မူးဝေခြင်း မဖြစ်အောင် အင်ဂျင်နီယာ များက ပညာအမျိုးမျိုး သုံးခဲ့ရပါတယ်။ လူသား အမှုအကျင့် သိပ္ပံနဲ့  ယာဉ်မောင်း စိတ်ပညာ နှစ်ရပ်ကို ပေါင်းစပ် တွက်ချက်ပြီး အဲဒီဥမှင် လှိုဏ်ခေါင်းကြီးထဲမှာ ယာဉ်မောင်းတွေနဲ့  ယာဉ်ပေါ် လိုက်ပါလာသူ တွေကို တစ်စုံတစ်ရာ မထိခိုက်စေဖို့  ကြိုးစား ခဲ့ကြပါတယ်။ အဲဒီကြိုးစားမှုရဲ့ ရလဒ်ကတော့ ၆ ကီလိုမီတာ ပြည့်တိုင်း ရောင်စုံမီးတွေ ထွန်းညှိထားပြီး ထူးထူးဆန်းဆန်း လေးတွေ လုပ်ထားတဲ့ လှိုဏ်ဂူတွေ ထပ်မံထွက်ပေါ် လာခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အလုံပိတ်နေရာ မဟုတ်ပါလား ဆိုပြီး လူရဲ့ စိတ်ကို ပြန်လည်လှည့်စား ထားတာ ဖြစ်ပါတယ်။ ဥမှင်လှိုဏ်ဂူကြီး ကို တစ်ဆက်တည်း မဖောက်ဘဲ အပိုင်း ပိုင်း ခွဲလိုက်ပါတယ်။ ၆ ကီလိုမီတာ ပြည့်တိုင်း လှိုဏ်ခေါင်းငယ်တွေ ထပ်ရှိပြီး အဲဒီမှာ ကားကိုရပ်နားလို့  ရပါတယ်။ မင်္ဂလာတောင် ဆောင်လို့ ရပါတယ်။ ဆောင်လည်း ဆောင်ကြပါတယ်။ 

ဂျပန်နိုင်ငံရဲ့  Aqua Line ဥမှင်ကြီး ကိုလည်း ချန်ထားလို့ မရပါဘူး။ ကြည့်လိုက်ရင် တံတားကြီးနဲ့ တူပါတယ်။ ကုန်းပေါ်မှာ အရှည် ၄ ဒသမ ၄ ကီလိုမီတာ၊ ရေအောက်မှာ အရှည် ၉ ဒသမ ၆ ကီလိုမီတာ ဖြစ်ပါတယ်။ Aqua Line ဟာ တိုကျို ပင်လယ်အော်ကို ဖြတ်သန်းပြီး ကာဝါစာကီ နဲ့  ကီဆာရာဇူ မြို့ တို့ ကို ဆက်သွယ်ပေး ပါတယ်။ ဥမှင်မရှိခင်က ဒီမြို့  နှစ်မြို့ ကို အချိန် မိနစ် ၉၀ ကြာအောင် မောင်းခဲ့ရပေမယ့် ရထားတွေက အခုဆိုရင် ၁၅ မိနစ်ထဲနဲ့  အရောက်ပို့ ဆောင် နိုင်ကြပါပြီ။ 

အဲဒါတွေ ပြီးရင်တော့ အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒို ပြည်နယ်က Eisenhower Tunnel ပေါ့။ သူ့ ကိုတော့ ကမ္ဘာ့အမြင့်ဆုံး ဥမှင်လို့ ပြောရပါလိမ့်မယ်။ ပင်လယ် ရေမျက်နှာပြင် အထက် အမြင့်ပေ ၁၁၁၅၈ ပေ မှာ ရှိပြီး အရှည် ၁ ဒသမ ၇ မိုင် ဖြစ်ပါတယ်။ နော်ဝေနိုင်ငံ၊ Drammen မြို့ က Piralen Tunnel ဥမှင် ကလည်း ၅၄၁၃ ပေ ရှည်ပါတယ်။ တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်ခွဲက Guoliang Tunnel ကလည်း ထူခြားပါတယ်။ ၁၉၇၂ မှာ ရွာသား ၁၃ ယောက်က စတူးတာပါ။ ဥမှင်တူးနေစဉ် ကာလမှာ ၃ ဦး သေဆုံးခဲ့ပေမယ့် အရှည် ၁ ဒသမ ၂ ကီလိုမီတာ ဥမှင်ကို ပြီးအောင် ဖောက်လုပ်နိုင်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင် လာခဲ့ ပါတယ်။ 

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူက Smart ဥမှင်လှိုဏ်ခေါင်း ကတော့ ထူးခြားပါတယ်။ ရေကြီးရင် ရေနုတ်မြောင်း၊ ရေပြန်ကျသွားရင် ကားလမ်းကြောင်း ဖြစ်ပါတယ်။ ကွာလာလမ်ပူကို ရေမမြုပ်အောင် အဲဒီဥမှင်ကြီးနဲလုပ်ထားတာပါ။ အရှည် ၆ ဒသမ ၀၂ မိုင် ရှိပါတယ်။ ကမ္ဘာပေါ်က ထူးခြားတဲ့ ဥမှင်လှိုဏ်ခေါင်းတွေ အကြောင်း လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger