www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 8, 2016

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသသို့ အင်အားသုံး တိုက်ခိုက်လာသည့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအား တပ်မတော်က တန်ပြန် တိုက်ခိုက်ချေမှုန်း


အကြမ်းဖက်သောင်းကျန်းသူများ က လမ်း ၊ တံတားများ ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်ခဲ့သည့် နေရာပြပုံ

KIA အကြမ်းဖက် သောင်းကျန်းသူများ ၀င်လာသည့် နေရာပြပုံ

စစ်ကူစစ်ကြောင်းများအား ပိတ်ဆို့တိုက်ခိုက် ခဲ့သည့်နေရာပြပုံ


နေပြည်တော် ၊ ၈-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မူဆယ်ခရိုင်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ ဟေမိုးလုံ နယ်မြေများသို့ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ တတိယပတ် အတွင်း KIA/TNLA/MNDAA နှင့် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ ပူးပေါင်းပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့အဖြစ် အင်အားသုံး၍ ထိုးဖောက်ဝင်ရောက် တိုက်ခိုက် လာမှုအား တပ်မတော်က လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် ခံစစ်ဆင်မှု၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်ဖြင့် တန်ပြန် ထိုးစစ်ဆင်မှု များဖြင့် တပ်မတော်၏ အစဉ်အလာကို ထိန်းသိမ်း၍ အောင်မြင်စွာ တန်ပြန် တိုက်ခိုက်ချေမှုန်း ခဲ့သည်။

မိမိရရှိသည့် သတင်းများအရ အဆိုပါ သောင်းကျန်းသူ အဖွဲ့များမှ ခေါင်းဆောင် တချို့သည် လျှို့ဝှက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်၍ အောက်တိုဘာလမှ စတင်ပြီး အရှေ့မြောက် ဒေသအတွင်း အင်အား စုစည်းမှုများ ပြုလုပ် လာခဲ့သည်။ မြေပြင် သတင်းများ အရ အောက်တိုဘာလ ဒုတိယပတ်တွင် ကချင်ပြည်နယ် လွယ်ဂျောင် စခန်းမှ KIA အင်အား ၂ဝဝ ခန့်သည် ရွှေလီမြစ်အား ဖြတ်ကျော်၍ နမ့်အွန်၊ မုံးပေါ်နယ်မြေသို့ ဝင်ရောက်လာပြီး TNLA သောင်းကျန်းသူ များနှင့်ပူးပေါင်း လှုပ်ရှားမှုများ ပြုလုပ်သည်။ ထို့အတူ MNDAA သောင်းကျန်းသူ အင်အား ၃ဝဝ ခန့်သည်လည်း နိုဝင်ဘာလဆန်း တွင် ဟုံအိုင်နယ်မြေ သို့ဝင်ရောက် လာကြောင်း သတင်းများ ရရှိခဲ့သည်။

အဆိုပါ သတင်းများအရ ယင်း နယ်မြေများတွင် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခဲ့ရာ တိုက်ပွဲများ ထိတွေ့ဖြစ်ပွား ခဲ့သည်။ ထိုသို့တိုက်ပွဲများ ဖြစ်ပွားနေစဉ် ကာလအတွင်း KIA/TNLA/AA သောင်းကျန်းသူများ ပူးပေါင်းအင်အား ၃ဝဝ ခန့်သည် မန်ပြိန်း သို့ လည်းကောင်း၊ MNDAA သောင်းကျန်းသူ အင်အား ၂ဝဝ ခန့်သည် ဟေမိုးလုံ နယ်မြေ သို့လည်းကောင်း ထပ်မံဝင်ရောက် လာသဖြင့် မုံးကိုးဒေသ အတွင်း KIA/TNLA/MNDAA/ AA သောင်းကျန်းသူ ပူးပေါင်းအင်အား ၁ဝဝဝ ခန့်အထိ အရပ်ဝတ်များဖြင့် အရပ်သား အသွင် စုစည်းရောက်ရှိ လာခဲ့သည်။

ထပ်မံရရှိသည့် သတင်းများ အရ အဆိုပါ သောင်းကျန်းသူ အဖွဲ့လေးဖွဲ့ ပူးပေါင်း၍ မြောက်ပိုင်း မဟာမိတ်အဖွဲ့ အဖြစ်ဖွဲ့စည်းပြီး မုံးကိုး၊ ဖောင်းဆိုင်၊ ဟေမိုးလုံ ဒေသများအား စစ်ရေး ရည်မှန်းချက် အဖြစ် သတ်မှတ်၍ ဒေသန္တရ သာလွန် အင်အားဖြင့် တိုက်ခိုက် သိမ်းပိုက်ရန်နှင့် တပ်မတော်မှ စစ်ကူတပ်များ မလာရောက်နိုင် စေရေးအတွက် လားရှိုးနှင့် မူဆယ် အကြား ပြည်ထောင်စု လမ်းမကြီးအား ပိတ်ဆို့ဟန့်တား ဖြတ်တောက် တိုက်ခိုက်မှုများ ပြုလုပ်သွားရန် စီမံဆောင်ရွက် နေကြောင်း သိရှိရသည်။ ယင်း သတင်းများအရ ကွတ်ခိုင်၊ မူဆယ်နယ်မြေ များရှိ တပ်မတော် စစ်ကြောင်း များကို ရန်သူ၏ အဓိကစစ်ရေး ရည်မှန်းချက် ဖြစ်နိုင်သည့် မုံးကိုး၊ ဖောင်းဆိုင် နယ်မြေသို့ တပ်အင်အား ရွှေ့ပြောင်း ဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့သည်။

နိုဝင်ဘာ ၁၉ ရက် ညပိုင်း နိုဝင်ဘာ ၂ဝ ရက်သို့ ကူးပြောင်းစ အချိန်တွင် အချိန်အငိုက် ရယူ၍ ယင်း သောင်းကျန်းသူ အဖွဲ့များသည် တပ်မတော် စခန်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းများ၊ ရဲကင်းများအား သာလွန် အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ခြင်း၊ လားရှိုးနှင့် မူဆယ် အကြား ပြည်ထောင်စု ကားလမ်းမကြီး ပေါ်ရှိ တံတားများအား ဖောက်ခွဲ ဖျက်ဆီးခြင်းများ အပြင် စစ်ရေးပစ်မှတ် မဟုတ်သည့် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ကိုပါ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့သည်။

တိုက်ပွဲဖြစ်စဉ်များ အနေဖြင့် နိုဝင်ဘာ ၂ဝ ရက် နံနက် ၂ နာရီခန့်တွင် မုံးကိုးစခန်းအား သောင်းကျန်းသူ အင်အား ၂ဝဝ ဦးခန့်မှ လည်းကောင်း၊ မန်ကန် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်မှ လည်းကောင်း၊ ဖောင်းဆိုင် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၇ဝ ဦးခန့်မှ လည်းကောင်း၊ မူဆယ်မြို့အဝင် လုံခြုံရေး ရဲကင်းအား သောင်းကျန်းသူ အင်အား ၄ဝ ဦးခန့်မှ လည်းကောင်း တစ်ချိန်တည်း တစ်ပြိုင်တည်း စတင် တိုက်ခိုက်ခဲ့သည်။ ရန်သူစတင် တိုက်ခိုက်သည်နှင့် တပ်စခန်း အသီးသီးမှလည်း စနစ်တကျ ခံစစ် နေရာယူ၍ မိမိထက် သာလွန် အင်အားဖြင့် တိုက်ခိုက်လာသည့် ရန်သူများအား ရွပ်ရွပ်ချွံချွံ တန်ပြန်တိုက်ခိုက် ခဲ့သည်။

ဆက်လက်ပြီး နံနက် ၆ နာရီကျော် ခန့်တွင် ကြူကုတ်(ပန်ဆိုင်း) တပ်စခန်းအား သောင်းကျန်းသူ အင်အား ၅ဝ ခန့်မှ လည်းကောင်း၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် လုံခြုံရေး တပ်စခန်း နှင့် ရဲကင်းအား သောင်းကျန်းသူ အင်အား ၈ဝ ဦးခန့်မှ လည်းကောင်း၊ နမ့်ပေါ်တံတား လုံခြုံရေး တပ်စခန်းနှင့် ရဲကင်းအား သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်မှ လည်းကောင်း တစ်ချိန်တည်း ထပ်မံဝင်ရောက် တိုက်ခိုက် ခဲ့သည်။ အလားတူ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မုံးပေါ် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်မှ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။

ယင်း သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် တပ်စခန်းများ၊ ရဲစခန်း၊ ရဲကင်းများအား တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ချိန်တွင် တပ်မတော် စစ်ကြောင်းများ စစ်ကူ လာရောက်ခြင်း မပြုနိုင်ရန်အတွက် ကွတ်ခိုင်နှင့် မူဆယ်အကြား ပြည်ထောင်စု ကားလမ်းမကြီးရှိ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် ၂ နာရီ ၃ဝ မိနစ်အချိန်တွင် မိုင်တိုင် ၂၅၉ အနီးရှိ ပေ ၂ဝ အရှည်ရှိသော စွန်လုံ ကွန်ကရစ်တံတား အားလည်းကောင်း၊ နံနက် ၇ နာရီ ၅ဝ မိနစ်တွင် မိုင်တိုင် ၂၆၅ အနီးရှိ ပေ ၁ဝဝ အရှည်ရှိသော နမ့်ပေါ် ကွန်ကရစ်တံတား အားလည်းကောင်း၊ နံနက် ၁ဝ နာရီ ၂၅ မိနစ်တွင် သိန်းနီမြို့အဝင် မိုင်တိုင် ၂ဝ၄ အနီးရှိ ပေ ၁၈ဝ အရှည်ရှိသော နမ္မတူ ကွန်ကရစ်တံတား အားလည်းကောင်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှု များလုပ်ဆောင် ခဲ့သည်။

ထိုသို့ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်တွင် မိမိ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံ ခုခံ တိုက်ခိုက်မှု များကြောင့် တိုက်ခိုက် လာသည့် အကြမ်းဖက် သောင်းကျန်းသူ များသည် နံနက် ၂ နာရီ ၅ဝ မိနစ်တွင် နမ့်ပေါ် တပ်စခန်းမှ လည်းကောင်း၊ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကြူကုတ်(ပန်ဆိုင်း) တပ်စခန်းမှ လည်းကောင်း၊ နံနက် ၁ဝ နာရီ ၃ဝ မိနစ်တွင် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် မှလည်းကောင်း၊ ညနေ ၄ နာရီ ၃ဝ မိနစ်ခန့်တွင် မန်ကန် တပ်စခန်းနှင့် ည ၇ နာရီ ၃ဝ မိနစ်တွင် မုံးပေါ် တပ်စခန်း မှလည်းကောင်း အသီးသီး ပြန်လည် ဆုတ်ခွာ သွားကြသည်။

ယင်း အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အဖွဲ့များသည် တပ်မတော်၏ စခန်းနှင့် ရဲစခန်း၊ ရဲကင်းများ သာမက စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်ဘက် နေရာများ ကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ခြင်းကြောင့် အပြစ်မဲ့ ပြည်သူများပါ သေကျေ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ရသည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့ မူဆယ်မြို့အဝင် ရဲကင်းနှင့် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ရဲကင်းအား ပစ်ခတ် တိုက်ခိုက် ရာတွင် လည်းကောင်း၊ နိုဝင်ဘာလ ၂ဝ ရက် နေ့နှင့် ၂၁ ရက်နေ့များတွင် မူဆယ်မြို့မ ရဲစခန်းနှင့် မြို့တွင်းနေရာ များအား ပစ်ခတ် တိုက်ခိုက်ရာတွင် လည်းကောင်း၊ နိုဝင်ဘာလ ၂ဝ ရက်နေ့ တာမိုးညဲ မြို့နယ်ခွဲ အားလည်းကောင်း၊ နိုဝင်ဘာလ ၂ဝ၊ ၂၃၊ ၂၄၊ ၂၅ ရက်များတွင် ကွတ်ခိုင် မြို့တွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် လည်းကောင်း၊ နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ကွတ်ခိုင်မြို့ အထွက် အိုရီယမ်တယ် တိုးဂိတ် အားလည်း ကောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကွတ်ခိုင် မြို့တွင်းသို့ လည်းကောင်း လက်နက်ကြီးများ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု များကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးထိခိုက် ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။ ထို့အပြင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး အား မိုင်းထောင် ဖောက်ခွဲခြင်း၊ လမ်းပေါ်တွင် သွားလာနေသည့် အရပ်ယာဉ်ကြီး များအား ကန့်လန့်ဖြတ် ရပ်၍ လမ်းပိတ်ဆို့ခြင်း၊ ဖြတ်သန်းသွားလာ နေသည့် ယာဉ်များ၊ ယာဉ်မောင်းများကို ပစ်ခတ် သတ်ဖြတ်ခြင်း များကိုပါ လုပ်ဆောင် လာခဲ့ခြင်းကြောင့် နယ်စပ်ဒေသ ကုန်သွယ်ရေး ကိုပါ ထိခိုက်စေပြီး နိုင်ငံနှင့်ပြည်သူ များအတွက် များစွာနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။

ယင်းအကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မုံးကိုး တပ်စခန်းအား အပြီးတိုင် တိုက်ခိုက်သိမ်းပိုက် ၍ မုံးကိုး၊ ဖောင်းဆိုင် နယ်မြေအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မုံးကိုးစခန်းအား ဒေသန္တရ သာလွန်အင်အားဖြင့် အဓိကထား၍ ဆက်လက် တိုက်ခိုက်ခဲ့သည်။ အဆိုပါ အရှေ့မြောက် ဒေသဖြစ်စဉ် တွင် KIA/ TNLA/ MNDAA/ AA အကြမ်းဖက် သောင်းကျန်းသူ များသည် ပူးပေါင်း အင်အားစုဖွဲ့ ရာတွင် တပ်စခန်းများ၊ ရဲစခန်း၊ ရဲကင်းများနှင့် လုံခြုံရေး ကင်းစခန်းများအား တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ရန် တိုက်ခိုက်ရေး အင်အား ၁၅ဝဝ ခန့်၊ တပ်မတော်၏ စစ်ကူတပ်များ မရောက်ရှိစေရန် စစ်ကြောင်းများအား နေရာဖြန့်ခွဲ၍ ပိတ်ဆို့ ဖြတ်တောက်ရေး အတွက် အင်အား ၅ဝဝ ခန့် စုစုပေါင်းအင်အား ၂ဝဝဝ ခန့်ဖြင့် အင်အားသုံး ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အနေဖြင့် အဓိကစစ်ရေး ရည်မှန်းချက် ဖြစ်သည့် မုံးကိုး တပ်စခန်းအား စုစုပေါင်း အင်အား ၁ဝဝဝ ခန့်ဖြင့် ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာ လွန်အင်အားဖြင့် တိုက်ခိုက်လာသည့် ရန်သူများအား မိမိတို့၏ အချုပ်အခြာ အာဏာကို မဆုံးရှုံးစေရန် မုံးကိုးတပ်စခန်း ကျဆုံးမှု မရှိစေရန်အတွက် မုံးကိုးတပ်စခန်းရှိ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ ပူးပေါင်း၍ လှေခွက်ချည်းကျန် အလံမလှဲ သည့် စိတ်ဓာတ်ဖြင့် စွမ်းစွမ်းတမံ ခုခံတိုက်ခိုက် ခဲ့ပြီး လိုအပ်သည့် ပစ်ကူအပြည့်အဝ ရရှိစေရန် အမြောက်ကြီး များအား ယာဉ်ယန္တရားများ၊ ရဟတ်ယာဉ် များဖြင့် နေရာ ရွှေ့ပြောင်း၍ ထိရောက်စွာ ပစ်ခတ်ပေးခြင်း၊ လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် တိကျ ထိရောက်မှု ရှိသည့် လေကြောင်းပစ်ကူ ပေးခြင်းများ စီမံဆောင်ရွက် ပေးခဲ့သည်။ နယ်နိမိတ်ချင်း ထိစပ်နေသည့် အတွက် တစ်ဖက်နိုင်ငံ သို့လည်း ကျည်ကျော်ကျမှု မဖြစ်စေရေး ခက်ခဲစွာ ထိန်းချုပ်တိုက်ခိုက် ခဲ့ရသည်။

ထို့အပြင် စစ်ကူတပ်များနှင့် လိုအပ်သည့် ရိက္ခာ၊ ခဲယမ်း မီးကျောက်များ အချိန်မီ ဖြည့်တင်းရေးတို့ အတွက်လည်း စနစ်တကျ စီမံဆောင်ရွက် ပေးခဲ့သည်။ မုံးကိုး တပ်စခန်းကို ဝိုင်းပတ်တိုက်ခိုက် နေသည့် အကြမ်းဖက် သောင်းကျန်းသူ များသည် မုံးကိုးတပ်စခန်း သို့ တပ်မတော် စစ်ကြောင်းများ စစ်ကူမလာရောက် နိုင်ရန် လမ်းကြောင်း ငါးခုတို့မှ အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားသည်။ မော်တော်ယာဉ်၊ သံချပ်ကာ ယာဉ်များ အဓိက အသုံးပြု ချီတက် လာနိုင်သည့် ၁ဝ၅ မိုင်၊ နမ့်တောင်း၊ ကြူကုတ် (ပန်ဆိုင်း)၊ ကောင်းကွေ့၊ ဟေမိုးလုံ၊ မုံးကိုး လမ်းကြောင်းများတွင် ဘက်ဟိုးယာဉ်များ အသုံးပြု၍ မြေဖြတ်ကျင်း များဖြင့် လမ်းကြောင်းအား ဖျက်ဆီးပိတ်ဆို့ ထားပြီး ကျန်လမ်းကြောင်း များတွင်လည်း အဖွဲ့များခွဲ၍ ရီမုမိုင်းများ အသုံးပြုပြီး လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အဆင့်ဆင့် ပိတ်ဆို့၍ ဟန့်တား တိုက်ခိုက်ခဲ့သည်။

ထိုသို့ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် နိုဝင်ဘာလ ၂၄ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ဒေသန္တရ သာလွန် အင်အားများဖြင့် မုံးကိုး တပ်စခန်းအား အကြိမ်ကြိမ် ကျားထိုး တိုက်ခိုက်၍ သိမ်းပိုက်နိုင်ရန် ကြိုးစားခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက် ချေမှုန်းခြင်းများ လုပ်ဆောင်ခဲ့ သော်လည်း တပ်စခန်း ရန်သူလက် ကျဆုံးမှုမရှိစေရန် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များက မဆုတ်မနစ်သော ဇွဲလုံ့လ၊ ရဲရင့်ပြတ်သားသည့် သတ္တိဗျတ္တိ၊ ခိုင်မာသည့် စိတ်ဓာတ်များဖြင့် ကြံ့ကြံ့ခံခုခံ တိုက်ခိုက်ခဲ့သည်။ ပြင်းထန် ထိရောက်သည့် အမြောက် လက်နက်ကြီးများ၏ ပစ်ကူပစ်အားများ၊ တိကျ မှန်ကန်သည့် လေကြောင်းပစ်ကူ များက လည်း မုံးကိုးစခန်း၏ ခံစစ်ဆင်မှုတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ တစ်ဖက်တွင်လည်း မော်တော်ယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု၍ လျင်မြန်စွာ ပို့ဆောင် ပေးခဲ့သည့် တပ်မတော် စစ်ကူစစ်ကြောင်း များသည် တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ သေအတူ ယှဉ်မကွာ ရဲဘော်ရဲဘက် သံယောဇဉ် စိတ်ဓာတ်များဖြင့် ရန်သူ၏ ပိတ်ဆို့ ဖြတ်တောက်မှုများအား နည်းလမ်း မျိုးစုံဖြင့် ဖြတ်သန်းကျော်လွှား ချီတက်ခဲ့ခြင်း ကြောင့် ဒီဇင်ဘာလ ၄ ရက် ညနေ ၃ နာရီ ၃ဝ မိနစ်တွင် မုံးကိုး တပ်စခန်းသို့ အောင်မြင်စွာ ရောက်ရှိ တပ်ချင်းဆက် နိုင်ခဲ့ပြီး ညနေ ၆ နာရီတွင် မုံးကိုးမြို့အား ထိန်းချုပ်ထားနိုင် ခဲ့သည်။

မိမိ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ၏ နိုင်ငံတော်အတွက် အပင်ပန်းဆင်းရဲခံကာ ကိုယ်ကျိုးစွန့် အနစ်နာခံကာ ရဲရဲဝံ့ဝံ့ခုခံ တိုက်ခိုက်မှု၊ အမြောက် လက်နက်ကြီး များ၏ တိကျသောပစ်ကူများ၊ တပ်မတော်လေ၏ ထိရောက်သော လေကြောင်းပစ်ကူများ၊ သံချပ်ကာတပ်များ၏ လျင်မြန်သည့် ထိုးဖောက် တိုက်ခိုက်မှုများနှင့် အုပ်ချုပ် ထောက်ပံ့မှု ကောင်းမွန်ခြင်း တို့ကြောင့် ရှမ်းပြည်နယ် အရှေ့မြောက် ဒေသကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် အင်အားသုံး ထိုးဖောက်တိုက်ခိုက် လာသည့် KIA/ TNLA/ MNDAA/ AA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့အား တွန်းလှန်ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger